AIDS “ကူးစက်ပုံ ပုံစံ” ကိုလည်း လေ့လာသင့်တယ်။ AIDS ဟာ လူတစ်ဦးကနေ နောက်တစ်ဦးကို ဘယ်လို နည်းတွေနဲ့ ကူးတယ်ဆိုတာတော့ အနည်းအကျဉ်း တင်ပြပြီး ဖြစ်တယ်။ ကမ္ဘာတစ်ခုလုံးကို ခြုံပြီး သုံးသပ်ကြည့်ရင်တော့ “ကူးစက်ပုံ ပုံစံ” ဟာ ၃ မျိုး ခွဲခြားပြလို့ ရတယ်။ ဒီပုံစံတွေကို သိနားလည်ဖို့လိုတဲ့ အကြောင်းကတော့ ဒီအသိဟာ ရောဂါဖြစ်စဉ် လမ်းကြောင်းကို လေ့လာရာမှာလည်း အသုံးဝင်တယ်။ ကာကွယ်ရေးအတွက် အစီအစဉ်များ ဆွဲရာမှာလည်း အထောက်အကူပြုတယ်။ ဘယ်ပုံစံနဲ့ ကူးရင် ဘယ်လောက် ကူးစက်နိုင်မယ်၊ ဘယ်သူတွေ အများဆုံး ထိမယ်ဆိုတာကို သိနိုင်တယ်။
ဒီလို “ပုံစံ” ရုပ်လုံးပေါ်အောင် ဖော်ထုတ်ပေးခဲ့တာကတော့ AIDS ရဲ့ "Epidemiology" ကို လေ့လာလို့ရတဲ့ တွေ့ရှိချက်တွေကပဲ ဖြစ်တယ်။ "Epidemiology" ဆိုတာကတော့ တိုင်းပြည်တစ်ပြည် အတွင်းမှာ လည်းကောင်း၊ ကမ္ဘာရှိ အပြည်ပြည်တွေမှာ လည်းကောင်း ရောဂါ ဖြစ်နှုန်း ဘယ်လိုရှိနေတယ်၊ ဘယ်ပုံ ပြန့်ပွားနေတယ်ဆိုတာကို မျက်ခြည်မပြတ် မှတ်တမ်းထားပြီး လေ့လာရတဲ့ ပညာ ဖြစ်တယ်။ တစ်နည်းဆိုရင် ရောဂါ အစရှာတဲ့ စုံထောက်လုပ်ငန်းပေါ့။ ဒီလိုမှသာလည်း ရောဂါဟာ နောက် ဘယ်လိုဖြစ်လာမယ်၊ ဘယ်အရပ်ဆီပွားပြီး ဘယ်လောက် အထိများမယ်၊ ဘယ်ောလက် မြန်မြန် ပွားမယ် ဆိုတာကို သိနိုင်မှာ။ ဒီတော့မှလည်း လူတွေကို ဘယ်လို ပညာပေးပြီး ကာကွယ်မှု ပိုင်းဆိုင်ရာကို ထိရောက်အောင် လုပ်ရမယ်ဆိုတာ သိမှာ။ AIDS ရောဂါပိုးနဲ့ AIDS ရောဂါကို ဒီလို Epidemiology ရှုထောင့်ကနေ ကြည့်ရင် ပုံစံ ၃ မျိုး ထွက်လာတာ တွေ့ရတယ်။
ပုံစံ (၁)။ ။ အဓိကအားဖြင့် မြောက်နဲ့ တောင်အမေရိက၊ အနောက်ဥရောပ၊ သြစတြေးလျနဲ့ နယူးဇီလန်မှာ တွေ့ရတယ်။ ၁၉၇၀ နောက်ပိုင်း ၁၉၈၀ အစောပိုင်းမှာ စတွေ့ရတဲ့ ပုံစံ ဖြစ်တယ်။ “ဂေး” တွေမှာ အများဆုံးတွေ့ရပြီး၊ ဒုတိယ အများဆုံးကတော့ မူးယစ်ဆေး ထိုးသူတွေမှာ ဖြစ်ကြတယ်။ လိင်တူ မဟုတ်သူ (ယောက်ျားနဲ့ မိန်းမ) ချင်း ဆက်ဆံမှု (Hetero - sexual relations) ကြောင့် ကူးစက်မှု အင်မတန်မှ နည်းတာကို တွေ့ရတယ်။ (နောက်ဘက်ပိုင်း မှာတော့ လိင်မတူ ဆက်ဆံလို့ ကူးတာမျိုးတွေ ဒီတိုင်းပြည်တွေမှာလည်း ဖြစ်လာမှာပါ။) ဒီတိုင်းပြည်တွေမှာ ပိုးမစင်တဲ့ သွေးကို သွင်းမိလို့ AIDS အရင်က ရခဲ့တယ်။ နောက်ဘက်ပိုင်းမှာတော့ နည်းသွားပြီ။ သွေးသွင်းမှုမှာ ကွပ်ကဲမှု ပိုမို တင်းကြပ်ပြီး ကောင်းမွန်လာလို့ ဒီလို နည်းလာတာပါ။ မူးယစ်ဆေးဝါး ထိုးသူ မိခင် (သို့) မူးယစ်ဆေးဝါး ထိုးသူရဲ့ ဇနီး မိန်းမတွေက မွေးတဲ့ ကလေးမှာလည်း ရောဂါ ဖြစ်လာနိုင်တယ်။
ပုံစံ (၂)။ ။ “ဆာဟာရ” သဲကန္တာရတောင်ဘက်ရှိ အာဖရိက နိုင်ငံများ ကရိဘီယံ (အရှေ့အိန္ဒိယ ကျွန်းစု) နဲ့ အချို့သော တောင်အမေရိက နိုင်ငံများမှာ တွေ့ရတဲ့ ပုံစံ။ ၁၉၇၀ နောက်မှ စတင်ခဲ့တယ်။ “ဂေး” တွေမှာသာ မဟုတ်ဘဲ လိင်မတူ ဆက်ဆံသူတွေမှာ ယောက်ျား-မိန်းမ မရွေးမှာ ဖြစ်တယ်။ တချို့နေရာတွေမှာ ဆိုရင် အသက် ၂၀ မှ ၄၀ ကြားရှိ လူတွေ အားလုံးရဲ့ ၂၅% မှာ AIDS ပိုးရှိနေပြီ။ တချို့မှာ ဆိုရင်တော့ ၉၀% သော ပြည့်တန်ဆာတွေမှာ ပိုးရှိနေပြီ။ ဒီတိုင်းပြည်တွေမှာ AIDS ရောဂါပိုးမဝင်တဲ့ သွေးကို သွင်းမိလို့ ဖြစ်တာကတော့ သိပ်ပြီး ကြီးကျယ်တဲ့ ပြဿနာ မဟုတ်ဘူး၊ ပိုးသန့်စင်ပြီး မဟုတ်တဲ့ ဆေးထိုးအပ် စသည်တို့ကို သုံးမိလို့ ရောဂါ ရသွားတာတော့ တော်တော် များများရှိတယ်။ မိခင်ကနေ ကလေး ကူးစက်မှုဟာလည်း များတယ်။ တချို့နေရာတွေမှာ ၅-၁၅ % ရှိ အမျိုးသမီးတွေမှာ AIDS ရောဂါပိုး ရှိနေပြီဆိုတော့ အမေက ကလေးကို ကူးစက်တဲ့ နည်းဟာ အရေးပါတဲ့နည်း ဖြစ်တယ်။
ဒီတော့ အထက်ပုံစံ (၁) ကနိုင်ငံများ (တောင်မြောက် အမေရိက ... စသည်တို့) မှာလည်း အခုအချိန်မှာ ဆိုရင် ပုံစံ (၁) သတ်သတ်မှာ ရှိမနေတော့ဘူး။ ပုံစံ (၂) အသွင်ကိုလည်း ကူးပြောင်းနေတော့ အဲဒီ နိုင်ငံတွေကို ပုံစံ (၁/၂) လို့ ဆိုရမယ်။ (ပုံစံ (၁) နဲ့ (၂) ရောနေပြီ။)
ပုံစံ (၃)။ ။ (“ရောရာ” ပုံစံ) ၁၉၈၀ အစပိုင်းနဲ့ အလယ်ပိုင်းမှာ စပြီးပေါ်တဲ့ ပုံစံ ဖြစ်တယ်။ လိင်စပ်ယှက်မှုကို တစ်ဦးထဲ မဟုတ်ဘဲ အများအားဖြင့် စပ်ယှက်သူများမှာ ဖြစ်ကြတယ်။ ယောက်ျားချင်း ဖြစ်စေ၊ မိန်းမနဲ့ ယောက်ျား ဖြစ်စေ လူများများနဲ့ ဆက်ဆံရင် ဖြစ်နိုင်တယ်။
သွေးသွင်းခြင်းကြောင့် ကူးစက်တာမျိုး သိပ်မရှိဘူး။ နိုင်ငံခြား ကလာတဲ့ သွေးနဲ့ သွေးပစ္စည်းသွင်းမိလို့ ရောဂါရတာ တချို့တလေ ရှိချင်ရှိမယ်။ မိခင် ကလေး ကူးစက်မှုလည်း သိပ်ပြီး ပေါ်လွင်မလာသေးဘူး။ အာရှ၊ ပစိဖိတ် သမုဒ္ဒရာဝန်းကျင် (သြစတြေးလျ၊ နယူးဇီလန်မှ အပ) အရှေ့အလယ်ပိုင်း တိုင်းပြည်များ၊ အရှေ့ဥရောပနဲ့ တောင်အမေရိက တောင်ပိုင်းတွေမှာ တွေ့ရတဲ့ ပုံစံ ဖြစ်တယ်။
ဒါတွေကတော့ လက်ရှိတွေ့နေလို့သာ ပြောရတာ။ ဒီလို ပုံစံ ၃ မျိုးကို တင်းကြပ်စွာ သတ်မှတ် ထားလို့တော့ မရပါဘူး။ အချိန်တွေ ရွေ့လျောလာတဲ့ အခါကျတော့ ဒီသတ်မှတ်ပုံစံတွေဟာ ပြောင်းးသွားမှာ အမှန်ပါ။ ဥပမာ လက်ရှိ ကာလမှာပင် ပုံစံ (၁) နိုင်ငံဖြစ်တဲ့ အမေရိက အလယ်ပိုင်း၊ ကရိဘီယံ ကျွန်းများ၊ အမေရိကန် အချို့သော နေရာများမှာ လိင်မတူ (ယောက်ျားနဲ့ မိန်းမ) ကူးတဲ့ ပုံစံဟာ ပိုမို ထင်ရှားလာပြီး၊ အချို့သော ဥရောပနိုင်ငံများ (စပိန်၊ အီတလီ၊ သြစတြေးလျ) မှာလည်း မူးယစ်ဆေး ထိုးခြင်းဟာ AIDS ကူးစက်ခြင်းရဲ့ ထိပ်ဆုံးကြောင်းအင် ဖြစ်လာပြီ။
ဟေတီကျွန်းမှာ ဆိုရင် ၁၉၈၃ ခုက ယောက်ျားချင်း ကူးစက်မှုဟာ လူနာအားလုံးရဲ့ ၅၆% ရှိပေမယ့် ၁၉၈၅ ခုမှာတော့ ၁၀% အထိ ကျသွားတယ်။ ဒါပေမယ့် အဲဒီအချိန်အတွင်းမှာပဲ အမျိုးသမီး AIDS ဖြစ်သူ ဦးရေဟာ ၁၄% မှ ၃၆% အထိ တက်သွားတယ်။ ဒါကြောင့်လည်း ၁၉၈၆ အလယ်မှာ AIDS ဖြစ်သူတွေဟာ ယောက်ျားများပြီး မိန်းမနည်းတယ်။ (ယောက်ျားး မိန်းမ ၆း၁) နောက်တစ်နှစ် အကြာမှာတော့ ယောက်ျားး မိန်းမ ၆း၁ ဖြစ်သွားပြီ။ အမေရိကန် (ယူအက်စ်အေ) မှာတော့ ၁၉၈၈ ခု၊ ဇွန်လမှာ လိင်မတူ ယောက်ျား/မိန်းမ ကူးစက်မှုဟာ လူကြီး AIDS လူနာ အားလုံးပေါင်းရဲ့ ၄.၁ % ပဲရှိတယ်။
ဒါကတော့ ဟေတီနိုင်ငံမှာ ယောက်ျား တစ်ယောက်ဟာ၊ ယောက်ျားချင်းလည်း ဆက်ဆံ၊ မိန်းမနဲ့လည်း ဆက်ဆံလို့ ဖြစ်တယ်လို့ ဆိုကြတယ်။ စကော့တလန်က အီဒင်ဘာရာ မြို့မှာတော့ မူးယစ်ဆေး ထိုးသူတွေရဲ့ ၅၀% AIDS ဗိုင်းရပ်စ် တွေ့နေပြီ ဖြစ်တယ်။ သူတို့ကနေ အခြားသူတွေ ပွားပေးတယ်။ ဒီတော့ ဒီလို ကူးစက်ပုံစံပြောင်းလာရင် အမေရိကန်တို့ ဥရောပတို့မှာလည်း အာဖရိကလို ပွားနှုန်းမြန်သွားမှာလားလို့ မေးရင်တော့ AIDS အဖြစ်များ အုပ်စုကနေပြီး လူထုအတွင်းထဲ စပ်စပ်နှံ့နှံ့ ပြန့်ဖို့ရာကတော့ သေချာတယ်။ ဒါပေမယ့် ဘယ်လောက် မြန်ဆန်တဲ့နှုန်းနဲ့ ပြန့်မလဲ ဆိုတာတော့ မပြောနိုင်သေးဘူး။ နောက်နှစ်တော်တော်ကြာ စောင့်ဆိုင်းပြီးမှ ရောဂါသည်တွေ ပေါ်လာမှာမို့ အဲဒီ အခါကျမှ ပြောနိုင်တော့မယ်။
ဒါတွေ အားလုံးပေါင်းစပ်ပြီး မှတ်ချက်ပေးကြရမယ်ဆိုရင်တော့ ယနေ့လူသားတွေဟာ ကမ္ဘာကို ပတ်မိသွားပြီ ဖြစ်တဲ့ ကူးစက်ရောဂါ ဆိုးကြီးရဲ့ ဘေးနဲ့ ကြုံနေကြရပြီ။ ဒီရောဂါဟာ သိပ်မဝေးတဲ့ အနာဂတ် ကာလမှာတော့ ဖြေရှင်းလို့ မရသေးဘူးလို့ သိပ္ပံပညာရှင်တွေက ဝန်ခံထားတယ်။ လူတို့ရဲ့ စီးပွားရေး၊ လူမှုရေးကိုလည်း အရင်ဘယ်ရောဂါနဲ့မှ မတူ အထူးပဲ ထိခိုက်စေတယ်။ တိုင်းပြည်တိုင်း တိုင်းပြည်တိုင်းဟာ ဒီရောဂါက ပြေးမလွတ်တဲ့ အခြေဆိုက်နေပြီ။ ဖြစ်နှုန်း ပွားနှုန်းကလည်း တစ်နေ့တခြား ကြောက်စဖွယ် တက်နေတယ်။ ဒီပြဿနာဟာ မသေးပါဘူး။ ကြည့်လို့ မြင်ရတာထက် ထုထည်အများကြီး ကြီးပါတယ်။ ဆိုရိုးစကားရှိတဲ့ သမုဒ္ဒရာထဲမှာ ပေါ်နေတဲ့ ရေခဲဆိုင်ကြီးလိုပဲ။ သမုဒ္ဒရာရေ မျက်နှာပြင်မှာ ပေါ်နေတာက ရေခဲတုံးကြီးရဲ့ ၁/၈ ပဲ ရှိတယ်။ ဒီပေါ်နေတဲ့ ထိပ်စွန်းရဲ့ အောက်မှာရှိတဲ့ အစိုင်အခဲကြီးကတော့ ကြောက်မယ်ဖွယ် တကယ်ပဲ ကောင်းလှပါတယ်။
ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ရေးသားသော “လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်း” စာအုပ်မှ ပြန်လည်ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။




