4
Mar

ART သုံးဆ တိုးမြင့်ရနိုင်သည်ဟု ကုလသမဂ္ဂ အေဂျင်စီအကြီးအကဲပြော



ကမ္ဘာ့ရန်ပုံငွေအဖွဲ့က
အထောက်အပံ့ အသစ်ကြောင့် မြန်မာနိုင်ငံရှိ အိပ်ခ်ျအိုင်ဗီပိုး ကူးစက် ခံထားရသူများအတွက်
အေအာရ်တီဆေး သုံးဆခန့်တိုးမြှင့်ရရှိ နိုင်မည်ဟု ကုလသမဂ္ဂ အေအိုင်ဒီ အက်စ်အေဂျင်စီ၏
အကြီးအကဲက ပြောသည်။

"အခုလက်ရှိမှာ
အေအာရ်တီကုသမှု လိုအပ်နေသူတွေရဲ့ ၂၀ ရာခိုင်နှုန်းကိုပဲ လွှမ်းခြုံနိုင်ပါသေးတယ်။ နောက်လာမယ့်
ငါးနှစ်အတွင်း မှာတော့ ၆၀ ရာခိုင် နှုန်းလောက်အထိ လွှမ်းခြုံနိုင်မယ်လို့ မျှော်လင့်ရပါတယ်"ဟု
ကုလသမဂ္ဂ အေအိုင်ဒီအက်စ်အေဂျင်စီမှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူး ဒေါက်တာဆန်းဂန်က
ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ပြောသည်။

သို့သော်
အေအာရ်တီလိုအပ်ချက်ကို အပြည့်အ၀ ဖြည့်စွမ်းပေးနိုင်မည် မဟုတ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်
ဘဏ္ဍာရေး အထောက်အပံ့များ လိုအပ်နေသေးကြောင်း ၎င်းက ဆိုသည်။

"တခြား
တိုးတက်မှုနိမ့်တဲ့နိုင်ငံတွေ နဲ့နှိုင်းစာရင် မြန်မာနိုင်ငံက အထောက် အပံ့အနည်းဆုံးပဲ
ရပါသေးတယ်။ နိုင်ငံတကာ အလှူရှင် တွေက ငွေကြေး အထောက်အပံ့တွေ ထပ်တိုးပေးဖို့လို တယ်"ဟု
ဒေါက်တာ ဆန်းဂန်က ပြောသည်။

မြန်မာနိုင်ငံသည်
ယခုနှစ်ကုန်တွင် အိပ်ခ်ျအိုင်ဗီ/ အေအိုင်ဒီအက်စ်ရောဂါ ကို ကုသနိုင်မှုနှင့် ပတ်သက်ပြီး
အကြွင်းမဲ့ ချိတ်ဆက်နိုင်မှုကို တောင်းဆိုထားသည့် ထောင်စုနှစ်ဖွံ့ဖြိုးရေးပန်းတိုင်
၆(ခ)ကို ပြည့်မီရန် မဖြစ်နိုင်သေးကြောင်း သိရသည်။

သို့သော်
လက်ရှိတွင် ၆၀ ရာခိုင်နှုန်း အထိ ကုသပေးနိုင်ခြင်းမှာ သိသာထင်ရှားသည့် အောင်မြင်မှုပင်ဖြစ်သည်။

ထို့ပြင်
ကမ္ဘာ့ရန်ပုံငွေအဖွဲ့က အိပ်ခ်ျ အိုင်ဗီ/ အေအိုင်ဒီအက်စ် ရောဂါနှင့် ပတ်သက်ပြီး ငါးနှစ်တာအထိ
ရန်ပုံငွေ တိုးမြှင့်ပေးလိုက်ခြင်းသည် ရှေ့အနာဂတ်အတွက် အလားအလာကောင်းပင် ဖြစ်ကြောင်း
ဒေါက်တာဆန်းဂန်က ပြောသည်။

"ကနဦးနှစ်နှစ်ရန်ပုံငွေကနေ
နောက်ထပ် သုံးနှစ်တိုးမြှင့်ပေးတာက အစဦးပိုင်းက အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်
တာတွေအပေါ် အခြေခံပါတယ်"ဟု ၎င်းက ဆိုသည်။

ကမ္ဘာ့ရန်ပုံငွေအဖွဲ့ကို
တင်ပြထားသည့် အစီရင်ခံစာတွင် ပထမတစ်နှစ် အတွင်း လူပေါင်း ၁၉,၃၄၈ ဦးကို အေအာရ်တီဆေး
ထောက်ပံ့ပေးနိုင် ရန်နှင့် ငါးနှစ်ပြည့်မြောက်သည့်အခါ လူပေါင်း ၄၃,၅၃၈ ဦးကို ထောက်ပံ့ပေး
နိုင်ရန် မျှော်မှန်းထားသည်။

မြန်မာနိုင်ငံတွင်
အေအာရ်တီဆေးကို အပူတပြင်း လိုအပ်နေသူ ၇၅,၀၀၀ ခန့် ရှိမည်ဟု ခန့်မှန်းထားကြသည်။

မြန်မာနိုင်ငံအတွက်
တင်သွင်းခဲ့သည့် အစီရင်ခံစာ သုံးစောင်ကို နိုဝင်ဘာလတွင် ကမ္ဘာ့ရန်ပုံငွေအဖွဲ့က အတည်ပြုခဲ့ပြီး
ပထမ နှစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၁၁၀ အထိ တိုးမြှင့်ပေးရန် သတ်မှတ်ခဲ့သည်။

ထို့ကြောင့်
မြန်မာနိုင်ငံသည် အိပ်ခ်ျ အိုင်ဗီ အစီရင်ခံစာအတွက် အများဆုံး ဒေါ်လာ ၄၆ ဒသမ ၅ သန်းရရှိမည်ဖြစ်ပြီး
ငှက်ဖျား တိုက်ဖျက်ရေးအတွက် ဒေါ်လာ ၃၃ ဒသမ ၈ သန်းနှင့် တီဘီ တိုက်ဖျက်ရေးအတွက် ၃၀ ဒသမ
၆ သန်းရရှိမည် ဖြစ်သည်။

အကယ်၍
အဆိုပါထောက်ပံ့မှုကို အများဆုံး ငါးနှစ်အထိ တိုးမြှင့်ခဲ့ပါက အိပ်ခ်ျအိုင်ဗီအတွက်ပင်
ဒေါ်လာ ၁၄၂ သန်းအထိ ရရှိနိုင်မည်ဖြစ်သည်။

ကမ္ဘာ့ရန်ပုံငွေအဖွဲ့မှ
စီမံကိန်းမန်နေဂျာ Mr Chrishan Thuraisingham နှင့် စီမံကိန်းအရာရှိ Ms Izaskun
Gaviria တို့သည် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ကျန်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့်နှင့်
တွေ့ဆုံကာ လက်မှတ်ရေးထိုးရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

ကမ္ဘာ့ရန်ပုံငွေအဖွဲ့မှ
ပြောရေးဆိုခွင့် ရှိသူက ယခုနှစ် တတိယလေးလပတ် အတွင်း သဘောတူညီချက်ကို ရေးထိုးနိုင်မည်ဟု
မျှော်လင့်ကြောင်း ပြောသည်။

မြန်မာတိုင်း(မ်)

- အတွဲအမှတ်
(၂၃ ၊ အမှတ် ၄၅၅)


Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top