၁၉၉၃ ခုနှစ်မှာ ဂျာမဏီမှ ပေါ်ထွက်လာတဲ့ သွေးသွင်းမှုနဲ့ HIV ပိုး ကိစ္စကတော့ ဝမ်းနည်းဖွယ်၊ ရှက်ဖွယ်၊ စက်ဆုပ်ဖွယ်ကောင်းတဲ့ အရေးအခင်းပဲ၊ သွေးနှင့် သွေးပစ္စည်းထုတ်တဲ့ ကုမ္ပဏီ တစ်ခုက HIV ပိုးကို မစစ်ဘဲ ထုတ်လုပ် ဖြန့်ဝေခဲ့တယ်။ ဒါဟာ HIV ပိုးကြောင့် AIDS ဖြစ်ကြောင်း အတိအလင်းသိပြီး သွေးသွင်းဖို့အတွက် လိုတဲ့ သွေးထုတ်ခင် HIV ပိုး ရှိမရှိ စစ်ကို စစ်ရမယ်ဆိုတဲ့ စည်းကမ်း ဥပဒေ သတ်မှတ်ပြီး နောက်မှ ဖြစ်တယ်။ သိပါလျက် ဒီလောက်ဆိုးဝါးတဲ့ သေမင်းလက်နက်ကို ကမ္ဘာအရပ်ရပ် အရောက်ပို့ပေးနေတာတော့ အမင်္ဂလာ မဟာ လူသတ်မှုကြီးကို ကျူးလွန်တာပဲလို့ ဆိုရမှာပဲ။ အပြစ်ကင်းတဲ့ လူတွေ (ကလေးငယ်တွေ အပါအဝင်) ကို ရက်စက်စွာ သွေးအေးအေးနဲ့ သတ်ပစ်နေတာကတော့ လူမဆန်လွန်းလို့ တစ်ကမ္ဘာလုံးက တအံ့တသြ ဖြစ်နေကြရတယ်။ ဒီပြုမှုချက်ရဲ့ ပင်မရင်းခံကတော့ ဝိသမလောဘပဲပေါ့။
သွေးနဲ့ သွေးပစ္စည်းသွင်းမှုကြောင့် AIDS ရောဂါ ရလာသူဟာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ဘယ်လောက်ရှိမလဲဆိုတဲ့ အဖြေမှန်ကိုတော့ ၁၉၉၂-၁၉၉၅ လောက်မှ သိရမယ်။ ဒါတောင် မှတ်တမ်းတွေ ကောင်းကောင်းထားနိုင်မှ သိမှာ၊ ပြဿနာကတော့ မသေးတာ အမှန်ပါပဲ။ ၁၉၈၁ ခုနှစ်မှာ CDC (စီဒီစီ) ကနေ AIDS ဟာ မူးယစ်ဆေးဝါး ထိုးသူတွေမှာ ရနိုင်တယ်ဆိုတာ သိပြီးနောက် ဒီကူးစက်နည်းဟာ AIDS ပြန့်ပွားရေးမှာ အခရာ ဖြစ်တယ် ဆိုတာကို တစ်နေ့တခြား ပိုပြီး ထင်ရှားလာပါတယ်။
အခုလက်ရှိ အခြေအနေမှာဆိုရင် ဥရောပတိုက်နဲ့ အမေရိကန်မှာ ဒီကူးစက်နည်းဟာ အဓိကကျတဲ့ ကူးစက်နည်းပဲလို့ ဆိုကြတယ်။ အာရှမှာလည်း ဒီလိုဖြစ်မှာပဲလို့ ယူဆရတယ်။ အမေရိကန် မှာဆိုရင် AIDS ဝေဒနာရှင်ပေါင်း အားလုံးရဲ့ ၂၅% ဟာ မူးယစ်ဆေး ထိုးစွဲသူများ ဖြစ်တယ်။ ဒီမူးယစ်ဆေး ထိုးစွဲနေသူတွေကို လေ့လာကြည့်လို့ တွေ့ရတာက ဒီလူအများစုဟာ လူငယ်တွေ ဖြစ်ကြတယ်။ ဒါကြောင့် လူငယ်အချင်းချင်း ကူးစက်စေတယ်။ သူတို့တတွေက မွေးထုတ်လိုက်တဲ့ ကလေးတွေကိုလည်း ကူးစက်ပြန်တယ်။
အမေရိကန်မှာဆိုရင် ဆေးစွဲသူ ၃၀% ဟာ အမျိုးသမီးတွေ ဖြစ်ပြီး ကလေးမွေးနိုင်တဲ့ အရွယ် လူရွယ်တွေ ဖြစ်တယ်။ ဒီတော့ ကလေးတွေမှာ ဖြစ်တဲ့ AIDS ဟာ သူတို့ ဆီကရတာ တော်တော်များများ ဖြစ်မယ်။ ဒီပြင် မိန်းမဆွေးစွဲသူတွေထဲက ၃၀-၅၀ % ဟာ ပြည့်တန်ဆာ အလုပ် လုပ်နေကြ သူတွေဆိုတော့ သူတို့ကနေ လူအများကြီးကို ထပ်ဆင့်ရောဂါ ပေးနိုင် ပြန်တယ်။ ဒါကြောင့် မူးယစ် ဆေးဝါးထိုးသူတွေဟာ "AIDS ရောဂါပိုးကို ကိုယ်တွင်းပွားပြီး ထားတဲ့ အကြီးဆုံးသော သိုလှောင်ကန်/ဂိုဒေါင်ကြီး" ဖြစ်တယ်လို့ ဆိုရမယ်။
မူးယစ်ဆေးထိုးသူ အချင်းချင်းကိုလည်း ကူးစေနိုင်တယ်။ ဒါကတော့ ဆေးထိုးအပ်ကို အတူတူ သုံးကြလို့ ဖြစ်တာ။ အပ်မှာ ဗိုင်းရပ်စ်ပိုးတွေ တွယ်ကပ်နေတော့ ဒီအပ်ကို သုံးသူတိုင်းဟာ ရောဂါရနိုင်စရာကြောင်း ရှိတယ်။ အထူးသဖြင့် အကြိမ်ကြိမ် အခါခါ ဒီလိုသုံးမယ်ဆိုရင် ကိုယ်တွင်း ဝင်လာတဲ့ ဗိုင်းရပ်စ် အရေအတွက်ဟာ များသည်ထက်များလာမှာမို့ ရောဂါရနိုင်စရာ ပိုရှိတယ်။
ဒီလိုနည်းတွေနဲ့ AIDS ရောဂါပိုးဟာ ကူးစက်ပြန့်ပွားနေတယ်ဆိုတော့ AIDS ဟာ ကမ္ဘာကို အချိန်တိုကာလအတွင်းမှာ ပတ်မိသွားတယ်ဆိုတာ မဆန်းလှပါဘူး။ နောက်ပြီး ကူးစက်ပုံနည်းဟာ တစ်နည်းထဲ မဟုတ်ဘဲ တစ်နည်းနဲ့ တစ်နည်း ဆက်နွယ်ပြီးလည်း ကူးစက်နိုင်တယ်ဆိုတော့ ကူးစက်မှု ပိုတွင်ကျယ်သွားတာလည်း ရှိသေးတယ်။ ဒီလို ပြန့်နိုင်တဲ့ အကြောင်းတွေကို မသိရင် (သို့) ဖုံးထားရင် အခြေအနေက ပိုဆိုးမှာပဲ။ ရုရှပြည် Black Sea (ပင်လယ်နက်) နဲ့ Caspian Sea (ကက်(စ) ပီယံပင်လယ်) ကြားရှိ elista (အိလစ်(စ)တာ) မြို့ကလေးမှာ ဖြစ်တာ တစ်ခုကတော့ စိုးရိမ်ဖွယ်၊ စိတ်ပျက်ဖွယ်လည်း ဖြစ်တယ်။
ကြောက်စရာလည်း ကောင်းတယ်။ သင်ခန်းစာလည်း ယူထိုက်တယ်။ AIDS ဗိုင်းရပ်စ်ပိုး ကိုယ်တွင်းဝင်ပြီး ဖြစ်နေသူ တစ်ဦးကနေပြီး သူ့ဇနီးကို ကူးစက်သွားတယ်။ သူတို့ရဲ့ ကလေးကလည်း ဒီရောဂါပိုးကို ရသွားတယ်။ ကလေးက နေမကောင်း ဖြစ်လာတော့ ဆေးရုံတက်ရတယ်။ ဆေးရုံမှာ သုံးပြီးအပ်တွေနဲ့ အခြားကိရိယာတွေကို ပြန်သုံးကြတယ်။ ပိုးသန့်စင်အောင် ကောင်းကောင်း မလုပ်နိုင်ကြဘူး။ (မြန်မာပြည်မှာလည်း ဒီလိုပဲ အပ်တွေ သေသေချာချာ ဗိုင်းရပ်စ်ပိုး စင်တဲ့အထိ မပြုတ်နိုင်ဘဲ ပြန်သုံးနေကြတယ်) ဒီလိုဆိုတော့ ကလေးလူနာရုံထဲရှိ အခြားကလေးတွေ ကူးစက်သွားလိုက်တာ အနီးပတ်ဝန်းကျင်ရှိ မြို့တော်တော် များများမှာ နေတဲ့ လူနာပေါင်း ၅၀ ကျော်ကို ကူးစက်ခဲ့တယ်။ ဒီတော့ ဒီနည်းတွေနဲ့ ကူးစက်နိုင်တယ် ဆိုတာ လူတိုင်းသိထားဖို့ လိုနေပြီ။
ဘရာဇီးမှာဆိုရင် မူးယစ်ဆေးထိုးလို့ AIDS ရသူတွေဟာ တစ်နှစ်အတွင်းမှာ ၃ % ကနေ ၁၃ % အထိ တက်သွားတယ်။ Riode Janeiro (ရီအိုဒီဂျနေရိုး) နဲ့ Sao Paulo (စောပေါလို) မြို့မှာ ၁၆ % ရှိတယ်။ ရီအိုမြို့မှာဆိုရင် အိမ်အတည်တကျ မရှိလို့ လမ်းမှာနေတဲ့ ကလေး (Street children) တွေထဲမှာ AIDS ရောဂါပိုးနဲ့ AIDS ရောဂါရှင် အားလုံးရဲ့ ၆၀% ဟာ မူးယစ်ဆေးထိုးသူတွေ ဖြစ်ကြတယ်။ ဒီတော့ မူးယစ်ဆေး ထိုးမှုနဲ့ AIDS ဆက်နွယ်နေပုံဟာ ဘယ်လောက် ခရီးရောက်ပြီး အန္တရာယ် ကြီးထွားမှုကို အားပေးနေတယ်ဆိုတာ သိနိုင်ပါတယ်။
ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ရေးသားသော “လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်း” စာအုပ်မှ ပြန်လည်ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။




