မြန်မာပြည်က အိတ်ချအိုင်ဗွီရောဂါပိုးရှိသူတွေ ART ဆေးဝါး ရယူတဲ့အခါ ဘယ်လို အခက်အခဲတွေ ကြုံနေရသလဲ။ ရောဂါပိုးရှိသူ ၂ သောင်းနီးပါး အတွက် ၆ဝ ရာခိုင်နှုန်းလောက်ပဲ ဆေးဝါးဖြန့်ဖြူးပေးနိုင်ခဲ့တယ်လို့ ဒေါက်တာ တင်မောင်ဇော်က ဆေးဝါးထောက်ပံ့နိုင်တဲ့ အခြေအနေတွေအကြောင်း ဒီဇင်ဘာ ၁၉ ရက်နေ့က ပြောလိုက်ပါတယ်။
ART ဆေးဝါးဖြန့်ဖြူးမှုနဲ့ လုပ်ငန်းစဉ်မှာ ဘယ်လိုပါဝင်ဆောင်ရွက်နိုင်မလဲ ဆိုတဲ့အကြောင်း ကောက်ယူထားတဲ့ စစ်တမ်းတစ်ခုကို ရန်ကုန်မြို့ Coriander Leaf စားသောက်ဆိုင်မှာ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့အတူ ဆွေးနွေးခဲ့ကြပြီး ၂ဝ၁၆ မှာ ရောဂါပိုးရှိသူတွေရဲ့ ၈၅ ရာခိုင်နှုန်းအထိ ဆေးဝါးထောက်ပံ့နိုင်ဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။
ART ဆေးဝါး ထောက်ပံ့ပေးတဲ့ လုပ်ငန်းစဉ် ဖြန့်ကျက်ဆောင်ရွက်မှု ပိုပြီးအားကောင်းလာစေဖို့ ရည်ရွယ်ပြီး မြန်မာနိုင်ငံ HIV နဲ့ နေထိုင်သူများအသင်းက ၂ဝ၁၃ ဇန်နဝါရီလကစလို့ ရန်ကုန်၊ ပုသိမ်၊ လားရှိုး၊ မန္တလေးအပါအဝင် ဒေသ ၆ ခုမှာ စစ်တမ်းကောက် လေ့လာခဲ့ပြီး အုပ်စုဖွဲ့ဆွေးနွေးတာ ၁၂ ခု၊ တစ်ဦးချင်း ဆွေးနွေးတာ ၆ဝ နဲ့ အတွင်းကျကျသိသူတွေကို လူတွေ့မေးမြန်းတာ ၁၁ ခုတို့ လုပ်ဆောင်ခဲ့ပါတယ်။
မြန်မာ လူ့အဖွဲ့အစည်းထဲမှာ HIV ရောဂါပိုးနဲ့ပတ်သက်လို့ အမြင်ကျယ်လာတာကြောင့် ရောဂါပိုးရှိသူတွေကို ပစ်ပယ်မှုက အရင်ကလောက် မရှိတော့ပေမယ့် ရောဂါပိုးရှိသူတွေကို အလုပ်ထုတ်တာ၊ အလုပ်မပေးတာမျိုးတွေ ရှိနေဆဲဖြစ်တာမို့ လုပ်ငန်းခွင်ဆိုင်ရာ မူဝါဒတစ်ခုတော့ လိုအပ်နေပြီလို့ ဦးမျိုးသန့်အောင်က ပြောပါတယ်။
ကမာရွတ် - ART ဆေးဝါး ရောဂါပိုးရှိသူတွေကို ဘယ်လောက်ထောက်ပံ့နိုင်ကြသလဲ




