4
Mar

AIDS နှင့် မြန်မာ (၆)

ဒီစာအုပ်ထဲမှာ ပြည့်တန်ဆာအကြောင်း တော်တော်ရေးတာပဲလို့ ထင်ကြလိမ့်မယ်။ ဘာကြောင့် ဒီလိုရေးနေတာလဲ၊ တိုတိုပြောရရင်တော့ အရေးကြီးလွန်းလို့ လို့ပြောရမှာပဲ။ ဒီပြဿနာက AIDS တိုက်ဖျက်ရေးမှာ လုံးဝ လက်လွှတ်ထားလို့ မရတဲ့ ကိစ္စ ဖြစ်နေတယ်။ နောက်ဆုံး AIDS အစဉ်တစိုက် တရိပ်ရိပ်ပွားမယ့် Hetero - sexual transmission (လိင်မတူဆက်ဆံမှုကြောင့် ပွားခြင်း) အဆင့်ကို အမြန်ပို့ပေးနေတာက ပြည့်တန်ဆာနဲ့ မူးယစ်ဆေးထိုးမှုပဲ၊ ဒီနှစ်ချက်ကလည်း တိုက်ရိုက် ဆက်နွယ်နေပြန်တယ်။

ရည်မှန်းချက် စေတနာ နောက်တစ်ခု ရှိပါသေးတယ်။ ပြည့်တန်ဆာပြဿနာဟာ တစ်ကမ္ဘာလုံးမှာ ကြီးထွားနေပါတယ်။ ဒီပြဿနာဟာ ဟိုးရှေးပဝေသဏီ ကတည်းက ရှိခဲ့တာပဲ။ ဘာလုပ်လုပ် ထူးမှာတဲ့လားလို့ စောဒက တက်သူတွေရှိမယ်။ ဟုတ်ပါတယ်။ ပြည့်တန်ဆာဆိုတာ မှတ်တမ်းတင်လို့ရတဲ့ လူ့သမိုင်း စကတည်းက ရှိတယ်လို့ ဆိုကြတယ်။ ဒါပေမယ့် အခုအခြေအနေလောက် မဆိုးဘူး။ ဒီကြီးထွားမှုရဲ့ အရင်းအမြစ်ကတော့ ဆင်းရဲမှုနဲ့ လူမှုရေးကြောင်းအင် တွေပဲ။ တကမ္ဘာလုံးမှာ ဆင်းရဲသူနဲ့ ချမ်းသာသူတွေ ကွာဟမှုဟာ ကျဉ်းမသွားပဲ ပိုပြီး ကျယ်လာတယ်။ ဒါနဲ့အမျှ ဆင်းရဲသူတွေ ပိုရှိမယ်၊ ဆင်းရဲမှုရဲ့ တိုက်ရိုက်အကျိုးဆက်တစ်ခုက ဒီဒုစရိုက်မှုပဲ။ ဒီတော့ လူတိုင်းလူတိုင်းမှာ ဒီပြဿနာကြီးကို တတ်နိုင်တဲ့ ဘက်ကနေပြီး ထိန်းသိမ်းပေးဖို့နဲ့ ပြေလည်စေဖို့အတွက် ကူညီဖို့ တာဝန်ရှိပါတယ်။

AIDS ပြန့်ပွားမှုမှာ နောက်အရေးကြီးတဲ့ ကဏ္ဍဖြစ်တဲ့ မူးယစ်ဆေးထိုးမှု ပြဿနာကို ကြည့်မယ်ဆိုရင် ဒီပြဿနာဟာ အရင်ကတည်းက ဆိုးဝါးပြီး ကြောက်စရာကောင်းတဲ့ အဖြစ်ဆိုးကြီးပါ။ တိုက်ဖျက်ဖို့ကလည်း ခက်ခဲပါတယ်။ တစ်ကမ္ဘာလုံးရင်ဆိုင်နေရတဲ့ တကယ့်အန္တရာယ်ဆိုကြီးပဲ။ အခုတစ်ခါ AIDS ဝင်လာပြန်တော့ အဆမတန် ပိုပြီး ကြီးမားတဲ့ ပြဿနာကြီး ဖြစ်သွားတာပေါ့။ ဆေးစွဲမှုဟာ ကလေးမလေးတွေ ပြည့်တန်ဆာ ဖြစ်ရတာနဲ့လည်း ဆက်နေ၊ အထက်က စစ်(လ)ဗားနားရဲ့ ဖြစ်အင်ကိုပဲ ရှုပါတော့။

ဒီတော့ သွေးကြောသွင်း ဆေးထိုးမှု+ပြည့်တန်ဆာ = AIDS ပြန့်ပွားခြင်းလို့ မြင်ရမှာ ဖြစ်နေတယ်။ ဒီအန္တရာယ် ကြီးမားမှန်းသိလို့ ကမ္ဘာအရပ်ရပ်မှာ ကြိုးစားပြီး တိုက်ဖျက်နေပေမယ့် ဘက်တစ်နေရာမှာမှ ထူးခြား အောင်မြင်တယ်လို့တော့ မဆိုနိုင်သေးဘူး။ စိတ်ချရတဲ့ နည်းတစ်နည်းကတော့ မူးယစ်ဆေး (supply) မရအောင် လုပ်ပေါ့လို့ ဆိုနိုင်တယ်။ ဒါမှ မဟုတ်လည်း ဆေးမထိုးဘဲနေပေါ့လို့လည်း ဆိုနိုင်သေးတယ်။ ဒီလို အဖြေတွေက လွယ်လွယ်ကလေးဖြစ်သလို ပြောလိုက်တာပါ။ ပြောရတာ လွယ်သလောက် လက်တွေ့ အကောင်းအထည်ဖော်ဖို့ ခက်လှပါတယ်။

ဆေး “ဆပ်ပလိုင်း” ကိစ္စကဆိုရင် စီးပွားရေး နိုင်ငံရေးတွေနဲ့ ရောပြွမ်း ရှုပ်ထွေးနေတာမို့ အမြစ်ကို သုတ်သင်ဖို့ အင်မတန်မှ ခက်နေပါတယ်။ ကမ္ဘာတစ်ဝန်း အကောင်းဖြစ်စေချင်သူ အင်အားစုက ကြိုးစားနေဆဲ ဆက်လက်ဆင်နွှဲနေဆဲဖြစ်တဲ့ တိုက်ပွဲတစ်ခုပါ။ ဒီတော့ လက်တွေ့ကျကျ တကယ်လုပ်နိုင်တာတွေကို ဦးတည်ပြီး စဉ်းစားရမှာ ဖြစ်တယ်။ AIDS ပါလာတော့ ကိုယ်တိုင်ဆေးမသုံးသူ (မထိုးသူ) တောင်မှ ကူးသက်လာနိုင်တဲ့ အခြေ ဖြစ်နေတာကိုး။ ဒီတော့ ဒီပြဿနာကို လုံးဝ မချေမှုန်းနိုင်သည့်တိုင် ကြီးတာကို သေးအောင် လုပ်ကြစို့လားလို့ တွေးရမှာ ဖြစ်တယ်။ အခြား တိုင်းပြည်မှာ ဖြစ်နေတာတွေကို လေ့လာပြီး ကိုယ့်အခြေအနေ ရေမြေနဲ့ လိုက်အောင် တစ်မျိုးတစ်ဘာသာ ပြုပြင်ပြီး စမ်းသပ်လုပ်ကြည့်ရမှာ ဖြစ်တယ်။

အခြားနေရာတွေမှာတော့ ဒီစာအုပ်တစ်နေရာမှာ ဖော်ပြပြီးတဲ့ အတိုင်း (၁) မူးယစ်ဆေးထိုးသူတွေကို AIDS ဘယ်လို ကူးနိုင်တယ်။ အန္တရာယ် ဘယ်လောက်ကြီးမားတယ်ဆိုတဲ့ အစစ်အမှန် အကြောင်းအင်တွေကိုသိအောင် ပညာပေးခြင်း။ (တစ်ယောက်မကျန်အထိ ဒီပညာပေးမှု ရောက်ဖို့ရာ လိုတယ်။) (၂) ကာကွယ်မှုအတွက်ကို ဘာတွေ ဘယ်လို လုပ်ရမယ်ဆိုတာ ဂဃဏန သိအောင် ရှင်းလင်းစွာ သင်ပြထားခြင်း။ (၃) ဒီကာကွယ်မှု လုပ်ဆောင်ချက်တွေ အောင်မြင်ရာအောင်မြင်ကြောင်း အတွက် “အစိုးရ” လူထု စသည်တို့မှ ဖေးမ ကူညီပေးခြင်းတို့ ဖြစ်တယ်။

စကော့တလန်ပြည်ရဲ့ မြို့တော် အီဒင်ဘာရာမှာ ရှိတဲ့ မူးယစ်ဆေး ထိုးသူရဲ့ ၅၀% မှာ AIDS ပိုး ရှိနေပြီလို့ သိထားရတယ်။ အီဒင်ဘာရာလိုပဲ မြို့တစ်မြို့ဖြစ်တဲ့ အင်္ဂလန်ရှိ လီဗာပူး (လ) မှာတော့ မူးယစ်ဆေး ထိုးသူတွေဟာ အီဒင်ဘာရာလိုပဲ အများအစား ရှိပေမယ့် AIDS ပိုး ဝင်ပြီး သူတွေကတော့ မဆိုသလောက်ဘဲ ရှိတယ်တဲ့။ ဘာကွာလို့လဲလို့ စုံစမ်းကြည့်တော့ တွေ့တဲ့ အချက်တစ်ခုက လီဗာပူး(လ)မှာ မူးယစ်ဆေးစွဲ တိုက်ဖျက်မှု စီမံချက်ဟာ ကောင်းလည်းကောင်းတယ်။ တက်တက်ကြွကြွ အင်တိုက်အားတိုက် လုပ်ကြတယ်။ ဒါပြင် မူးယစ်ဆေးထိုးသူတွေ အတွက် ပိုးသန့်စင်ပြီး ဆေးထိုးအပ်တွေ လိုချင်တဲ့အခါ ရအောင် အလကား ဝေငှပေးတယ်။

ဒီတော့ မူးယစ်ဆေးထိုးသူ တွေထဲမှာ AIDS ပိုးဝင်မှု နည်းစေချင်ရင် အခုအချိန်အထိ အောင်မြင်မှုရှိတယ်လို့ ဆိုနိုင်တဲ့ လုပ်ဆောင်ချက်တွေကတော့ (၁) မူးယစ်ဆေး ကုသမှု (ကာကွယ်မှု) စီမံကိန်းကောင်း တစ်ခုကို ကောင်းမွန်ထိရောက်စွာ အကောင်အထည်ဖော်ပြီး တက်ကြွတဲ့ သူတွေကို အသုံးပြုရမယ်။ ဒီလို လူမျိုးတွေ များများလိုတယ်။ မူးယစ်ဆေးဝါး ကုသမှုဟာ စိတ္တဇအထူးကု ဆရာဝန်မှသာ လုပ်ရမယ့် အလုပ် မဟုတ်ပါဘူး။ အချို့နေရာတွေမှာဆိုရင် မူးယစ်ဆေးဝါး ပြတ်ပြီး သူတွေက စေတနာ့ ဝန်ထမ်းအဖြစ်နဲ့ ကူပြီး ဆေးမပြတ်သေးသူတွေကို ရှာပေးခြင်း၊ ကုသဖို့ရာ တိုက်တွန်းခြင်း စသည်တို့ လုပ်ဆောင်ပေး ကြတယ်။

(၂) ဆေးစွဲနေသူတွေကို “ကွန်ဒွန်” ဝေငှပေးတယ်။ (၃) ပိုးသန့်စင်ပြီး ဆေးထိုးအပ် ပေးတယ်။ (သို့မဟုတ်) အပ်ကို ပိုးသတ်ရန် (ပိုးသန့်စင်ရန်) အတွက် Bleach (ဘလိခ်ျ) မှုန့် ဝေငှပေးတယ်။ (၄) ဆေးပြတ်လိုသူတွေကို လိုသလို အစားထိုးဆေး စသည်တို့ကို ပေးပြီး ကြပ်မတ်ကုသ ပေးတယ်။

ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ရေးသားသော “လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်း” စာအုပ်မှ ပြန်လည်ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top