ဒီထူးခြားတဲ့ အချက်တွေကတော့ (၁) အရင် အလွန်မှ ရှားတဲ့ အဆုတ်ရောင်ရောဂါ တစ်မျိုး၊ (၂) အင်မတန်တွေ့ရခဲ့တဲ့ အရေပြား ကင်ဆာတစ်မျိုး (KS) နဲ့ နောက် ထူးခြားချက် တစ်ခုကတော့ လူနာအားလုံးဟာ “ဂေး” တွေဖြစ်နေတာပဲ ဖြစ်တယ်။ ဆရာဝန်တွေ အနေနဲ့တော့ ပထမ အတော် အကြပ်ရိုက်သွား သေးတယ်။ ကြောင်းအင်လည်း မသိတော့ လူနာတွေကို မကူနိုင် ဖြစ်နေတယ်။ ဒီတော့ “ဆစ်ဖလစ်၊ ဂနိုးရီးယား” တို့လို လိင်စပ်ယှက်ရာမှ ဖြစ်တဲ့ရောဂါ (Sexually Transmitted Diesase = STD) အသစ်တစ်ခု ပေါ်နေပြီ ထင်တယ်လို့သာ မှတ်ချက်ချနိုင် ခဲ့တယ်။
၁၉၈၁ မှာတော့ နောက် AIDS လို့ ယာယီ ခေါ်မယ့် ဒီရောဂါကြောင့် လူပေါင်း ၂၄၈ ယောက် အမေရိကန်မှာ သေဆုံးခဲ့ပြီးပြီ။ ၁၉၈၁ အဆုံးမှာတော့ ဇိုင်းယား နိုင်ငံ ကင်ရှာစာ မြို့တော်က ဆရာဝန်တွေကလည်း အထက်ပါ လက္ခဏာနဲ့လာတဲ့ လူနာတွေကို စတွေ့နေပြီ ဖြစ်တယ်။ ဒီရောဂါဟာ အမေရိကန်က ရောဂါနဲ့ တူပါလားဆိုတာကိုလည်း ကင်ဆာဆရာဝန် တစ်ဦးက သတိထားလိုက်မိတယ်။ အာဖရိကတိုက်ရဲ့ အခြားတစ်နေရာမှာလည်း ဘယ်လ်ဂျီယံ ဆရာဝန်တွေက နောက် AIDS လို့ ခေါ်တဲ့ ရောဂါ လက္ခဏာ အချို့ရှိတဲ့ လူနာတွေကို ၁၉၇၀ ခုနှစ် နောက်ပိုင်းမှာထဲက တွေ့ထားရတယ်ဆိုတာ နောက်မှ သိလာရတယ်။
အာဖရိကနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ဇန်ဘီးယားမှာတော့ ကိုယ်ခံခုခံအင်အားကျဆင်းပြီး “KS” လို့ ခေါ်တဲ့ အရေပြား ကင်ဆာတွေဟာ အရင်ကနဲ့ မတူ ထူးခြားစွာ ပြင်းပြင်းထန်ထန် ဖြစ်လာတဲ့ လူနာတွေ သိသိသာသာ များလာတယ်ဆိုတာ သတိပြုမိကြတယ်။ Caribbean လို့ ခေါ်တဲ့ အရှေ့အိန္ဒိယ ကျွန်းစုမှာ ပါတဲ့ “ဟေတီ” ကျွန်းမှာတော့ “KS” အရေပြား ကင်ဆာတွေလည်း ဖြစ်လာကြပြီးတော့ ဒီလူနာတွေမျာ ရောဂါပိုး အမျိုးမျိုး ခဏခဏ ဝင်နေတဲ့ ဖြစ်ရပ်ကို ၁၉၇၈-၇၉ မှာ စတွေ့နေတယ်ဆိုတာကို နောက်ကြောင်းပြန်စစ်ကြတော့ သိရတယ်။
၁၉၈၀-၈၁ မှာတော့ အမေရိကန်မှာ နယူးယောက်မြို့နဲ့ မိုင်ယာမီမြို့မှာ ရှိကြတဲ့ ဟေတီကျွန်းမှ “ဒုက္ခသည်” တွေထဲမှ ခုခံအား ကျဆင်းမှု (immune deficiency) လူနာတွေ တွေ့ခဲ့ရတယ်။ ၁၉၈၂ မှာ ဒီလို လူနာပေါင်း ၃၄ ဦး ရှိနေပြီ၊ ၁၉၈၂ ခုနှစ်မှာပဲ ဟေတီကျွန်းပေါ်က ဆရဝန်တွေက ဒီလို လူနာမျိုး ၆၁ ဦး တွေ့ထားပြန်တယ်။ ဒီအချိန်လောက်မှာပဲ AIDS ရောဂါဟာ ဥရောပကို ပြန့်နေပြီ ဖြစ်တယ်။
အမေရိကန်မှာတော့ AIDS ဟာ “ဂေး” ရောဂါ သတ်သတ်မှတ်မှတ်လု့ ယူဆလို့ မရတော့ဘူးဆိုတဲ့ အခြေကို ဆိုက်စပြုပြီ။ ၁၉၈၀ ခုနှစ် နောက်ဆုံးပိုင်းလောက်ကတည်းက အမေရိကန်ရှိ အတ္တလန်တာမြို့က (Centre for Disease Control=CDC) “ရောဂါထိန်းချုပ် ကာကွယ်ရေး ဗဟိုဌာန” က သတိပြုမိလိုက်တာက ဒီလို လက္ခဏာတွေဟာ မူးယစ်ဆေးဝါး “ထိုး” သူ (သွေးကြောထဲ အပ်နဲ့ ဆေးထိုးပြီး သွင်းသူ၊ စားသူမဟုတ်) တွေမှာလည်း တွေ့နေရတယ် ဆိုတဲ့ အချက်ပဲ။ နောက် တစ်ဆက်တည်း တွေ့ရတာကတော့ သွေးသွင်းခြင်းကြောင့်လည်း AIDS ရနိုင်တယ်ဆိုတာပဲ ဖြစ်တယ်။
၁၉၈၃ ခုနှစ် ဇွန်လထဲမှာတော့ “လောရိန်းဒီဆန်တစ်(စ)” ဆိုတဲ့ အမျိုးသမီးကြီး တစ်ဦးဟာ သွေးသွင်းခြင်းကြောင့် AIDS ရောဂါ ရသွားတယ်လို့ အတိအလင်း သတ်မှတ် အတည်ပြုလိုက်တယ်။ သူကတော့ ၁၉၈၁ ခုနှစ် နှလုံးခွဲစိတ် ကုသမှု ခံယူစဉ်က သွေးသွင်းခဲ့လို့ AIDS ရောဂါ ဝင်ခဲ့တာ။ ၁၉၈၃ ခုနှစ်မှ ရောဂါဖြစ်လာလို့ AIDS ဖြစ်နေမှန်း သိရတာ။ ၁၉၈၂ ခုနှစ်တုန်းကတော့ မြောက်ကာလီဖိုးနီးယား သွေးဘဏတ်မှ ရတဲ့ သွေးကိုသွင်းခဲ့လို့ AIDS လက္ခဏာတွေ ပေါ်လာတဲ့သူလည်း တွေ့ခဲ့ရသေးတယ်။ ဒါပေမယ့် အဲဒီတုန်းက ရောဂါအမည် မတပ်တတ်သေးလို့ AIDS လို့တော့ အတိအကျ မခေါ်ခဲ့နိုင်ဘူး။ အဲဒါတွေ သိလာရပြီး နောက်တော့ သွေးသွင်းလို့ ရောဂါရတယ်ဆိုတာ သိလာကြတာပဲ။ ဒီနောက်မှာလည်း သွေးသွင်းလို့ AIDS ရတဲ့ လူနာတွေဟာ ဆင့်ကဲဆင့်ကဲ ပေါ်လာတော့ လူနာဦးရေ တက်သွားခဲ့တယ်။
AIDS ရောဂါ လက္ခဏာတွေက AIDS ပိုးဝင်ပြီး နှစ်အတော်ရမှ ပေါ်လာတတ်တာဆိုတော့ ၁၉၈၃ ခုနှစ် ဝန်းကျင်လောက်မှ “သွေးသွင်း AIDS” တွေ များများစားစား တွေ့ရတော့တာပေါ့။ အမေရိကန်မှာ သွေးသွင်းလို့ AIDS ရတဲ့ လူနာတွေ အနက် ၁၀၀ မြောက် လူနာကတော့ တင်ပါးဆုံရိုး အတုထည့်ခြင်း ခံရတဲ့ အသက် ၇၁ နှစ်ရှိ အမျိုးသမီးကြီး ဖြစ်တယ်။ ခွဲစိတ်စဉ် ပထမသွေး ၂ ပုလင်း သွင်းခဲ့ရတယ်။ တတိယ ပုလင်းက သိပ်အလိုကြီးတော့ မဟုတ်ဘူး။ ကြိုတင် အကာအကွယ်အနေနဲ့ သွင်းတာပါလို့ ပြောတယ်။
အဲဒီ တတိယ ပုလင်းက သွေးကို လှူသူကတော့ “သွေးလှူရှင်ပုံစံ” ကို ကောင်းကောင်း ဖြည့်မထားတဲ့ လူငယ်ကလေး တစ်ဦး ဖြစ်တယ်။ အဲဒီ ပုလင်းထဲက AIDS ရောဂါပိုး ပါလာတာပါပဲ။ အမျိုးသမီးကြီးရဲ့ မိသားစုကပြောတယ် “အမေဟာ သန့်ရှင်းမှုကို သိပ်ကြိုက်ပြီး ရောဂါပိုး ဝင်မှာ (infection) ကိုလည်း အင်မတန်ကြောက်လို့ အကာအကွယ် အမြဲယူလေ့ ရှိတယ်။ ခွဲပြီးနောက်ပိုင်း သွေးဖျော့နေလို့ နောက်ထပ် သွေးသွင်း ရမယ်ဆိုတော့ ဘယ်လိုမှ အသွင်းမခံဘူး။ သူရဲ့ ကြမ္မာကို ဖန်တီးစေမယ့် သွေးသွင်းစဉ်ကတော့ သူဟာမေ့ဆေး အရှိန်ကြောင့် သတိမရှိ ဖြစ်နေလို့သာ သွေးသွင်းခြင်း ခံရတာ” လို့ ဆိုတယ်။
သူသေဆုံးတဲ့ နေ့မှာတော့ အမေရိကန်မှာ AIDS ကြောင့် လူနာပေါင်း ၁၁၀၀၀ သေဆုံးခဲ့ပြီး ဖြစ်တယ်။ AIDS ပြဿနာဟာ အမေရိကမှာ ဘယ်လောက်ကြီး ထွားနေပြီဆိုတာ ခန့်မှန်းလို့ ရပါတယ်။
ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ရေးသားသော “လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်း” စာအုပ်မှ ပြန်လည်ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။




