AIDS နဲ့ မြန်မာ အခုအခြေအနေ လေ့လာရင် တွေ့ရတာကတော့ လူတွေဟာ AIDS အပေါ် စိတ်ဝင်စားမှု ရှိပုံရပါတယ်။ ဒါပေမယ့် ဘယ်လောက်အထိ သိကြသလဲတော့ မပြောနိုင်ဘူး။ သိထားတဲ့ သတင်းတွေကကော မှန်ရဲ့လား။ ကောလာဟလတွေပဲ များနေသလား။ အထူးအရေးကြီးတာကတော့ အထက်က တင်ပြခဲ့သလို ကူးဖို့ရာနဲ့ ပြန့်ဖို့ရာ အန္တရာယ်အများဆုံးရှိတဲ့ အုပ်စု နှစ်အုပ်စု (ဆေးဝါးထိုးသူနဲ့ ပြည့်တန်ဆာ) AIDS အကြောင်း ကာကွယရန် ဘာလုပ်ရမလဲဆိုတာ တစ်ယောက်မကျန် သိထားအောင် လုပ်ရမယ်။
AIDS ဟာ ဂေးတွေ ဖြစ်တဲ့ ရောဂါပဲလို့ ထင်နေကြတုန်းပဲလား။ လွန်ခဲ့တဲ့ ၆-၇ နှစ်က နယူးယောက်မြို့မှ မူးယစ်ဆေးထိုးသူ လူငယ်တစ်ဦးကို AIDS အကြောင်း သိကောင်းစရာတွေ ပညာလာပေးတော့ ဟေ့ ကျွန်တော် ဂေး မဟုတ်ဘူး။ AIDS နဲ့ ပတ်သက်ပြီးတော့ O.K မှာ ပြနေတာလို့ ပြောတယ်။ သူ့အန္တရာယ် သူမသိဘူး။ ပညာပေးရာမှာလည်း ထိရောက်ဖို့ရာက နည်းပရိယာယ်တွေ သုံးရဦးမှာ၊ ပါးနပ်စွာနဲ့ လိုရာကို မရောက် ရောက်အောင် သိမ်မွေ့စွာ ချဉ်းကပ်ဖို့ လိုတဲ့အခါ မျိုးလည်း ရှိတယ်။
AIDS ရဲ့ မျက်မှောက် (၁၉၉၃ အစောပိုင်း) အခြေအနေကို တင်ပြရရင်တော့ အရင် ၅ နှစ်လောက် ထင်ထားတဲ့ အတိုင်း AIDS ဟာ မြန်မာပြည်တွင်းမှာ ရေရေလည်လည် ပြန့်နေပါပြီ။ အခြေအနေအရ နယ်စပ်ဒေသမှာ တိကျတဲ့ ကွင်းဆင်းမှတ်တမ်းတွေ ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်လို့ ကိန်းဂဏန်းနဲ့တော့ ပြောလို့မရသေးပါ။ တစ်နည်းပြောရရင် AIDS တကယ်ပဲ တက်ကြွစွာ တိုးပွားနေတဲ့ နေရာတွေက အထိန်းအချုပ် လျော့ရဲတဲ့ နေရာတွေ ဖြစ်နေတော့ အခြေအနေမှန်လည်း တိကျစွာ မသိနိုင်ဘူး။
ပညာပေးမှု စသည့် AIDS ကာကွယ်ရေးကိုလည်း ဇောက်ချမလုပ်နိုင် ဖြစ်နေတယ်။ အဲဒီဆီက AIDS နဲ့ ပတ်သက်တဲ့ သတင်းကိုလည်း စုံစုံစေ့စေ့ မသိရ ဖြစ်နေတာပေါ့။ သေချာတာ တစ်ခုကတော့ မင်နှိပ် စက္ကူအနားမှာ မင်စက်ချလိုက်လျှင် မင်တွေဟာ စက္ကူရဲ့ အတွင်းဘက်ကို ပြန့်သွားနေသလို AIDS ဟာလည်း လူထုအတွင်းမှာ ပြန့်နေတယ် ဆိုတာပဲ။ မင်စွန်းတာလို မျက်စိနဲ့ မမြင်ရလို့သာ။ ဒီ ပြန့်ပွားမှုလှိုင်းကြီးဟာ နယ်စပ်ဒေသဖြစ်တဲ့ မြောက်ဘက် ကချင်ပြည်နယ်မှ အလယ် ရှမ်းပြည်နယ် (ရွှေတြိဂံဒေသ) မှ တောင်ဘက် တနင်္သာရီ (ကောကရိတ်) ထိုင်းနယ်စပ် အထိကနေပြီး ပြည်တွင်းပြည်မဘက် တရွေ့ရွေ့ အစဉ်တစိုက် တိုးလာနေပါပြီ။
နောက် ၅-၁၀ နှစ်အတွင်းမှာ AIDS ရောဂါရှင် လူနာတွေ သိသိသာသာကြီး ပြည်မဘက်မှာ တွေ့လာရမှာ မလွဲပါဘူး။ ဒီရှေ့တန်း (FRONT LINE) မှာ ရွပ်ရွပ်ချွံချွံ အပူတပြင်း AIDS တိုက်ပွဲကို မဆင်နွှဲနိုင်ရင် ဒုက္ခရောက်ကြတော့မှာ ဖြစ်တယ်။ အာမှမှာ ယခုအခါမှာ စီးပွားရေး ကဏ္ဍဟာ တကယ်ပဲ ထူးခြားမြန်ဆန်စွာ တိုးတက် ဖွံ့ဖြိုးလျက် ရှိပါတယ်။ ဒါပေမယ့် AIDS ကို ထိထိရောက်ရောက် မချိုးနှိမ်နိုင်ရင် ဒီစီးပွားရေး တိုးတက်မှုကြောင့် ရလာတဲ့ အကျိုးသက်ရောက်မှုတွေဟာ အချည်းအနှီး ဖြစ်သွားမှာ စိုးရတယ်။ လူ့အသက်လည်းဆုံး၊ စီးပွားရေးလည်း ကျဆုံးလာမှာ ဖြစ်တယ်လို့ သုတေသီ AIDS ပညာရှင် တစ်ဦးက ဆိုထားတယ်။
ဒီဆိုစကားဟာ အခုမြန်မာပြည်အခြေနဲ့ သိပ်ပြီးအပ်စပ်နေပါတယ်။ မြန်မာမှာ AIDS ကလည်း တစ်ဘက်က ပွားနေ၊ တဘက်ကလည်း စီးပွားရေး ထိထိရောက်ရောက်လုပ်လို့ တက်လာမယ့်အခြေ ဖြစ်နေတယ် မဟုတ်လား။ ရွှေတြိဂံဒေသနဲ့ ဆက်နေတဲ့ နေရာမှာ မူးယစ်ဆေးဝါး သုံးစွဲမှုရော ပြည့်တန်ဆာလုပ်ငန်းရော အင်မတန်တွင်ကျယ်စွာ ရှိနေကြပါတယ်။ ပြည့်တန်ဆာ လုပ်ငန်းဟာဆိုရင် ဒေသဆိုင်ရာမှာသာ လှုပ်ရှားနေတာ မဟုတ်ဘူး။ ထိုင်းကနေ အိမ်နီးချင်း နိုင်ငံတွေလည်း သွင်းပို့နေကြပါသေးတယ်။
ဥပမာ မလေးရှားနိုင်ငံမှာဆို ပြည့်တန်ဆာတွေ ဖမ်းမိပြီဆိုရင် သူတို့တတွေဟာ ထိုင်းလူမျိုး၊ မြန်မာနဲ့ တရုတ်တို့ ဖြစ်နေတာ တွေ့ရတယ်။ ဒါကတော့ ထိုင်း (ဇင်းမယ်ဗဟိုပြုပြီး) ကနေ မြန်မာအမျိုးသမီးတွေနဲ့ ယူနန်တောင်ပိုင်းမှ တရုတ်အမျိုးသမီးတွေကို ခေါ်ယူပြီး တဆင့်ဖြန့်ချီပေးနေတာ။ ဒီတော့ မြန်မာမှာ AIDS ပြန့်ဖို့ အလားအလာကတော့ ဆက်လက်ကောင်းနေဦးမယ်။ ဒီတော့ AIDS ကာကွယ်ရေးကို လက်တွေ့ကျကျ အင်တိုက်အားတိုက် အပူတပြင်းလုပ်ဖို့ရာ လိုလှပါပြီ။ လက်နှေးရင် အင်မတန်မှ အန္တရာယ် ကြီးမှာပါ။
ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ရေးသားသော “လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်း” စာအုပ်မှ ပြန်လည်ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။




