24
Sep

ART ဆေးဝါး မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ ထက်ဝက် လိုအပ်နေဆဲ

ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ၏ 2010 လမ်းညွှန်ချက်အရ မြန်မာနိုင်ငံ၌ CD4 Count ကိုယ်ခံအား ၃၅၀ အောက် ရောက်နေသူ ART ဆေးသောက်ရန် လိုအပ်နေသည့် PLHIV လူနာ တစ်သိန်း နှစ်သောင်း(၁၂၀၀၀၀) ကျော်ရှိရာ လူဦးရေ ငါးသောင်းခြောက်ထောင် (၅၆၀၀၀) ကျော် အတွက်သာ အခမဲ့ ဆေးသောက်ခွင့် ရရှိနေသည်ဟု Myanmar Positive Group (MPG) မြန်မာနိုင်ငံ အိပ်ခ်ျအိုင်ဗွီ ရောဂါပိုးနှင့် အသက်ရှင် နေထိုင်သူများ အသင်းမှ သိရှိရသည်။

“အီးယူနိုင်ငံများဖြစ်တဲ့ နယ်သာလန်၊ ဂျာမနီ၊ အမေရိကန်၊ ယူကေ၊ ဘရာဇီးနဲ့ ချမ်းသာတဲ့ နိုင်ငံတွေက အလှူငွေတွေ လှူဒါန်းတယ်။ အခုဆိုရင် ဂျပန် ပါလာပြီ။ ငွေကတော့ လိုအပ်နေဆဲပါပဲ။ ကမ္ဘာ့ရောဂါ သုံးမျိုးရန်ပုံငွေ အဖွဲ့ထဲမှာ TV ရောဂါ၊ HIV၊ ငှက်ဖျားရောဂါ ပါဝင်တယ်။ ကုသရေးနဲ့ ကျန်းမာရေး ၀န်ကြီးဌာန လက်အောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ရောဂါ သုံးမျိုးအဖွဲ့ (၂၉) ဖွဲ့ထားတယ်။ အကောင်အထည်ဖော်တဲ့ အဖွဲ့က (၁၇) ဖွဲ့ပဲ ရှိတယ်” ဟု MGP ၏ ဥက္ကဋ္ဌ ဦးမျိုးသန့်အောင်က ပြောသည်။

UNAIDS ၏ ခန့်မှန်း တွက်ချက်မှုအရ မြန်မာနိုင်ငံတွင် HIV ရောဂါပိုးနှင့် အသက်ရှင်နေထိုင်သူပေါင်း နှစ်သိန်းခြောက်သောင်း (၂၆၀၀၀၀) ခန့် ရှိနေပြီး မြန်မာနိုင်ငံ အတွက် သုံးနှစ်စာ ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၁၁၆) သန်း တိုးပြီး ရရှိထားသော်လည်း ART ဆေးပေး ရန် ရန်ပုံငွေ လိုအပ်နေဆဲ ဖြစ်ကြောင်း၊ ကိုယ့်အားကိုယ်ကိုး အဖွဲ့ငယ်လေးများသည် သတိပေး ခံရခြင်း၊ တားဆီးခြင်း စသည့် အခက်အခဲများနှင့် ကြုံတွေ့နေ ရကြောင်း စက်တင်ဘာ ၂၃ ရက်မှ ၂၄ ရက်အထိ Excel Hotel တွင် ကျင်းပပြု လုပ်သည့် 7 th National PLHIV Forum 2013 ပွဲမှ သိရသည်။

“MPG ကွန်ရက်က သက်ဆိုင်ရာ CBO/NGO မဟုတ်သည့် ကိုယ့်အားကိုယ်ကိုးအဖွဲ့ ငယ်လေးများ လုပ်ငန်း မရပ်တန့်စေရေး အတွက် အသင်းအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းကို နောက်ဆုံး အပြီးသတ်ရေးဆွဲပြီး လွှတ်တော်သို့ တင်သွားမယ်” ဟု MGP ၏ ဥက္ကဋ္ဌ ဦးမျိုးသန့်အောင်က ပြောသည်။ PLHIV များကို ကူညီမှုပေးသည့် အဖွဲ့အစည်းများမှာ ၂၀၁၁ ခုနှစ်တွင် ၂၀၉ ဖွဲ့၊ ၂၀၁၂ ခုနှစ်တွင် ၂၁၄ ဖွဲ့နှင့် ၂၀၁၃ ခုနှစ်တွင် တိုင်းဒေသကြီး ၁၄ ခု၌ အဖွဲ့အစည်း ၁၅၉ ဖွဲ့ အထိ တိုးပွားလာသည်ဟု ၄င်းက ဆိုသည်။

“ကချင်မှာ HIV ရှိသူတိုင်း ၀ယ်သောက်ကျတဲ့ အိုအိုင်လို့ ခေါ်တဲ့ဆေးကို ကျန်းမာရေးဌာနမှာ ကိုယ့်ဘာသာကိုယ် ၀ယ်သောက် ရတယ်။ ကိုယ့်ဘာသာကို ၀ယ်သောက်ဖို့ ခက်ခဲတော့ ဦးနှောက် အမြှေးပါး ရောင်ရောဂါ ရရှိကြတယ်။ နားမလည်တာလည်း ပါတာပေါ့။ မြစ်ကြီးနားမြို့ပေါ်မှာ လူနာ ၈၀ ကျော်မှာ ၇၀ ကျော်လောက်ပဲ ဆေးပေး တယ်။ လိင်ဆက် ဆံတာနဲ့ ဆေးထိုးအပ်ကြောင့် ရောဂါရတာ များတယ်” ဟု ကချင်ပြည်နယ် PLHIV အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

၂၀၁၆ ခုနှစ်တွင် PLHIV ဝေဒနာ ရှင်များအတွက် ART ဆေး ထပ်မံဝယ်ယူရန် ထောက်ပံ့ပေးမည့် ကမ္ဘာ့ရောဂါ သုံးမျိုး ရန်ပုံငွေ (3D Fund) သည် (၈၅) ရာခိုင်နှုန်း ပြည့်မီနေပြီဖြစ်ကြောင်း Myanmar Positive Group(MPG) မြန်မာနိုင်ငံ အိပ်ခ်ျအိုင်ဗွီ ရောဂါပိုးနှင့် အသက်ရှင် နေထိုင်သူများ အသင်းမှ သိရသည်။

မြစ်မခ - ART ဆေးဝါး မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ ထက်ဝက် လိုအပ်နေဆဲ 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top