ညစ်ပတ်သော ရေများနှင့် ညံ့ ဖျင်းသော ရေဆိုးထုတ်စနစ်တို့မှ ပျံ့နှံ့ သော ရောဂါများမှာ ကမ္ဘာတစ်ဝန်း အမျိုးသမီးများ သေဆုံးရခြင်း ပဉ္စမမြောက်လိုက်သော အကြောင်းရင်းဖြစ်ပြီး AIDS၊ ဆီးချိုရောဂါ (သို့မဟုတ်) ရင်သားကင်ဆာရောဂါတို့ထက် ပိုမိုသေဆုံးမှုဖြစ်စေ သည်ဟု သုတေသီများက ပြောသည်။
ဘေးအန္တရာယ်ကင်းသော သန့်စင်ခန်းများနှင့် သန့်ရှင်းသော ရေ များအသုံးပြုခွင့်မရကြသဖြင့် နှစ်စဉ်နှစ်တိုင်း အမျိုးသမီး ရှစ်သိန်းခန့် သေဆုံးနေကြကြောင်း ဆီယက်တဲလ်မြို့ အခြေစိုက် ကျန်းမာရေး အချက်အလက် တိုင်းတာရေးအဖွဲ့ သုတေသနဌာနမှ အချက် အလက်များကို စိစစ်လေ့လာခဲ့သည့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ Water Aid က ပြောသည်။
ယင်းအချက်မှာ အမျိုးသမီးကြီး၊ အမျိုးသမီးငယ်များ၏ ကျန်း မာရေးနှင့် ပညာရေးတို့ကို ထိခိုက်စေသည့် လုံးဝလက်မခံနိုင်စရာ အချက်ဖြစ်ပြီး အမျိုးသမီးအများအပြားမှာ စောစောစီးစီး မလိုအပ် ဘဲ သေဆုံးနေရသည်ဟု Water Aid အဖွဲ့အမှုဆောင်အရာရှိ ဘာဘာရာဖရော့စ်က ကြေညာချက်တစ်ရပ်တွင် ဖော်ပြထားသည်။
ရေသန့်ရှင်းမှုစနစ် မရှိခြင်းထက် အမျိုးသမီးများ ပိုမို သေဆုံးစေသော ရောဂါအခြေအနေများမှာ နှလုံးရောဂါလေဖြတ် ခြင်း၊ အသက်ရှူလမ်းကြောင်း အောက်ပိုင်းရောဂါ ကူးစက်ခြင်း များနှင့် ပြင်းထန်သော အဆုတ်ရောဂါတို့ဖြစ်ကြောင်း သိရသည်။
ကမ္ဘာတစ်ဝန်း အမျိုးသမီး သုံးဦးလျှင် တစ်ဦး (သို့မဟုတ်) အမျိုးသမီး တစ်ဘီလီယံကျော်သည် လုံခြုံသော သီးသန့်သန့်စင်ခန်း များသုံးခွင့်မရကြဘဲ အမျိုးသမီး ဆယ်ဦးလျှင် တစ်ဦး (သို့မဟုတ်) သန်း ၃၇၀ မှာ သန့်ရှင်းသော ရေအသုံးပြုခွင့် မရကြဟု Water Aid အဖွဲ့၏ ဖော်ပြချက်အရ သိရသည်။
၁၉၉၀ မှ ၂၀၁၂ ကြား လူပေါင်း နှစ်ဘီလီယံကျော်သည် သန့်ရှင်းသော ရေကိုအသုံးပြုခွင့်ရသော်လည်း လူပေါင်းသန်း ၇၅၀ ခန့် မှာ လူ့အခွင့်အရေးတစ်ခုအဖြစ် ကုလသမဂ္ဂက အသိအမှတ်ပြုထားသည့် သန့်ရှင်းသော ရေသုံးစွဲခွင့် မရသေးကြောင်း သိရသည်။
ညစ်ပတ်သော ရေများနှင့် သန့်ရှင်းမှုအားနည်းခြင်းတို့မှာ မိခင် နှင့် ကလေးသေဆုံးမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကဲ့သို့ ပြဿနာများ၏ ရင်းမြစ်ဖြစ်သည်။
ဖွံ့ဖြိုးဆဲနိုင်ငံများရှိ အမျိုးသမီး အများအပြားမှာ သန့်ရှင်းသော ရေမရှိဘဲ နေအိမ်၌သာ ကလေးမီးဖွားကြသဖြင့် ၎င်းတို့ ကိုယ်တိုင် နှင့် ၎င်းတို့၏ ကလေးငယ်များ ရောဂါကူးစက်ခံကြရသည်။
ဘေးကင်းလုံခြုံသည့် သန့်စင်ခန်းမရှိသော အမျိုးသမီးများမှာ တစ်ခါတစ်ရံ ညအချိန်များတွင် အပေါ့၊ အလေးသွားရန် အရဲစွန့်၍ အပြင်သို့ ထွက်ကြရသောကြောင့် လိင်ပိုင်း ဆိုင်ရာစော်ကားမှုနှင့် အကြမ်းဖက်အန္တရာယ်ကျရောက်လာစေသည်။
ထို့ပြင် ဆင်းရဲသော နိုင်ငံများစွာတွင် ရေခပ်သည့် အလုပ်ကို အမျိုးသမီးများ၏ တာဝန်ဟု မှတ်ယူထားကြပြီး တစ်နေ့လျှင် နာရီပေါင်း များစွာရေသွားခပ်ရင်း အချိန်ကုန်ကြရသဖြင့် ကျောင်း တက်ရန် (သို့မဟုတ်) မိဘများကို ပြုစုစောင့်ရှောက်ရန် မဖြစ်နိုင်ဘဲ ရှိနေသည်။
Reuters
7 Day Daily - AIDS နှင့် ရင်သားကင်ဆာရောဂါတို့ကြောင့် သေဆုံးမှုထက် ညစ်ပတ်သော ရေကြောင့် အမျိုးသမီးများ သေဆုံးမှု ပိုများ




