အေအာရ်တီဆေးဝါး ကုထုံးဖြင့် ကုသရန် လိုအပ်လျက်ရှိသည့် HIV ပိုးဖြင့် အသက်ရှင်နေထိုင်သူ ၄၀ ဦးခန့်သည် ကချင်ပြည်နယ်တွင် လက်ရှိဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် ဒုက္ခသည် စခန်းများသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း Myanmar Positive Group (MPG) ဥက္ကဋ္ဌက ပြောသည်။
“ကချင် အမျိုးသမီးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ KIO နဲ့ နီးစပ်တဲ့ စခန်းတွေဘက်ကို အများဆုံးရောက်နေတယ်လို့ သတင်းအချက်အလက်ရတယ်။ ဒီလူတွေကို ကူညီနိုင်ဖို့အတွက် ပြည်နယ်ကျန်းမာရေး ဦးစီးဌာနဘက်ရော၊ တိုင်းရင်းသားလက်နက်ကိုင်တွေ ဘက်ကိုပါ ညှိနှိုင်းစီစဉ်ထားတယ်။ ဒီလထဲမှာ အဲဒီကို သွားမှာပါ” ဟု ဥက္ကဋ္ဌ ဦးမျိုးသန့်အောင်က ပြောသည်။
ကချင်ပြည်နယ်တွင် ARV ဆေးဝါးသောက်သုံးနေရသည့် HIV ပိုးဖြင့် အသက်ရှင်နေထိုင်သူ စုစုပေါင်း ၈၀၀ ကျော်ရှိပြီး ထွက်ပြေးတိမ်းရှောင်သူများမှအပ ကျန် ၇၀၀ ကျော်မှာ ဆေးဝါးပုံမှန် သောက်သုံးခွင့်ရရှိကြောင်း MPG မှ သိရသည်။
မြန်မာနိုင်ငံတွင် ကချင်ပြည်နယ်နှင့် ရခိုင်ပြည်ရှိ ဒေသအချို့တွင် HIV Positive များအတွက် ဆေးကုသမှုနှင့် ၀န်ဆောင်မှုပေးနေသည့် လုပ်ငန်းများကို ရပ်ဆိုင်းထား ခဲ့ရခြင်းများကြောင့် အသက်အန္တရာယ် သာမက ဆေးယဉ်ပါးသည့် ပိုးများဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များရှိကြောင်း MPG က ထုတ်ပြန်ထားသည်။
“ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေကြောင့် ဆေးပုံမှန် မသောက်သုံးရလို့ သေဆုံးသွားသူ သုံးဦးရှိခဲ့တယ်။ ပဋိပက္ခတွေသာ မရှိရင် ဒီလူတွေ မသေနိုင်ပါဘူး” ဟု ဦးမျိုးသန့်အောင်က ပြောသည်။
MPG သည် သက်ဆိုင်ရာ တာဝန်ရှိသော အစိုးရဌာနများ၊ ကုလသမဂ္ဂ တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ၀န်ဆောင်မှု ပေးနေသူများအား ၂၀၁၂ ခုနှစ်ကုန်ပိုင်းက ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ငြိမ်းချမ်းရေးကို အမြန်ဆုံး အကောင်အထည်ဖော်ပေးရန်နှင့် ဆေးဝါး ကုသမှု လုပ်ငန်းများ အဆက်မပြတ် သွားစေရေးအတွက် ၀ိုင်းဝန်း ဆောင်ရွက်ပေးရန် တောင်းဆိုချက်ထုတ်ပြန်ထားသည်။
MPG သည် ကိုယ့်အားကိုယ်ကိုး အုပ်စု (SHG) များဖြင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံရှိ HIV ပိုးဖြင့် အသက်ရှင်နေထိုင်သူများ ပါဝင်သည့် ကွန်ရက်ဖြစ်သည်။ ၂၀၀၅ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါ ပြည်နယ်နှင့် တိုင်း ၁၄ ခု၌ အဖွဲ့ပေါင်း ၂၁၄ ဖွဲ့ ပါဝင်ပြီး အဖွဲ့ဝင်ဦးရေ တစ်သောင်းကျော်ရှိသည်။
မြတ်စုမွန်
7 Days News - ART ကုထုံး လိုအပ်နေသည့် ကချင်ပြည်နယ်ရှိ အိတ်ခ်ျအိုင်ဗီ လူနာ ၄၀ ခန့် ဒုက္ခသည် စခန်းများတွင် တိမ်းရှောင်နေရ




