18
Feb

AIDS COLUMN

AIDS
COLUMN

 

HIV
ပိုးရှိနေသူ တစ်ဦးအတွက် ကိုယ်လက် လှုပ်ရှားမှု လေ့ကျင့်ခန်း မှန်မှန်
ပြုလုပ်ပေးခြင်းဖြင့် စိတ်ဖိ စီးခြင်း၊ စိတ်ဓာတ်ကျခြင်းများ လျော့ပါး စေပြီး ကျန်းမာရေး
ကောင်းမွန် လာစေပါသည်။ လမ်းလျှောက် ခြင်း၊ ပြေးခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း
တို့အပြင် မိမိနှစ်သက်ရာ လှုပ်ရှားမှု တစ်ခုခုကို အားအင် မကုန်ခန်းစေသည့်
လေ့ကျင့်ခန်း မျိုးဖြင့်သာ ပြုလုပ်သင့်ပါသည်။ တစ်နေ့လျှင် နာရီဝက် သို့မဟုတ် ၁နာရီ
ထက်ကျော်၍ မလုပ်သင့်ပါ။ အကယ်၍ နုံးချည့်နေခြင်း၊အားနည်းခြင်း၊ ကြွက်သားများ နာကျင်
ခြင်း၊ ခံတွင်းပျက်ခြင်းတို့ ဖြစ်နေပါက လေ့ကျင့်ခန်း လုပ်ခြင်းကို ခေတ္တ
ရပ်နားထားပါ။ ဖျားခြင်းနှင့် အခြား ရောဂါကြီးများ ဖြစ်ပွား နေပါကလည်း လေ့ကျင့်ခန်း
လုပ်ခြင်းကို ခေတ္တ နားထားနိုင်ပါသည်။ အားအင်ကုန်ခန်း နုံးချည့်နေခြင်းများသည် HIV
ပိုးရှိသူများ ထံတွင် အဖြစ်များ တတ်သည်ဖြစ်ရာ လုံလောက်စွာ အနားယူသင့်ပြီ
ရက်ပေါင်းများစွာ နုံးချည့်နေပါက ဆရာဝန်ထံ ပြသရတော့ပေမည်။ ခရီးမသွားမီနှင့်
သွားပြီး အချိန်များတွင် လုံလောက်စွာ အနားယူသင့်ပြီး အင်အားကို အတတ်နိုင်ဆုံး ချွေတာ
သင့်ပါသည်။ ထို့ပြင် မိမိသွားရောက်မည့် ဒေသတွင် မိမိသောက်သုံး နေရသော ဆေးဝါးများ
အလွယ်တကူ ၀ယ်၍ မရနိုင်ပါက ဆေးဝါးများ လုံလောက်စွာ သယ်ဆောင် သွားသင့်ပြီး
အချို့နိုင်ငံ များတွင် အချိန်ကြာမြင့်စွာ နေမည့်သူများကို HIV ပိုးစစ်ဆေး၍
တွေ့ရှိပါက လက်မခံခြင်း များကြောင့် မိမိသွားရောက်မည့် နိုင်ငံ၏ သတင်း
အချက်အလက်ကို သေချာစွာ လေ့လာထားရန်လည်း လိုအပ်ပါသည်။

 

ထို့ပြင်
ကာကွယ်ဆေးများ ဖြစ်သည့် တိုက်ဖွိုက်၊ ပိုလီယိုရောဂါကာကွယ်ဆေးများသည် ကိုယ်ခံအား ကျနေသူများ
အတွက် ဘေးဥပဒ်ဖြစ်နိုင်သဖြင့် ထိုးနှံရမည့် ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ထမ်း များနှင့်လည်း
ဆွေးနွေး တိုင်ပင် ထားသင့်ပါသည်။ HIV ပိုးရှိနေသူများအဖို့ မိမိတို့ စားသုံးသော
အစာ နှင့် ရေတို့မှ တစ်ဆင့် ရောဂါပိုးများ ကူးစက်ခြင်း ခံရနိုင်သောကြောင့် အစားအစာ
များကို သန့်ရှင်းစွာ ချက်ပြုတ်ရန်နှင့် ရေကို ကျိုချက် သောက်သုံးရန် လိုအပ်ပါသည်။
ခုခံအား စနစ်များ ကျဆင်းချိန်တွင် ရောဂါများ ပိုမို ကူးစက်မှု လွယ်ကူသောကြောင့်
ပိုမို ဂရုစိုက်သင့်ပါ သည်။ HIV ပိုး ရှိနေသူချင်း တစ်ဦးနှင့် တစ်ဦး အာဟာရ
လိုအပ်ချက်များတော့ မတူညီကြပါ။ ရောဂါပိုး ရှိသူ၏ ကျန်းမာရေး အခြေ အနေ ပေါ်မူတည်၍
အာဟာရ လိုအပ်ချက်များ ပြောင်းလဲနိုင်ပါသည်။ ART ဆေးဝါးများ သောက်သုံး နေသူများ
အနေဖြင့် ဆရာဝန် ညွှန်ကြားထားသည့် အတိုင်း အစားအစာ များကို တိကျစွာ လိုက်နာပြီး
စားသုံးသင့်ပါသည်။ အစာ အာဟာရတွင် အုပ်စု သုံးမျိုးရှိရာ ခွန်အား ဖြစ်စေသော အစာ၊
ခန္ဓာကိုယ် ကြီးထွား စေသော အစာနှင့် ရောဂါများ ကာကွယ်သော အစာဟူ၍ ရှိပါသည်။
ဂျုံစပါးသီးနှံ အစေ့တို့ တွင် ဗီတာမင်နှင့် သတ္တုဓာတ်များ ပါဝင်ပြီး အမျှင်ဓာတ်၊
အသားဓာတ်နှင့် ကစီဓာတ် များလည်း ၎င်း တို့မှ တစ်ဆင့်ရရှိသည် ဖြစ်ရာ ထမင်း၊
ပေါင်မုန့်၊ ကွေကာအုတ် စသည်တို့သည် ခွန်အားကို ဖြစ်စေ သော အစာအုပ်စုဝင်ပင်
ဖြစ်ပါသည်။

 

ခန္ဓာကိုယ်
ကြီးထွားစေသော အစာတွင် အမဲသား၊ ဆိတ်သား၊ ကြက်သား၊ဘဲသား၊ ငါးစသည်တို့ ပါဝင် ပြီး
သွေးအားနည်း ရောဂါကို ကာကွယ်ပေးသော သံဓာတ် အများအပြား ပါဝင်ပါသည်။ အသားအမျိုး မျိုး
ငါး၊ ပင်လယ်စာနှင့် ပဲအမျိုးမျိုး တို့သည် အသားဓာတ်၊ ဗီတာမင်နှင့် သတ္တုဓာတ်များ
ကြွယ်ဝသည့် အတွက် တစ်နေ့လျှင် နှစ်ကြိမ်၊ သုံးကြိမ် စားပေးသင့်ပြီး အသားမစား
ပါကလည်း တိုဟူး၊ မြေပဲ၊ ဥအမျိုးမျိုးနှင့် ပဲအမျိုးမျိုး တို့ကို စားသောက်
ပေးသင့်ပါသည်။ ရောဂါကာကွယ်သော အုပ်စုတွင် အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ
ပါဝင်နေသည် ဖြစ်၍ ဗီတာမင်၊ သတ္တုဓာတ်နှင့် အမျှင်ဓာတ်တို့ ကြွယ်ဝစေပါသည်။ ခန္ဓာကိုယ်
အတွက် အရေးကြီးသော ရေလည်း မြောက်မြားစွာ ပါဝင်သောကြောင့် အသီးအနှံနှင့်
ဟင်းသီးဟင်းရွက် များကို နေ့စဉ် သုံးကြိမ် စားပေးသင့်ပါသည်။ တစ်ခါစားလျှင် သစ် သီးတစ်လုံး
သို့မဟုတ် ချက်ပြုတ်ထားသော ဟင်းသီးဟင်းရွက် ပန်းကန်လုံး တစ်ဝက်ခန့် စားသုံးပေး သင့်ပါသည်။
ငှက်ပျောသီး၊ ပန်းသီး၊ လိမ္မော်သီး တို့သည် အဆာပြေ စားရန် အကောင်းဆုံးသော သီးနှံ များပင်
ဖြစ်ပါသည်။ ထို့ပြင် နို့နှင့် နို့ထွက် ပစ္စည်းများမှလည်း ကယ်လ်စီယမ်နှင့်
အသားဓာတ်တို့ ရရှိ နိုင်သဖြင့် တစ်နေ့လျှင် နှစ်ကြိမ် စားသုံး ပေးခြင်းဖြင့်
သတ္တုဓာတ်များ ရရှိ စေနိုင်ပါသည်။ အချို့သူ များသည် နို့နှင့်နို့ထွက်ပစ္စည်းတို့တွင်
ပါဝင်သော သကြားဓာတ်တစ်မျိုး လက်တို့စ်နှင့်ဓာတ် မတည့် ဖြစ်တတ်သောကြောင့် လက်တို့စ်
ပါဝင်မှု နည်းသော နို့နှင့်နို့ထွက် ပစ္စည်းများကို ၀ယ်ယူ စား သုံးသင့်ပါသည်။

 

လူ၏
ခန္ဓာကိုယ်တွင် ရေသည် မရှိမဖြစ် လိုအပ်သည် ဖြစ်၍ သန့်ရှင်းသော ရေရှစ်ဖန်ခွက်ခန့်ကို
နေ့စဉ် သောက်ပေးရပါမည်။ အကောင်းဆုံးမှာ ရေကို ကျိုချက်သောက်ရန်နှင့်
ရေသန့်ဘူးများသာ သောက် သင့်ပါသည်။ ယခုခေတ်တွင် ဗီတာမင်နှင့် အားဆေးများ အများအပြား
ပေါ်ပေါက်နေရာ တတ်ကျွမ်း သော ဆရာဝန် ညွှန်ကြားပေးသည့် အားဆေးကိုသာ သောက်သင့်ပြီး
အားဆေးများကို အလွန်အကျွံ မသောက်သင့်ပါ။ အခွင့်အရေးယူ ၀င်ရောက်လာသော ရောဂါများတွင်
များသောအားဖြင့် လူ၏ ပါးစပ် အတွင်း၌ မှက္ခရုအဖြစ် ပေါက်လေ့ရှိပြီး အခြားပါးစပ်
အနာများလည်း ဖြစ်လာပါက ဆေးသောက်ခြင်း သို့မဟုတ် စားသောက်မှု
ပုံစံပြောင်းလဲခြင်းဖြင့် ကုသနိုင်ပါသည်။ ပါးစပ်တွင် အနာများ ရှိနေပါက အချဉ်ဓာတ်
များသော အစာများ မစားသင့်ဘဲ ပန်းသီးဖျော်ရည်၊ နွားနို့၊ ပဲနို့စသည်တို့ကို အနာ သက်သာစေရန်
သောက်ပေးသင့်ပါသည်။ ရှောက်သီး၊ သံပရာသီး၊ ခရမ်းချဉ်သီး၊ လိမ္မော်သီး၊ ဂရိတ် ဖရုသီးတို့ကို
မစားသင့်ပါ။ ဆော်ဒါပါသော ဖျော်ရည်များ၊ ကော်ဖီပူပူ၊ လက်ဖက်ရည်၊ အရက် စသည် တို့ကို
ရှောင်ရမည်သာ ဖြစ်ပါသည်။ အစာများကိုလည်း ပျော့ပျောင်းသည့် အစာသာ စားသင့်ပြီး
ဆေးကြောင့် ဖြစ်ပေါ်လာသော ပါးစပ် ခြောက်သွေ့ခြင်းမှ ကာကွယ်ရန် ပီကေ၊ သကြားလုံးနှင့်
ပါးစပ် တွင် ဖျန်းသည့် ဆေးရည်များ သုံးစွဲနိုင်ပါသည်။ ကိုယ်အလေးချိန် ကိုလည်း အမြဲ
ထိန်းသိမ်း နေရပါ မည်။

 

Yatanarpon - AIDS COLUMN

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top