25
Feb

AIDS နှင့် မြန်မာ (၄)

AIDS ကို တားဆီး ထိန်းချုပ်ရာမှာ မြန်မာအတွက် တကယ်အရေးပါ အရာရောက်တဲ့ ကဏ္ဍကြီး ၂ ပိုင်း ရှိပါတယ်။ ကိုင်တွယ်ဖြေရှင်းရတာ ချက်တာ အမှန်ပဲ။ ဒါပေမယ့် ဒါတွေကသာ AIDS ပြန့်ပွားရေးအတွက် ဗဟို မဏ္ဍိုင်တွေ ဖြစ်နေတော့ အချိန်ယူ စဉ်းစားပြီး တိုက်ဖျက်မှု နည်းဗျူဟာတွေ စီစဉ်ရမှာ ဖြစ်နေတယ်။ အရေးကြီးတဲ့ မူဝါဒပိုင်းဆိုင်ရာနဲ့ ဥပဒေစည်းမျဉ်းများကို ချုပ်ကိုင်နေတဲ့ အထက်ဆုံးပိုင်း အာဏာပိုင်များကိုယ်တိုင် စိတ်ဝင်စားပြီး တိကျပြတ်သားတဲ့ ဆုံးဖြတ်ချက်များပေးဖို့ လိုပါလိမ့်မယ်။ ဒီပြဿနာ ၂ ခုကတော့ (၁) ပြည့်တန်ဆာ ပြဿနာနဲ့  (၂) မူးယစ်ဆေးစွဲ ပြဿနာတွေပဲ ဖြစ်တယ်။

ဒီအရေးကြီးတယ်ဆိုတဲ့ ပြဿနာကို ဘယ်လိုကိုင်တွယ်နိုင်သလဲ။ ပထမဦးဆုံးတော့ ပြဿနာရှိနေတယ်ဆိုတာကို လက်ခံလိုက်မှစလို့ ဖြစ်တယ်။ ပြဿနာမရှိဘူးလို့ ဘူးကွယ်လိုက်ရင် ဒီပြဿနာရဲ့ အဖြေ ဘယ်ရှာတော့မှာလဲ “လျှို့ဝှက်ချက် အစဟာ အမှန်တရားရဲ့ အဆုံး” တဲ့။ မြန်မာပြည်မှာ ပြည့်တန်ဆာရှိပြီး ဒီပြည့်တန်ဆာတွေဟာ ပြန့်ပွားရေးမှာ ထိပ်တန်းက နေတယ်ဆိုတာတော့ သိပြီးကိစ္စလို့ ယူဆပါတယ်။ မြန်မာမှာ ပြည့်တန်ဆာတွေ ဘယ်လောက်များတယ်ဆိုတာတော့ မသိပါဘူး။ အချိုးအဆအတိုင်း တွက်ယှဉ်ကြည့်ရင်တော့ အိမ်နီးချင်း နိုင်ငံလောက်တော့ များမှာ မဟုတ်ပါဘူး။

ဒါပေမယ့် တစ်ယောက်ရှိရင်လည်း AIDS ပြဿနာတော့ တက်မှာပဲ။ စဉ်းစားစရာလိုတာ တစ်ခုက AIDS ကာကွယ်ရေးမှာ အရင်းခံကျတာက AIDS ကာကွယ်ရေးဟာ လူတစ်ဦးချင်းရဲ့ ပြုမှုချက်ပေါ်မှာ မူတည်ပါတယ်။ လူတစ်ဦးစီ တစ်ဦးစီဟာ သူကိုယ်တိုင် AIDS မရအောင် ဘယ်လို လုပ်ရမယ်ဆိုတာ သိထားရမယ်။ ဒါတွေကို တိကျစွာ လိုက်နာကျင့်သုံးမယ်ဆိုရင် သူကိုယ်တိုင်လည်း AIDS မှ ကာကွယ်နိုင်မယ်၊ တစ်ပါးသူကိုလည်း AIDS မပေးစေဘူး။ ဒီတော့ ကာယကံရှင်တွေ ဖြစ်တဲ့ ပြည့်တန်ဆာတွေဆီ ဒီပညာပေးမှုကို မရောက်ရောက်အောင် ပို့ပေးပြီး ထိထိရောက်ရောက် လုပ်ရမယ်။

အာဖရိကမှာ ဆိုရင် အထက်က တင်ပြခဲ့တဲ့ နိုင်ရိုဘီမြို့က ပြည့်တန်ဆာ ဂေဟာတိုက်ကြီး ၂ တိုက်ကို ကျန်းမာရေး ပညာပေးသမားတွေ ဝင်ပြီး အင်တိုက်အားတိုက် စည်းရုံးပညာပေးလိုက်ကြတယ်။ ဒီလူတွေဟာ သူတို့ရဲ့ အန္တရာယ်ကို တကယ်သိလာပြီး ရောဂါရဲ့ သဘာဝကိုလည်း နားလည်လာတဲ့အခါကျတော့ သူတို့ကိုယ်သူတို့ ဒီရောဂါဆိုးကြီးဘေးမှ ကာကွယ်ကြစို့ ဆိုပြီး အစုအဝေးလိုက် ဆုံးဖြတ်လိုက်ကြတယ်။ သူတို့ရဲ့ “ဧည့်သည်” တွေကို “ကွန်ဒွန်” (ယောက်ျားသုံး အကာအကွယ်အစွပ်) သုံးမှသာ ဧည့်ခံမယ်၊ မဟုတ်ရင် ဧည့်မခံဘူးလို့ စည်းကမ်း ချမှတ်လိုက်တယ်။

“ကွန်ဒွန်” သုံးနည်း (နည်းမှန်နဲ့ နည်းမှားရှိတယ်၊ နည်းမှန်ကို သုံးမှ ရောဂါကို ကာကွယ်နိုင်တာ) ကိုလည်း သူတို့က ပြပေးတယ်။ ဒီလို လုပ်လိုက်တော့ သူတို့တတွေထဲမှာ AIDS ရောဂါ ပိုးဝင်နှုန်းဟာ သိသိသာသာ ကျဆင်းသွားတာ တွေ့ရတယ်။ ဒါတွင် မကသေးဘူး သူတို့ကနေပြီး သူတို့ရဲ့ ဖောက်သည်တွေကို အိမ်မှာလည်း ဒီလိုပဲ “ကွန်ဒွန်” ကို သုံးပါလို့ တိုက်တွန်း နှိုးဆော်လိုက်သေးတယ်တဲ့။ ဒါကတော့ လူတွေထဲမှာ AIDS မပြန့်ပွားရအောင်ဆိုတဲ့ သူတို့ရဲ့ စေတနာပါ။ ပြည့်တန်ဆာ ပြဿနာကို ချည်းကပ်ကိုင်တွယ်ဖို့ အတွက် ပထမ လိုအပ်ချက်ကတော့ သူတို့ဟာ ဘယ်သူတွေလဲဆိုတာ ပြတ်ပြတ်သားသား သိထားပြီး စာရင်းပြုစုပြီး မှတ်တမ်းတင်ထားရမယ်။ နောက်သူတို့ကို မျက်ခြည်မပြတ် စောင့်ကြည့်ပြီး AIDS ပိုးဝင်ပြီး / မဝင်ရသေးဆိုတာ သိရအောင် အချိန်မှန်မှန် စစ်ဆေးပေးရမယ်။

AIDS ပိုးစစ်ဖို့အတွက် လိုတဲ့ ပစ္စည်းကလည်း ဈေးကြီးတယ်။ လိုသလောက် ဖောဖောသီသီ မရနိုင်ဘူး။ ဒီတော့ ရှိတာကို ဘယ်လိုအများဆုံး အသုံးချထိုက်တယ် ဆိုတာကိုလည်း တွက်ချက်ပြီးမှ သုံးကြရမှာ။ ဒီတော့ AIDS အရှိအများဆုံးထင်တဲ့ နေရာဒေသမှာ ရှိတဲ့ ပြည့်တန်ဆာတွေကို ဦးစာပေး အစီအစဉ်ဆွဲပြီး စစ်ကြည့်ရမှာ။ ပိုးဝင်ပြီးသူတွေကို အခြားသူများနည်းတူ ပြုစုစောင့်ရှောက်ရမယ် ဆိုတာတော့ ပြောဖို့လိုမယ် မထင်ပါဘူး။ အရေးကြီးတာ တစ်ခုကတော့ AIDS ရောဂါ ဖြစ်နေပြီ မဟုတ်သည့်တိုင် ပိုးဝင်ပြီးသူဟာ ဒီပြည့်တန်ဆာ အလုပ်ကို လက်လွတ်ရမယ်။

ဒီတော့ သူအသက်မွေးဝမ်းကျောင်းအတွက် ဘယ်လို လုပ်ပါ့မလဲ၊ ကြံစည်တွေးဆ ထားကြရမယ်။ သူဟာ ထောက်ပံ့မှု တစ်နည်းမဟုတ် တစ်နည်း မရရင် အငတ်တော့ခံမှာ မဟုတ်ဘူး။ သူလုပ်တတ်တဲ့အလုပ် ဆက်လုပ်ဖို့ရာ သေချာသလောက်ပဲ။ AIDS ဆိုတာကလည်း ရောဂါပိုး ဝင်ပြီး လူမှာဘာမှ မယ်မယ်ရရမဖြစ်တဲ့ လူကောင်းလိုနေ စား သွားနိုင်တဲ့ ကာလကလည်း တော်တော် ကြာနိုင်တော့ သူဘာမှ မလုပ်ဘဲ ထိုင်ပြီး နေလို့လည်း ဖြစ်မှာမဟုတ်ဘူး။ ဒါတွေကို လက်တွေ့ကျကျ စဉ်းစားပြီး တကယ်လုပ်တဲ့ အခါမှာ လုပ်လို့ဖြစ်မယ့် စီမံချက်တွေကို ဖော်ထုတ်ဖို့ လိုနေပါတယ်။

ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ရေးသားသော “လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်း” စာအုပ်မှ ပြန်လည်ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top