သွေးသွင်းလို့ AIDS ရနိုင်တယ်ဆိုတော့ သွေးပစ္စည်း သွင်းရင်လည်း ရနိုင်မှာပေါ့။ သွေးကရတဲ့ ပစ္စည်းဆိုရင် ဘာပဲဖြစ်ဖြစ် လူ့ကိုယ်ထဲဝင်သွားရင်/သွင်းရင် AIDS ရနိုင်တာပဲ။ (ဥပမာ gamma globulin ခေါ်တဲ့ ကာကွယ်ဆေးထိုးမှုမျိုး) ဒီလိုသွေးတွင်မက သွေးပစ္စည်းကို သွင်းရင်လည်း AIDS ရနိုင်တယ်ဆိုတာကိုတော့ မကြာခင်ဘဲ ထင်ရှားသိသာပြီး ပြဿနာကြီး တစ်ခုအဖြစ် ရောက်သွားခဲ့တယ်။ ဒါကတော့ ဟီးမိုဖီးလယားခေါ် သွေးမတိတ်ရောဂါရှင်တွေ AIDS ရခဲ့ရတဲ့ အကြောင်းပဲ။ အဲဒီအထဲက အစောဆုံး ဥပမာ တစ်ခုကတော့ ၁၉၈၂ ခုနှစ် မိုင်ယာမီမြို့မှာ တွေ့ခဲ့တယ်။
အဲဒီက ဆရာဝန် တစ်ဦးက သူ့ရဲ့ ဟီမိုဖီးလယား လူနာတစ်ယောက် အသက်ခပ်ကြီးကြီး အမျိုးသားကြီးဟာ ထူးခြားပြီး ရှားပါးလှတဲ့ အဆုတ်ရောင် ရောဂါနဲ့ သေဆုံးခဲ့တယ်။ အဲဒါကို ဆရာဝန်က AIDS လို့ မသင်္ကာရှိခဲ့လို့ စူးစမ်းခဲ့တယ်။ နောက်တော့ သွေးသွင်း AIDS လူနာတွေ ပေါ်လာကြတော့တာပဲ။ ဒီတော့ ပိုပြီးမသင်္ကာတော့တာပေါ့။ အမေရိကမှာဆိုရင် ၁၉၈၀ နဲ့ ၁၉၈၅ ခုအတွင်း သွေးပစ္စည်း ခဏခဏ သွင်းဖို့လိုတဲ့ ဟီမိုဖီးလယား လူနာတွေထဲက ၉၈% မကဟာ AIDS ရသွားကြတယ်လို့ တွက်ချက်လို့ ရတယ်။
ရောဂါက ဆိုးရင်ဆိုးသလောက် သွေးပစ္စည်းသွင်းမှု ပိုလိုတယ်၊ သိပ်မဆိုးရင် တစ်ခါတစ်လေမှပဲ သွင်းရမယ်။ ဒီတော့ ဆိုးတဲ့ ဟီမိုဖီးလယား သမားတွေက ပိုပြီး AIDS ရနိုင်တာပေါ့။ ဟီမိုဖီးလယား ရောဂါသည်က AIDS ရလာပြီး သူကနေတစ်ဆင့် သူဇနီး၊ နောက် ဇနီးကမွေးတဲ့ ကလေးငယ်ကို AIDS ရောဂါ ပေးလိုက်တာကိုတော့ ၁၉၈၄ ခုနှစ်မှာ ပထမဦးဆုံး အကြိမ်အဖြစ် တွေ့ခဲ့ရတယ်။ ဟီမိုဖီးလယား ရောဂါသည်တွေဟာ ကမ္ဘာနဲ့အဝန်း ရှိကြပြီး သိပ်လည်း မရှားလှတဲ့ ရောဂါဆိုတော့ ဒီပြဿနာဟာ သေးမှာ မဟုတ်ဘူးဆိုတာ စဉ်းစားမိကြမှာပါ။ ဒီတော့ ဒီပြဿနာအကြောင်း အထူးသဖြင့် ဒီပြဿနာပမာဏကို လေ့လာကြည့်ထိုက်ပါတယ်။
AIDS ရောဂါကို အတိအကျ ၁၉၈၁ ခုနှစ်က သိခဲ့ရတယ်။ သွေးပစ္စည်းသွင်းလို့ AIDS ရနိုင်တယ် ဆိုတာကိုတော့ ၁၉၈၃ ခုနှစ်မှာ အထင်အရှား သိလာကြတယ်။ ၁၉၈၇ ခုနှစ် ဇန်နဝါရီလအထိ အမေရိကန်မှာ ဆိုရင် AIDS ဖြစ်သူ လူနာအားလုံးအနက် ၂%သော လူကြီးနဲ့ ၁၂% ကလေးတွေဟာ သွေး/သွေးပစ္စည်းသွင်းခြင်းကြောင့် AIDS ရခဲ့တယ်။ အခုဆိုရင် အမေရိကန်မှာရှိတဲ့ ၇၀-၈၀% သော ဟီမိုဖီးလယားတွေဟာ AIDS ရောဂါ ဗိုင်းရပ်စ်ပိုး ကိုယ်တွင်း ရှိနေကြပြီ။ နောက်ဘက်ပိုင်းမှာ သွေးလှူသူတွေကို AIDS ဗိုင်းရပ်စ်ပိုး ရှိမရှိ စစ်ပြီးမှ သွေးလှူခွင့် ပြုတယ်။
အဲဒီလို မလုပ်ခင်က ပေးထားတဲ့ သွေးကို သွင်းမိနေသူတွေထဲက AIDS ဗိုင်းရပ်စ်ပိုး ရှိနေသူဟာ အမေရိကန်မှာ ၁၂၀၀၀ ရှီမယ်လို့ တွက်လို့ရတယ်။ ဒါပေမယ့် ဒီပစ္စည်းတွေကို မသုံးသင့်ဘူးဆိုတာ (သို့) AIDS ရောဂါပိုး စစ်ပြီးမှ သံးရမယ်ဆိုတာကိုတော့ ၁၉၈၅ ခုနှစ်လောက်မှ တကယ်လက်တွေ့မှာ လုပ်ဆောင်နိုင်ခဲ့ကြတယ်။ ဒီတော့ ၁၉၈၀ ခုနှစ်နဲ့ ၁၉၈၅ ခုအတွင်း သွေးပစ္စည်း အသွင်းခံရသူ အားလုံးဟာ AIDS ရောဂါပိုးရနိုင်တဲ့ အလားအလာ ရှိတဲ့လူလို့ သတ်မှတ်နိုင်တယ်။ သွင်းတဲ့ သွေးပစ္စည်းဟာ ဘယ်ကလာတယ်၊ အဲဒီတိုင်းပြည်တွေမှာ AIDS ပိုး ရှိပြီး နေသူဟာ ဘယ်လောက် အနည်းအများ ရှိနေတယ်ဆိုတာပေါ်မှာ မူတည်ပြီး AIDS ပိုးဝင်မှု အများအနည်း ဖြစ်မှာပဲ။
AIDS ရောဂါပိုး စဝင်တဲ့ အချိန်နဲ့ AIDS ရောဂါ တကယ်ဖြစ်လာမယ့် အချိန်ဟာလည်း ရှည်ကြာတော့ သွေးပစ္စည်းသွင်းထားသူ တစ်ယောက်ဟာ AIDS ဖြစ်လာမယ်၊ မဖြစ်လာဘူးဆိုတာကို တိုတောင်းတဲ့ အချိန်အတွင်းမှာ မသိနိုင်ဘူး။ ဒီတော့ ပြဿနာဟာ လောလောဆယ်မှာ ပြတ်သွားတာမျိုး မဟုတ်ဘူး။ ဒီတော့ ပြဿနာဟာ လောလောဆယ်မှာ ပြတ်သွားတာမျိုး မဟုတ်ဘူး။ AIDS ရောဂါပိုး (ဗိုင်းရပ်စ်) သွေးထဲမှာ ရှိ၊မရှိ ကိုတော့ စစ်ကြည့်ရင် သိနိုင်ပါတယ်။ ဒါပေမယ့် ဒီလို ပြန်စစ်ဖို့ ဆိုတာလည်း နည်းတဲ့ တာဝန်ကြီး မဟုတ်ဘူး၊ သိပြီး ငွေကုန်၊ အချိန်ကုန် လက်ဝင်တဲ့ ကိစ္စမျိုးမို့ တတ်နိုင်တဲ့ တိုင်းပြည်ဟာ မရှိသလောက် နည်းမှာပါ။
ဥပမာ ပြရရင် သြစတြေးလျနိုင်ငံ၊ နယူးဆောက်ဝေးပြည်နယ် သွေးဘဏ်ကနေ “နောက်ကြောင်းပြန် စီမံကိန်း” ဆိုပြီး ၁၉၈၀ နဲ့ ၁၉၈၅ အတွင်း သွေးပေးခြင်း ခံရတဲ့ လူပေါင်း ၂၇၀၀၀၀ ကို လိုက်ရှာပြီး AIDS ဗိုင်းရပ်စ်ပိုး တွေ့နေပြီ။ ဒီ ၁၀၀ ထဲမှာ အမေကနေ ကလေးကို ပြန့်ပွားသွားတာ ၆ ယောက်ပါတယ်။ တချို့ရဲ့ ခန့်မှန်းချက်အရ သြစတြေးလျမှ သွေး/သွေးပစ္စည်းကြောင့် AIDS ဗိုင်းရပ်စ်ပိုး ဝင်ပြီးသူပေါင်း ၁၀၀ လောက် ရှိမယ်တဲ့။ အဲဒီအထဲက ၆၀% ကတော့ ဟီမိုဖီးလယားတွေ ဖြစ်မယ်တဲ့။ အီတလီမှာဆိုရင် ၁၉၈၇ ခုနှစ်ဆုံးမှာ အီတလီရှိ ဟီမိုဖီးယားတွေထဲက ၂၅% ဟာ AIDS ရောဂါပိုး ရှိနေပြီးဖြစ်တယ်တဲ့။
နော်ဝေးပြည်မှာလည်း ရောဂါဆိုးတယ်လို့ ခေါ်မယ့် ဟီမိုဖီးယားတွေထဲက ၂၀% ဟာ AIDS ဗိုင်းရပ်စ်ပိုး ရှိပြီးနေပြီ။ စပိန်မှာဆို ဟီမိုဖီးလယားပေါင်း ၁၅၀၀ ထဲက ၂၀၀ လောက်ဟာ AIDS ရောဂါကို ဖြစ်ခဲ့လို့ (ပိုးဝင်ရုံတွင်ကပဲ တကယ်ရောဂါသည် ဘဝရောက်သူ) ၁၉၈၉-၉၀ မှာဆိုရင် သူတို့တွေ ထဲက ထက်ဝက်ဟာ သေဆုံးပြီးသွားပြီ ဖြစ်တယ်။ အနောက် ဂျာမဏီကတော့ အဆိုးဆုံးပါ။ ၁၉၈၅ မှာကတည်းက ဟီမိုဖီးလယား ရှိသူပေါင်းရဲ့ ၅၀% မှာ AIDS ရောဂါပိုး ဝင်ပြီးနေပြီ။
ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ရေးသားသော “လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်း” စာအုပ်မှ ပြန်လည်ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။




