28
Feb

AIDS နှင့် မြန်မာ (၅)

အမေရိကန်ပြည် အနောက်ဘက်ကမ်းရိုးရှိ နာမည်ကြီး အမေရိကန်မြို့တော် ဆန်ဖရန်ဆစ္စကိုမြို့ကြီးရဲ့ အလယ် ဒုစရိုက်တွေ များလှပါတယ်ဆိုတဲ့ အဲလစ်လမ်း ညအချိန် မှောင်ရိပ်ကျတဲ့ နေရာမှာ အမျိုးသမီးငယ်တစ်ဦးကို အရပ်ဝတ်ရဲက ရပ်မေးပြီး “လူသွားပလက်ဖောင်း ပိတ်ဆို့မှု” ဆိုကာ စွဲချက်ပြုလိုက်တယ်။ သူရဲ့ ရာဇဝတ်မှု မှတ်တမ်းကတော့ ထူးခြားတယ်လို့ ခေါ်ရမှာပါ။ သူ့အသက်က ၃၄ နှစ်၊ အမည်က “စစ်(လ)ဗားနား” ၅ နှစ်အတွင်း ၃၂ ကြိမ် အဖမ်းခံထား ရတယ်။ ခိုးမှု၊ ဓားပြမှုပါတယ်။ ဒီနေရာကို “ကျွမ်းပြီး” လုပ်ရည်ဝနေသူ ရဲအနေနဲ့တော့ သူ့ကို ကြည့်လိုက်တာနဲ့ သူ့လက်မှာ အညိုမည်းစက် အပ်ရာကလေးတွေ တွေ့လိုက်တယ်။ သူ့ကို ဆေးရုံခေါ်သွားပြီး ရဲတွေက AIDS ရှိမရှိ စစ်ပါလို့ ဆိုတယ်။ အဲဒီတုန်းက AIDS စစ်နည်း အခွင့် လိုက်စင်မရသေးလို့ စစ်ပေးလို့ မရသေးဘူးလို့ ဆေးရုံက ပြောတယ်။

ဒါနဲ့ပဲ သူ့ကို ပြန်လွတ်လိုက်ရတယ်။ သူရဲ့ အဖော်ယောက်ျားလည်းဖြစ်၊ အထိန်းလည်း ဖြစ်တဲ့ “တိုနီ”ဆီ ပြန်သွားတယ်။ သူ ဒီဘဝကို ဘယ်လို ရောက်လာသလဲ၊ သူဟာ ဆန်ဖရန်ဆစ္စကို ဆင်ခြေဖုံးရပ်ကွက်မှာနေတဲ့ မိကောင်းဖကောင်း မျိုးနွယ်ဖြစ်တဲ့ အီတာလျံ မိသားစုက သမီးငယ်ဖြစ်တယ်။ ၁၉၆၈ ခုနှစ် “ကာတိုလစ်” အထက်တန်းကျောင်းက အထက်တန်းအောင်ခဲ့တယ်။ အဲဒီအခါတုန်းကတော့ ဒီလို အရွယ်သူတွေ ထုံးစံအတိုင်း ငယ်ရွယ်သူပီပီ သူ့ရဲ့ရှေ့ရေးနဲ့ ကမ္ဘာကြီး တစ်ခုလုံးအပေါ် မျှော်လင့်ချက် အားထားချက်ကြီးတွေ အပြည်နဲ့ ဖြစ်တယ်။ ကိုယ့်အပေါ်ကိုယ် ယုံကြည်မှုတွေ သိပ်ထားခဲ့တဲ့ အချိန်ပေါ့။ ငါ လူကြီးဘဝကို ဝင်နေပြီ၊ လွတ်လပ်စွာ ငါ့ဘဝ ငါဖန်တီးလို့ ရတော့မယ်ဆိုပြီး စိတ်မာန်တက်နေချိန်၊ သာယာတဲ့ ရှေ့ဘဝကို မျှော်လင့်နေတာ။

ဒါပေမယ့် သူမက်ခဲ့တဲ့ အိမ်မက်ကြီးဟာ တကယ်ဖြစ်မလာဘူး။ အလုပ်လည်း ရုတ်တရက်မရဘူး။ ဒီအချိန်မှာ “တိုနီ” နဲ့ စတွေ့ပြီး ဆေးတေါ စလုပ်တော့တာပဲ။ တိုနီနဲ့ ကလေး တစ်ယောက်ရတယ်။ စားဝတ်နေရေးကလည်း ကြပ်တည်း၊ အထူးသဖြင့် ကတော့ ဟီးရိုးအင်း (ဆေး) အတွက် ငွေလိုနေတော့ နောက်ဆုံး အလွယ်ငွေရှာနည်းဘက်ကို စစ်(လ)ဗားနား လှည့်တော့တာပဲ။ တိုနီကလည်း အားပေးတယ်။ ငွေကလည်း ရပါတယ်။ ဒီလိုနေရာကနေ AIDS အကြောင်း ကြားလာတယ်။ ဆေးထိုးအပ်တစ်ချောင်းတည်းကို အတူတူ တစ်လှည့်စီသုံးရင် ရနိုင်ကြောင်း သိလာရတယ်။ ဒါပေမယ့် နောက်ကျသွားပြီ၊ တိုနီမှာ AIDS ရောဂါ စနေပြီ။ သူဒါနဲ့ပဲ ဆေးရုံတက်ရတယ်။ ဒါပေမယ့် သူ့နေမှုစရိုက်ကိုတော့ တိုနီက မပြောင်းဘူး။ ပြောင်းလို့လည်း မရတော့ဘူး၊ ဆေးကစွဲနေပြီကိုး။

သူ့ရဲ့ “မိတ်ဆွေကောင်းကြီး” တွေကလည်း တိုနီကို ဆေးခိုးယူလာပြီး ပေးကြတယ်။ အားလုံး အပ်အတူတူ သုံးကြသေးတယ်။ အခုလည်း တိုနီ နေလို့မကောင်းဘူး၊ သူတို့ ၂ ယောက်နေတဲ့ ခပ်စုတ်စုတ် ဟိုတယ်ခန်းထဲက အိပ်ယာထဲမှာ လဲနေတယ်။ ဒီတော့ စစ်(လ)ဗားနား ဘာလုပ်မလဲ။ ရှည်ရှည်ဝေးဝေးတော့ အတွေးနိုင်သေးဘူး။ ဒီညအတွက် ပြောရမယ်ဆိုရင်တော့ သူ “အလုပ်” ထွက် လုပ်ရမှာပဲ။ တိုနီကမှ အလုပ်မလုပ်နိုင်တာ၊ တိုနီကလည်း စစ်(လ)ဗားနားကို အလုပ်ဆက်လုပ်နေစေ ချင်တာပဲ။ ဒါမှ သူဟီးရိုးအင်းအတွက် ငွေရမှာကိုး။ “ဟုတ်တယ် သူတို့ တီဗွီမှာပြောတာ မှန်တယ်။

ဒီဆေးစွဲတယ်ဆိုတဲ့ ကိစ္စဟာ ဝင်လို့တော့ ရတယ်။ ထွက်လို့မရတဲ့ ကိစ္စ”လို့ စစ်(လ)ဗားနားက စိတ်ပျက်စွာနဲ့ မှတ်ချက်ချလိုက်တယ်။ သူလည်း AIDS ရောဂါ ပြန့်ပွားမှာ စိုးပါတယ်၊ မလိုလားပါဘူး။ အဲဒီအချိန်မှာ သူ့ဂလင်းအကြိတ်တွေ ကြီးနေပြီ။ ညအိပ်ရင်လည်း ချွေးတွေထွက်ထွက်နေလို့ အိပ်ကောင်းခြင်း မအိပ်ရဘူး။ တစ်နေ့လုံး အချိန်မပြတ် နုံးချည့်ချည့်နဲ့ မောနေတယ်။ သူ့မှာ AIDS အစပျိုးနေပြီ။ ဒါဖြင့် ဘာကြောင့် ဒီည ဒီအလုပ်လုပ်ဦးမှာလဲ။ သူ့အတွက် အခြားငွေရှာတဲ့နည်း မရှိဘူး၊ မသိဘူး၊ ဒါကြောင့်ပဲ။

ဒီမှာ စဉ်းစားစရာက လူတွေဟာ ပြည့်တန်ဆာတွေအပေါ် ဘယ်လိုမြင်သလဲ။ အများကတော့ ဒုစရိုက်ကောင်တွေ၊ ယုတ်မာသူတွေ၊ “လူကောင်း”တွေကို ဖျက်ဆီးနေသူတွေလို့ ဆိုကြတတ်တယ်။ ဒါဟာ တကယ်ပဲလား။ ဖြောင့်မတ် မှန်ကန်တဲ့ ဖြစ်ရပ်မှန်လို့ ယုံကြည်သလား။ အကြောင်းအရာ တစ်ခုပေါ်မှာ ထင်မြင်ယူဆချက်ကို အတည်တကျ အဆုံးအဖြတ် မပေးခင် ဒီအကြောင်းအရာရဲ့ အရင်းခံ သဘောသဘာဝ ကုန်စင်ကို ရှင်းရှင်းလင်းလင်း သိထားဖို့ လိုပါတယ်။ အပေါ်ယံသာ မြင်ပြီး ကောက်ချက်ချလိုက်ရင် မမှန်တတ်ပါဘူး။ ပြည့်တန်ဆာ ဘဝကို နှစ်ခြိုက်လို့ သူတို့ကိုယ်တိုင် သဘောအလျောက်ရွေးပြီး လုပ်တဲ့သူတွေလည်း ရှိမှာပါ။ ဒါပေမယ့် အခု ကမ္ဘာပေါ်ရှိ ပြည့်တန်ဆာအများစု ကတော့ ဆင်းရဲခြင်း၊ အလုပ်လက်မဲ့ ဖြစ်ခြင်း၊ အရင်းအနှီး မရှိခြင်း စသည့် ဘယချို့တဲ့မှုကို အရင်းခံပြီး ဆင်းရဲနွမ်းပါးမှုနဲ့ ငတ်ပြတ်ဘေးကို ရင်ဆိုင်နေရတာကြောင့် သူတကာ စက်ဆုပ်လှတဲ့ နိမ့်ကျလွန်းတဲ့ ဘဝကို ရောက်ကြရတာပါ။

အခြားအလုပ်သာ ရှိရင် လူ့အဖွဲ့အစည်းကလည်း ဖေးဖေးမမနဲ့ သူတို့အပေါ် ကရုဏာသက်မှု နားလည်မှုနဲ့ ဆက်ဆံမည်ဆိုရင် ဒီပြည့်တန်ဆာတွေ အများကြီး ရှိပါတယ်။ သိကြတဲ့အတိုင်း ဒီအလုပ်လုပ်တဲ့ ကာယကံရှင်တွေရတဲ့ ဝင်ငွေဟာ သူတို့ကို ထိန်းချုပ်ထားပြီး ခေါင်းပုံဖြတ် မတရားလုပ်နေသူတွေရတာနဲ့ မမျှတပါဘူး။ ဒါကြောင့် အချို့တိုင်းပြည်တွေမှာ ဒီအလုပ် မလုပ်ရအောင် သူတို့အတွက် အခြားအလုပ်တွေ ဖန်တီးပေးပါလို့ တောင်းဆိုလာတာတွေ ရှိနေပြီ။ ထိုင်းနိုင်ငံမှာ အမျိုးသမီးတွေ ဆန္ဒပြကြစဉ်က အစိုးရတွေဟာ ကမ္ဘာလှည့် ခရီးသည်တွေ ထိုင်းကို လာချင်အောင် မြှူဆွယ်ရေးအတွက် သုံးတဲ့ငွေရဲ့ ၂၀ ပုံ ၁ ပုံသာ AIDS ကာကွယ်ရေးအတွက် သုံးတယ်လို့ စွပ်စွဲကြတယ်။ ထိုင်းနိုင်ငံလောက် ပြည့်တန်ဆာ ပြဿနာ မတတ်သေးတဲ့ မြန်မာအတွက် မှတ်သားလေ့လာနာယူဖွယ် သင်ခန်းစာတွေလို့ ဆိုရင် မမှားဘူး ထင်တယ်။

ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ရေးသားသော “လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်း” စာအုပ်မှ ပြန်လည်ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top