အိတ်ခ်ျအိုင်ဗီ ဝေဒနာရှင်များအတွက် ART ဆေးဝါးများ စဉ်ဆက်မပြတ် ရရှိနိုင်ရေး၊ ခွဲခြား နှိမ်ချ ဆက်ဆံမှုများ မရှိစေရေးနှင့် အရည်အသွေး ပြည့်ဝသော ဝန်ဆောင်မှုများ ပိုမိုရရှိနိုင်ရန်အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များမှ ကညီဆောင်ရွက်ပေးနိုင်ရန် အတွက် အိတ်ခ်ျအိုင်ဗီ ဝေဒနာ ရှင်များက အသိပေး တောင်းဆိုသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ တောင်းဆိုချက်များကို စက်တင်ဘာ ၂၄ ရက်တွင် Myanmar Positive Group (MPG) က ကြီးမှူး ကျင်းပသော (၇) ကြိမ်မြောက် National PLHIV Forum 2013 ပွဲတွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
"တစ်နိုင်ငံလုံးမှာ ရှိတဲ့ ရောဂါပိုး ရှိသူတွေ ခံစားနေရတဲ့ ခံစားချက်တွေ အတွက် အဓိက တောင်းဆိုမှု ငါးချက် ရှိပါတယ်။ ဆေးဝါးတွေ ရရှိဖို့နဲ့ ခွဲခြား ဆက်ဆံမှုတွေ မရှိစေရေး ဆောင်ရွက်ပေးဖို့ အတွက် လွှတ်တော် ကိုယ်စားလှယ်တွေကိုပါ တောင်းဆိုသွားပါမယ်။ ဆောင်ရွက်ပေးဖို့ ကျန်းမာရေး ဝန်ဆောင်မှု ပေးနေတဲ့ ဆေးရုံး ဆေးခန်းတွေကို ဝေဒနာသည်တွေကို ခွဲခြားဆက်ဆံမှုတွေ ရှိနေပါတယ်။ ကျန်းမာရေး ဝန်ထမ်းတွေ အနေနဲ့ ကျင့်ဝတ်ပိုင်း ဆိုင်ရာ လိုက်နာရမယ့် ညွန်ကြားချက်တွေကို ချထားပေးဖို့ လိုအပ်နေပါသေးတယ်" ဟု MPG မှ ဥက္ကဌ ဦးမျိုးသန့်အောင်က ပြောကြားသည်။
ယင်းဖိုရမ်တွင် ထုတ်ပြန်ခဲ့သော သဘောထားများမှာ လူတိုင်းဆေးဝါးများ လက်လှမ်းမီ ရရှိရေး အတွက် မြို့နယ်အဆင့် အေအာတီ စင်တာများ တိုးချဲ့ရာတွင် ဝေဒနာရှင်များ၏ ကိုယ်စားလှယ်များ ပါဝင်ခွင့် ရရှိရန်နှင့် အရည်အသွေးပြည့် ဝန်ဆောင်မှုများ ပိုမိုရရှိစေရန်တို့ ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဈေးနူန်းချိုသာသော အေအာတီ ဆေးဝါးများ စဉ်ဆက်မပြတ် ရရှိစေရန် အတွက် ကျန်းမာရေးဆိုင်ရာ ဆေးဝါးများ ဈေးနူန်းချိုသာစွာ ရရှိနိုင်မှုတို့ ထိပါးလာနိုင်မည့် အချက်များကို အသိပေးခြင်း၊ ကာကွယ်ခြင်းများ လုပ်ဆောင်ရာတွင် အစိုးရနှင့် အဖွဲ့အစည်း ဌာနများမှ ဝိုင်းဝန်း ကူညီဆောင်ရွက် ပေးရန် ဆက်လက်တောင်းဆိုထားသည်။
လက်ရှိ မြန်မာနိုင်ငံတွင် အသုံးပြုနေသော အေအာတီ ဆေးဝါးများကို အာနိသင်တူပြီး တန်ဖိုး နည်းပါးသော ဆေးဝါးများ အဖြစ် ထုတ်လုပ်ဖြန့်ချီနိုင်ရန် ကြိုးစားလျက်ရှိကြောင်း MPG ဥက္ကဌက ပြောကြားသည်။
Daily Eleven သတင်းစာမှ ပြန်လည်း ရေးသား ဖော်ပြထားပါသည်။




