အပြည်ပြည် ဆိုင်ရာ ရှုထောင့်ကနေပြီး AIDS ရောဂါ ကူးစက်မှုကို သုံးသပ်မယ်ဆိုရင် ၁၉၈၉-၉၀ မှာ AIDS ဟာ ကမ္ဘာပေါ်မှာ ဘယ်နေရာမှ မကျန် ထောင့်စုံရောက်နေပါပြီ။ အစက အာဖရိက၊ အမေရိကနဲ့ အနောက် ဥရောပမှာ “ခဲ” ပြီး နေတာတွေ့ရတယ်။ အာရှမှာ သိပ်မရှိဘူး။ အခုဆိုရင်တော့ AIDS ဟာ အာရှတိုက်မှာ ခြေကုတ်ကောင်းကောင်း ရသွားပြီ။ ၁၉၉၀-၉၃ ခုနှစ်တွေအတွက် ပြောရရင်တော့ ခြေကုတ်ရရုံ မကတော့ဘဲ တစ်မုဟုတ်ချင်း ပွားလာလိုက်တာ အာဖရိကတိုက်ကို အမီလိုက်နေသလို ဖြစ်နေပါပြီ။
အထူးသဖြင့် ထိုင်း-မြန်မာ နယ်စပ်၊ မြာမာနဲ့ ရွှေတြိဂံ နယ်စပ် နေရာမှာဆိုရင် အတားအဆီး မရှိ တိုးနေတယ်လို့ ခန့်မှန်းရတယ်။ ကွင်းဆင်း စာရင်းကောက်မှုကို တိကျစွာ မလုပ်နိုင်သေးလို့သာ တိကျကိန်းဂဏန်းကို မပြောနိုင်တာ။ အဲဒီနေရာတွေကလည်း မူးယစ်ဆေးဝါး (နံပါတ်ဖိုး) ရလွယ်တဲ့ နေရာဆိုတော့ ထပ်ဆင့် ပြန်ပွားမှုတွင် ဘယ်လောက်တာသွားမယ်ဆိုတာ လွယ်လွယ်ပဲ စဉ်းစားလို့ ရပါတယ်။ မြန်မာမှာဆိုရင် ရှိဆဲနဲ့ ပွားနှုန်းကို ထည့်တွက်ပြီး ရတဲ့ ခန့်မှန်း ဂဏန်းကတော့ သက္ကရာဇ် ၂၀၀၀ မှာ မြန်မာရှိ HIV ပိုး ရှိနေသူဟာ အမေရိကန်နှင့် ထပ်တူထပ်မျှလောက် ရှိမှာတဲ့။
တောင်အမေရကနဲ့ ကရိဘီယံ (Caribbean) ကျွန်းစုတွေမှာ ဆိုရင်တော့ ကူးစက်မြန်နှုန်းမျိုးနဲ့ ဖြစ်နေလို့ အခြေအနေ တကယ်ဆိုးနေပြီ။ မြောက် အမေရက၊ အနောက်ဥရောပနဲ့ သြတတြေးလျ နီးနီး ဆိုးတာပဲလို့ ပြောကြတယ်။ တချို့နေရာမှာ ဆိုရင် ဒီတိုင်းပြည်တွေထက် ပိုဆိုးတယ်တဲ့။ ဒီတော့ AIDS ရောဂါဟာ တစ်ကမ္ဘာလုံးနဲ့ ဆိုင်တဲ့ ကမ္ဘာ့ကပ်ရောဂါကြီး ဖြစ်သွားပြီ။
ဒီလို AIDS ပြန့်ပွားမှု ပြဿနာကြီးကို အချိန်လိုက် ပိုင်းပြီး သုံးသပ်ရင် မြင်နိုင်တာကတော့ ဒီ “ကူးစက်ပြန့်ပွားမှု” ကြီးကို အချိန် ကာလအလိုက် ၃ ပိုင်း ပိုင်းလို့ရတယ်။ ဒီအပိုင်းတွေကလည်း သမုဒ္ဒရာက ဒီရေလှိုင်းကြီးလို တစ်လှိုင်းပြီး တစ်လှိုင်း ဆက်တိုက်လာခံတယ်။ ပထမ ဦးဆုံးကလကတော့ AIDS ဗိုင်းရပ်စ်ပိုးဟာ လတွေထဲမှာ တရိပ်ရိပ် ပွားများ ကူးစက်ခဲ့တဲ့ ကာလအပိုင်း ဖြစ်တယ်။ လူတွေမှာ ဘာမှ လက္ခဏာ မရှိလို့ မသိခဲ့ ကြဘူး။ ရောဂါရဲ့ ပြတ်သား ထင်ရှားတဲ့ လက္ခဏာတွေဟာ ပိုးကိုယ်တွင်းရောက်ပြီး ၅ နှစ်နဲ့ ၁၀ နှစ်အတွင်းမှ သိသာလာတာ။
ဒီ ၅-၁၀ နှစ်အတွင်း မှာတော့ ပိုးဝင်ပြီး ဖြစ်ပေမယ့် အပြင်ပန်းအားဖြင့်တော့ လူကောင်းလိုပဲ နေကြမှာ ဖြစ်တယ်။ ဒါပေမယ့် ဒီလူတွေကို “တိုင်းဗုံး” (time bomb) လို့ ယူဆရမှာပါ။ သူတို့ကိုယ်တိုင် အချိန်တန်ရင် AIDS ရောဂါဖြစ်ပြီး သေကြရမယ်။ မသေခင်အတွင်းမှာ သူတို့ကနေ တစ်ပါးသူတွေကို ကူးစက်ပြန့်ပွားနိုင်တယ်။ ဒါကြောင့် ကမ္ဘာမှာ AIDS အခြေအနေ ဘယ်လိုရှိသလဲလို့ ခန့်မှန်းချင်ရင် ရောဂါတကယ် ဖြစ်နေသူတွေပါမက AIDS ပိုး ဝင်ပြီးသူ အရေအတွက်ကိုလည်း ထည့်ပြီး စဉ်းစားဖို့ လိုလိမ့်မယ်။
ကိန်းဂဏန်းအရ ပြောရမယ်ဆိုရင် (အထက်မှာလည်း တင်ပြပြီးတဲ့ အတိုင်း) AIDS ရောဂါရှိသူရော ပိုးဝင်ပြီး ဖြစ်နေသူရော ပေါင်းလိုက်ရင် ကမ္ဘာမှာ ၁၉၈၀-၁၉၈၅ ခုအတွင်းမှာ ၇၀၀၀၀ (ခုနှစ်သောင်း) ရှိတယ်။ ၁၉၈၆-၁၉၈၈ မှာ ၃၀၀၀၀၀ (သုံးသိန်း) ရှိတယ်။ ၁၉၈၉-၁၉၉၁ အတွင်းမှာတော့ ၇ သိန်း အထိ တက်သွားမယ်လို့ တွက်ချက်လို့ ရတယ်။ ၁၉၉၁ အဆုံးမှာတော့ ၁.၁ သန်း ရှိမယ်တဲ့၊ ၁၉၉၃ အဆုံးမှာ ၁၃ သန်း ရှိတယ်။
ဒုတိယ ကာလလှိုင်းကတော့ AIDS ရောဂါ ပွင့်ပွင့်လင်းလင်း ဖြစ်လာတဲ့ အပိုင်းပဲ။ ဒါကတော့ ဒုတိယ အဆင့်အနေနဲ့ ၁၉၈၂ လောက်က စပြီး AIDS ရောဂါလို့ မယ်မယ်ရရ သိလာကြပြီး ရောဂါ ကူးစက်မှုကြီးဟာ အရှိန်အဟုန်နဲ့ ပြန့်ပွားတဲ့ ဖြစ်ရပ်ပဲ။
တတိယ “ကူးစက်မှုလှိုင်း” ကတော့ နည်းနည်း ကျယ်ဝန်းတဲ့ ကိစ္စပါ။ လူတေါ ရုတ်တရက် စဉ်းစားမိကြမှာ မဟုတ်တဲ့ ကိစ္စပါ။ အဓိကအားဖြင့် AIDS အပေါ် လူအဖွဲ့ အစည်းနဲ့ ကမ္ဘာရှိ တိုင်းပြည်တွေမြင်ပုံ အမျိုးမျိုးကြောင့် ဖြစ်ပေါ်ခဲ့တာပါ။ ရောဂါ သက်သက်နဲ့ ဆိုင်တဲ့ ကိစ္စချည်း မဟုတ်တော့ပဲ လူမှုရေး၊ လူမှု ဆက်ဆံရေး ဘက်ကိုပါ ရောက်သွားခဲ့တယ်။ ဒီဖြစ်ရပ် အရင်းခံ အကြောင်းကတော့ မသိနား မလည်မှုမှ ဖြစ်ပေါ်လာတဲ့ ကြောက်ခြင်း တရားပါပဲ။ အရင် သမိုင်းဝင် ကပ်ရောဂါတွေမှာလည်း ဒီကြောက်ခြင်း တရား လူတွေအပေါ် ဘယ်လို လွှမ်းမိုးခဲ့တယ်ဆိုတာ မြင်ခဲ့ပြီးပါပြီ။ အခု AIDS မှာလည်း ဒီလိုပါပဲ။
AIDS နဲ့ ပတ်သက်ပြီး အတည်မပြုရသေးတဲ့ သတင်းတွေ၊ အခြေအမြစ် မရှိတဲ့ ကောလာဟလတွေကြောင့် မဆင်မခြင် ကြောက်ကြပြီး တွေးခေါ် သုံးသပ်မှုတွေမှာ အမြင်မမှန်တော့ပဲ အလွန်အကျွံတွေ ဖြစ်ခဲ့ကြတယ်။ ဥပမာဆိုရင် AIDS ရောဂါပိုးရှိတဲ့ လူကို ထိမိရုံနဲ့ ရောဂါကူးတယ်လို့ ယူဆနေကြတယ်။ ဒီလို ခံယူချက် ရှိမရှိ မေးမြန်းလေ့လာကြည့်တဲ့အခါမှာ မေးမြန်းခံရသူအနက် ၁၀% မှ ၃၀% တို့ဟာ လက်ဆွဲနှုတ်ဆက်ရုံ၊ ဘတ်(စ)ကား အတူတူစီးရုံ၊ အလုပ်အတူတူ လုပ်ရုံနဲ့ AIDS ရောဂါ ကူးစက်နိုင်တယ်လို့ ယုံကြည်ကြတယ်။
ဒီတော့ မဖွယ်မရာတွေ ပြုမူကုန်ကြတယ်၊ ဖြစ်လာကြတယ်။ လူတွေဟာ AIDS ရောဂါရှင်တွေ အပေါ် ညှာတာစိတ်ကင်းမဲ့စွာ ဆက်ဆံကြတယ်။ ဒါကြောင့် ရောဂါရှင်တွေဟာ ရောဂါဆိုးကြီးရဲ့ ဖိစီးမှုဒဏ်ကို ခံရတဲ့အပြင် လူ့အခွင့်အရေးနဲ့ လူ့သိက္ခာပါ ဆုံးရှုံးခဲ့ကြရတယ်။ အလုပ်အကိုင်အရေး၊ ပညာသင်ကြားရေး၊ အိမ်ငှားမှုကိစ္စများ ခရီးသွားလာရေးတို့မှာပါ ထိခိုက်ခဲ့တယ်။ လူ့လောကမှာ နေစရာမရှိလောက်အောင်ပါပဲ။ ကြေကွဲစရာ ဖြစ်ရပ်ကလေး တစ်ခုကတော့ သြစတြေးလျမှာ ဖြစ်ခဲ့တယ်။
ကလေးငယ်မလေး တစ်ယောက်ဟာ ၈ နှစ်အရွယ်မှာ AIDS ရောဂါ ဖြစ်ခဲ့တယ်။ ဒီလို AIDS ရောဂါ ဖြစ်တယ်ဆိုတာ သိရတာနဲ့ ဒုက္ခအမျိုးမျိုး စတော့တာပဲ။ သူက သွားနိုင် လာနိုင်ပါ။ ဒါပေမယ့် သူ့ကို ကျောင်းက လက်မခံတော့ဘူး။ အတန်းထဲက ကလေးတွေကလည်း ဆေးဖော်ကြောဘက် မလုပ်ဘူး၊ စကားမပြောဘူး၊ အထိမခံဘူး၊ လုံးဝ ပယ်ထားလိုက်ကြတယ်။ နောက်ဆုံး ကျောင်းမတက်ရဘူးလို့ ကျောင်းအာဏာပိုင်တွေက တားမြစ်လိုက်တယ်။ မိဘနဲ့ မိသားစု အားလုံးကလည်း အိမ်နီးနားချင်းနဲ့ ပတ်ဝန်းကျင်က ပယ်ကြတယ်။
ကလေးနဲ့ မိသားစုပါ အလွန်တရာမှ စိတ်ဆင်းရဲ၊ လူဆင်းရဲ ဖြစ်ကြပြီး အဲဒီနေရာမှာ မနေနိုင်တဲ့အထိ ဖြစ်သွားတယ်။ ဒါနဲ့ နယူးဇီလန်ပြည်ကို ပြောင်းသွားပြီး၊ မြို့ကလေးတစ်မြို့ရဲ့ တောပိုင်းမှာ သွားနေကြတယ်။ ၁၉၈၉ မှာဆိုရင် အဲဒီနေရာမှာ နေတာ တစ်နှစ်ကျော် ရှိသွားပြီ ကလေးကတော့ အခြေအနေကောင်းနေဆဲပဲ လှုပ်ရှားသွားလာနိုင်ရုံ မကသေးဘဲ မြင်းတောင် စီးနေနိုင်တယ်။ ဒါပေမယ့် ၁၉၉၃ ခုထဲမှာ ဆုံးသွားရှာတယ်။ AIDS ကြောင့် သူ့ခမျာမှာ လူမသေခင်က ဘဝဆုံးသလို ဖြစ်နေပြီး မိဘတွေမှာလည်း အခြေပျက်ပြီး စီးပွားရေး၊ လူမှုရေးနဲ့ စိတ်ဓာတ်ပါ ဆုံးရှုံးမှုတွေ အပြည့်နဲ့ ဖြစ်သွားရတယ်။ ဒါဟာ တရားမဲ့စွာ မမှန်မကန်ဘဲ လူ့အခွင့်အရေးကို ဆုံးစေခဲ့တဲ့ အပြင် ရောဂါတိုက်ဖျက်ရေးမှာလည်း အကြီးအကျယ် အနှောင့်အယှက် ဖြစ်တယ်။
ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ရေးသားသော “လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်း” စာအုပ်မှ ပြန်လည်ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။




