အလေးပေးပြီး စဉ်းစားစရာ တစ်ခုကတော့ လူတွေဟာ တစ်နေရာကနေ တစ်နေရာ ကူးလူးဆက်ဆံမှုများပြီး မြန်ဆန်လာတဲ့ အချက်ပဲ။ တစ်ကမ္ဘာလုံးမှာ ဒီလို ကူးလူးဆက်ဆံမှုဟာ အရင်ကနဲ့ စာရင် ပိုလာကြတာ အမှန်ပဲ။ ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးလာတဲ့ အခါမှာတော့ ဒီလို ကူးလူးသွားလာမှုဟာ အရင်တုန်းကထက် များလာတာပဲ။ ဒါဟာ ဈေးကွက်စီးပွားရေး စနစ်ကို အပြစ်ဆိုနေတာ မဟုတ်ပါဘူး။ ဘာမဆို အကောင်းနဲ့ အဆိုးဟာ ဒွန်တွဲလာကြတာဟာ ဓမ္မတာပါ။
ကိုယ်ကနေသာ ဘာတွေမကောင်းဘူးဆိုတာ ကြိုတင်သိထား လေ့လာထားပြီး ဒီမကောင်းတာတွေကို ကာကွယ်ဟန့်တားဖို့ ပြင်ဆင်ထားရမယ်။ အလားတူပဲ အရင်ကကောင်းတယ်လို့ တပ်အပ်သေချာသိထားတဲ့ ဟာတွေကိုလည်း ဆက်လက်ထိန်းသိမ်းထားဖို့ အားပေးရမယ်။ ဒီလို အကူးအသန်းများလို့ AIDS ပြန့်ပွားမှုကို အားပေးတဲ့ ပုံပမာလေး တစ်ခုကို အာဖရိကမှာ ရှိခဲ့တယ်။ နိုင်ရိုဗီမြို့ရှိ ရပ်ကွက် တစ်နေရာမှာ ပြည့်တန်ဆာတွေနေတဲ့ အဆောက်အဦး ၂ ခု ရှိတယ်။ ဒီနေရာ လာကြတဲ့ ဖောက်သည်တွေကတော့ သင်္ဘောဆိပ်မြို့ဖြစ်တဲ့ မွန်ဗာဆာ ကနေ အတွင်းမှာရှိတဲ့ ယူဂန်ဒါ နိုင်ငံကို ခေါက်တုံ့ခေါက်ပြန် သွားနေတဲ့ ထရပ် ကားမောင်းနေတဲ့ ယာဉ်မောင်းတွေ ဖြစ်တယ်။
ဒီအဆောက် အဦးမှာရှိ ပြည့်တန်ဆာတွေကို AIDS ပိုး စစ်ကြည့်တော့ -
၁၉၈၀ မှာ တစ်ယောက်မှ မတွေ့ဘူး။
၁၉၈၃ မှာ ၅၃% မှာ တွေ့နေပြီ။
၁၉၈၇ မှာ ၈၀% မှာ တွေ့နေပြီ။
ဒီပွားနှုန်းဟာ ဘယ်လောက်မြန်သလဲ၊ သူတို့က ဆက်ပြီး ဘယ်လောက်မျှသော လူတွေကို ပွားဦးမလဲ၊ ယာဉ်မောင်းသူတွေကလည်း သူတို့ရောက်တဲ့ နေရာတိုင်းမှာ ဒီလိုပွားမှု “ဗဟိုဌာနကြီး” တွေ ဘယ်လောက်ဆက်ပြီး ထူထောင်နေကြမလဲ။ ဒီတော့ အဲဒီအပိုင်းမှာ AIDS ပွားမြန်တာ ဆန်းသလား။ ဒီပုံပြင်ကလေးနဲ့ မြန်မာအခြေနဲ့ ခြားတာကလေး တစ်ခုတော့ ရှိတယ်။ ဒါကတော့ အာဖရိကမှာတော့ ယာဉ်မောင်းတွေကနေ ပြည့်တန်ဆာတွေကို သူတို့ ရှိတဲ့ နေရာကို လာပြီး AIDS ပိုးကို ပေးတာ။
မြန်မာမှာကတော့ တချို့ ပြည့်တန်ဆာမတွေက ပြည်ပထွက်ပြီး AIDS ပိုးတွေကို အမှတ်မထင် ပြန်သယ်လာတာ။ AIDS ဗိုင်းရပ်စ်ကို သွင်းကုန်အဖြစ် လုပ်ကြတာ။ နောက်ဆက်ပြီး ထပ်ဆင့်ပွားတဲ့ ပုံစံကတော့ အတူတူ ဖြစ်မှာ ပါပဲ။ မြန်မာမှာ ပွားမှုကို အားပေးနေတဲ့ အချက်တစ်ခုကတော့ ဒီလူတွေထဲမှာ ကျန်းမာရေး ပညာပေးမှုကို တွင်တွင် ကျယ်ကျယ် မလုပ်နိုင်အောင် ဟန့်တားနေတဲ့ အခြေအနေတွေ ရှိနေခြင်းပဲ။
လူတွေဟာ သူတို့ရဲ့ ယဉ်ကျေးမှု အမွေအနှစ်မှ ဆင်းသက်လာတဲ့ လူနေမှု ဓလေ့ထုံးတမ်းတွေက သူတို့ရဲ့ နေ့စဉ်ပြောဆိုနေထိုင်မှု တွေ့ကြုံရတဲ့ ကိစ္စအဝဝပေါ်မှာ မြင်ပုံနဲ့ ခံယူချက်ထားတာတွေ အပေါ်မှာ လွှမ်းမိုးလျက်ရှိတယ်။ ဒါတွေဟာ ဘာသာရေးနဲ့လည်း ဆက်နွယ်နေတယ်။ စာရိတ္တနဲ့ ကိုယ်ကျင့်တရား အမှားအမှန်ကိုလည်း ဒီယဉ်ကျေးမှု အစဉ်အလာတွေကပဲ ပြဌာန်းနေတယ်။ ဒါကတော့ ဒုစရိုက်၊ ဒါကတော့ သုစရိုက်၊ ဒါတွေကတော့ လုပ်သင့်လုပ်ထိုက်တာတွေမို့ လူမှုပတ်ဝန်းကျင်က လက်ခံနိုင်တယ်။ ဒါတွေကိုတော့ လက်မခံနိုင်ဘူးလို့ အလိုလို သတ်မှတ်လာကြတယ်။
ပြဌာန်းဥပဒေ မဟုတ်ပေမယ့် မသိမသာ ဒီသတ်မှတ်ချက် ဘောင်အတွင်းမှာပဲ လူတွေကို ဘောင်ခတ်ပြီး ထိန်းချုပ်လျက်ရှိတယ်။ ဒါဟာ ကမ္ဘာရှိ လူ့အဖွဲ့အစည်းတိုင်းမှာ ဖြစ်နေလျက် ရှိတာပါ။ ဒီလို ဆင်းသက်လာတဲ့ ဓလေ့စရိုက်တွေ ခံယူချက်တွေကြောင့် မြန်မာအပါအဝင် အာရှနိုင်ငံများနဲ့ အာဖရိက နိုင်ငံမှာ လိင်အကြောင်း ပွင့်လင်းစွာ ပြောလေ့ပြောထ မရှိကြဘူး။ ဒီမှာ ဒီဓလေ့ဟာ ကောင်းတယ် မကောင်းဘူးလို့ ဖြတ်ထုံးပေးနေတာ မဟုတ်ပါဘူး။ ဖြစ်နေတဲ့ ကိစ္စတစ်ခုကို တင်ပြနေတာပါ။ လိင်ကိစ္စဟာ မကြားဝံ့ မနာသာကိစ္စ ဆိုပြီး မပြောကြဘူး၊ မပြောတဲ့ အပြင် ပြောတဲ့လူကိုလည်း အများလက်ခံထားတဲ့ ဓလေ့ကို ဆန့်ကျင်တယ်ဆိုပြီး အပြစ်မြင်ကြတယ်။
စာအုပ်စာတမ်းတွေထဲ ရေးရင်တော့ လူတစ်ဦးစီ၊ တစ်ဦးစီကိုပဲ တင်ပြနေတာမို့ တော်သေးရဲ့၊ (ဒါတောင် ပွင့်လင်းလွန်းရင် လက်ခံမှာ မဟုတ်ဘူး) လူအများကို တစ်ပြိုင်နက်ထဲ တင်ပြရတဲ့ Electronic media လို့ ခေါ်တဲ့ ရုပ်မြင်သကြား၊ ရုပ်ရှင်၊ ဗွီဒီယိုတို့မှာ ဆိုရင် ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ AIDS ရောဂါကို တိုက်ဖျက်ရာမှာ အခုအချိန်မှာ ဆိုရင်တော့ ပညာပေးမှုသာလျှင် အစွမ်းထက်ဆုံးသော လက်နက်ဖြစ်တယ်။ ခက်တာက AIDS ဟာ လိင်နဲ့ ပတ်သက်ပြီးဖြစ်တဲ့ ရောဂါဆိုတော့ ပညာပေးရာမှာ လိင်ကိစ္စကို ခပ်ရှင်းရှင်း ပြောပြစရာလိုတဲ့ အခါတွေ ရှိတယ်။
နောက် ဒီပညာပေးမှုကို လူအများစုဆီကို အမြန်ဆုံးပေးပို့ဖို့ကလည်း အရေးကြီးပြန်တယ်။ သိကြတဲ့ အတိုင်း ဘာသတင်းမဆို မြန်မြန်နဲ့ ခရီးဝေးအထိ ရောက်နိုင်တာကတော့ ဒီရုပ်မြင်သကြား၊ ဗွီဒီယို စသည်တို့ပဲ။ ဒီလို တကယ်အစွမ်းထက်တဲ့ သတင်းဖြန့်လက်နက်တွေကို အထက်ကဆိုခဲ့သလို ယဉ်ကျေးမှုက လက်မခံလို့ မသုံးနိုင်ဖြစ်နေကြတယ်။ ဥပမာ “ကွန်ဒွန်” ကြက်ပေါင်နဲ့ လုပ်ထားတဲ့ ယောက်ျားသုံး ကာကွယ်အစွပ်သုံးခြင်းဟာ AIDS ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်တယ်ဆိုတာ အခုသိထားပြီ ဖြစ်တယ်။ (ရာနှုန်းပြည့်တော့ မကာကွယ်နိုင်ဘူး။)
ဒီတော့ ကမ္ဘာတစ်ဝန်းမှာ “ကွန်ဒွန်” သုံးဖို့ကို ကျယ်ကျယ်ပြန့်ပြန့်ကြီး တီဗွီ၊ ဗွီဒီယို အပါအဝင်မှာ ပြခွင့်ရတဲ့ တိုင်းပြည်တွေမှာ ပြနေကြတယ်။ မြန်မာ မှာတော့ ဒီလို လုပ်ဖို့ရာ လားလားမှ မသင့်ဘူးလို့ ခံယူကြမှာ အမှန်ပဲ။ ဒါကတော့လည်း မတတ်နိုင်တဲ့ ကိစ္စ ဖြစ်နေတယ်။ လူတွေရဲ့ အတွေးအခေါ် ပြောင်းမှုဆိုတာလည်း ဘယ်တော့မှ မြန်မြန်ဆန်ဆန် ဖြစ်လာတာမျိုး မဟုတ်ဘူး။ စွဲမြဲစွာ ရှိနေပြီးဖြစ်တဲ့ အယူကို ပယ်ဖျောက်ဖို့ လုပ်ရန်ကလည်း အင်မတန်မှ ခက်ခဲတဲ့ ကိစ္စပါ။ ဒါပေမယ့်လည်း အရေးကြုံနေပြီ ဖြစ်တော့လည်း တစ်နည်းနည်းတော့ စဉ်းစားကြံစည်ဖို့ လိုလာပါပြီ။
ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ရေးသားသော “လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်း” စာအုပ်မှ ပြန်လည်ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။




