31
Jan

ART ဆေး ဘေးထွက်-ဆိုးကျိုးတွေ နည်းအောင်နေခြင်း (၂)

Side effects ဘေးထွက်-ဆိုးကျိုးတွေဆိုတာ ဆေးတိုင်းမှာ ရှိတယ်။ နည်းနည်းလေးကနေ အသက်အန္တရာယ် ဒုက္ခပေးနိုင်တဲ့အထိ ဆိုးတယ်။ HIV ဆေးတွေကလဲ အတူတူပါဘဲ။ ခံစားလို့ရတဲ့ ခေါင်းကိုက်တာ၊ အစာမကျေတာတွေ ရစေနိုင်သလို ဆရာဝန်တွေကနေသာ သိအောင်လုပ်ကြည့်လို့ ရနိုင်တဲ့ ကျောက်ကပ်၊ အသဲ ထိခိုက်တာမျိုးတွေလဲ ရစေနိုင်တယ်။ တချို့ ဆိုးကျိုးတွေက ရှားရှားပါးပါးသာ ရစေပါတယ်။

HIV ဆေးတွေကနေ ရောဂါရှိနေသူတွေကို အသက်ပိုနေရစေတယ်။ နေရတုံးမှာလဲ ပိုကျန်းမာစေမယ်။ ဆေး မှန်မှန် သောက်နေရင် ပိုးတွေ နည်းစေမယ်။ ခုခံအားကိုလဲ တိုးတက်စေမယ်။ ဘေးထွက်-ဆိုးကျိုးဆိုတာတွေတော့ ရင်ဆိုင်ရပါမယ်။ ဒီလိုဖြစ်မှာတွေနဲ့ ဘယ်လိုနေရမယ်ဆိုတာ ဆေးကုနည်းရဲ့ အစိတ်အပိုင်းတခု ဖြစ်တယ်။ ဆေးဆက်မသောက်ဖြစ်တဲ့ အကြောင်းတွေထဲမှာ ဘေးထွက်-ဆိုးကျိုးကြောက်လို့လဲ ပါနေတယ်။

ဆေး စသောက်တော့မယ်ဆိုကတည်းက စရလိမ့်မယ်။ ဆေးကုပေးတဲ့ဆရာဝန်ကို အသေအခြာ မေးပါ။ ကိုယ်တိုင်လဲ ဖတ်ပါ။ ဥပဒေအရ ဆေးစာထဲမှာ ဘေးထွက်-ဆိုးကျိုး မှန်သမျှ ရေးပေးထားရတယ်။ ဆိုးတာမျိုး တကယ်ကြုံရင် ဆရာဝန် ခေါ်ရမယ်။ ၂၄ နာရီ အကူအညီရမဲ့ နေရာဌာန လိပ်စာတွေသိထားပါ။ ဆေးနာမည်၊ ဆေးကုမ္ပဏီကပေးတဲ့နာမည်၊ ဘယ်အချိန်မှာ သောက်ရမယ်၊ အစာနဲ့ နီးတာ-ဝေးတာ၊ ဆေးသောက်နေတုံး ရှောင်ရမဲ့ အစားအသောက်နဲ့ ဆေးဝါးတွေ၊ ဘေးထွက်-ဆိုးကျိုးတွေကဘာတွေလဲ၊ ဒါတွေခံစားရရင် ဘာလုပ်ရမလဲ၊ သက်သာအောင် ဘာလုပ်ရမလဲ၊ ဆိုးဝါးတာဖြစ်ရင် ချက်ချင်း ဆေးဆက်မသောက်ရမှာကဘာလဲ။

ဘေးကြောက်လို့ ဆေးလျှော့သောက်တာလဲ ကိုယ့်ဖါသာ မလုပ်ပါနဲ့။ ဆေးဖြတ်ဘို့ မလုပ်ခင် ဆရာဝန်ကို တိုင်ပင်ပါ။ Abacavir နဲ့ Nevirapine တွေကိုတော့ ရပ်လိုက်တာ အကြောင်း မဟုတ်နိုင်ပါ။ Abacavir ထဲမှာ Trizivir® နဲ့ Epzicom® တွေပါတယ်။

ဆေးတွေက ပြင်းတယ်။ အစွမ်းလဲထက်တယ်။ ဆေးသောက်ကာစ အလေ့မရခင် ပိုခံရတတ်တယ်။ တချို့ဖြစ်တာတွေက ရက်နဲနဲ ကြာရင် ဆက်မခံရတော့ဘူး။ ကြာရင် အခံရသက်သာမယ်ဆိုတာ မှတ်ထားပါ။ အများဆုံးဖြစ်မှာတွေကတော့ -
• ဝမ်းလျှောတာ၊
• အားယုတ်တာ၊
• ခေါင်းကိုက်တာ၊
• အသဲထိခိုက်တာ
• အစာမကျေတာ၊ ဗိုက်အောင့်တာ၊ ပျို့-အန်ချင်တာ၊ အစာစားချင်စိတ်နည်းတာတွေက အများဆုံး ဖြစ်တတ်တာတွေ ဖြစ်တယ်။

Diarrhea ဝမ်းပျက်ရင် -
ရေ-အရည် များများသောက်ပါ။ ဓါတ်ဆားရေသောက်ပါ။ Imodium®, Kaopectate®, Lomitil®, or Pepto-Bismol® ဝမ်းပိတ်ဆေး တမျိုးမျိုးကို သောက်ပါ။ ကိုယ့်အတွက် ဝမ်းလွယ်စေ-သွားစေတဲ့အစာကို မှတ်ထားပါ။ ထမင်း၊ ငှက်ပျောသီး၊ ပေါင်မုံ့၊ Oatmeal (အုတ်စပါး)၊ တို့ဖူး စားနိုင်တယ်။ အစပ်၊ အဆီများတာ၊ စည်သွပ်ဗူးအစာ၊ (ကေဖင်း) ပါတာတွေ၊ နို့ထွက်အစာတွေ နဲ့ လေထတတ်တဲ့ ပဲသီး၊ (ဘရိုကိုလီ) မုန်လာစိမ်းတွေ ရှောင်ပါ။ Calcium 500 mg (ကယ်လ်စီယမ်) တနေ့ ၂ ကြိမ် သောက်ပါ။ ၄-၅ ရက်နေလို့မှ မရပ်ရင် ဆရာဝန်ပြပါ။

Feeling tired (fatigue) အားယုတ်တာခံစားရရင် -
ဖြစ်တတ်တယ်။ အထိန်းရတော့ ခက်မယ်။ အိပ်ရာထဲကနေ မထချင်ဘူး၊ အာရုံစိုက်မရဘူး၊ AZT လိုဆေးကနေ သွေးအားနည်းစေတတ်လို့လဲ မောနိုင်တယ်။ ဆရာဝန်က လိုမယ်ထင်ရင် ဆေးပြောင်းပေးမယ်။ သွေးအားမနည်းဘဲနဲ့ မောပန်းတာအတွက် ခပ်ပေါ့ပေါ့လေ့ကျင့်ခန်း လုပ်ပါ။ မများစေနဲ့။ အိပ်ချိန်ကို သတ်မှတ်ပြီးလိုက်နာပါ။ အစာစားတာ မျှတ လုံလောက်ပါစေ။ ရေ-အရည် များများသောက်ပါ။

Headache ခေါင်းကိုက်ရင် -
အဖြစ်များတယ်။ ဆေးသောက်စမှာ ပိုဖြစ်တယ်။ စိတ်ဖိအား များနေချိန် ပိုဆိုးတယ်။ အစာစားတာ မျှတလုံလောက်ပါစေ။ ရေ-အရည် များများသောက်ပါ။ အလင်းရောင်နည်းတဲ့အခန်း-နေရာမှာ ငြိမ်ငြိမ်ထိုင်နားပေးပါ။ နဖူးပေါ်မှာ အေးတာတင်ပေးပါ။ ခေါင်း-ဇက်ပိုး-လည်ပင်းနေရာ နှိပ်နယ်ပေးပါ။ Aspirin, Acetaminophen, Ibuprofen ထဲက ဘယ်ဆေးသောက်ရမလဲ ဆရာဝန်ကိုမေးပါ။ Migraine headaches (မိုင်ဂရင်း) ရောဂါ မဟုတ်တာသေခြာပါစေ။

Liver problems အသဲထိခိုက်ရင် -
အသဲဆိုတာ အလွန်အရေးကြီးတယ်။ စားလိုက်-သောက်လိုက်တဲ့ အစာနဲ့ ဆေးတွေအတွက် လိုအပ်တဲ့ ဓါတ်ပြောင်းလဲမှုတွေလုပ်ဘို့ (အင်ဇိုင်းမ်) တွေကို ထုတ်ပေးနတယ်။ ဒါပေမဲ့ HIV ဆေးတွေကြောင့် (အင်ဇိုင်းမ်) တွေများလာရင် အသဲကို ထိခိုက်စေနိုင်တယ်။ အထူးသဖြင့် HIV ရော Hepatitis C (စီ) ပိုးပါ တွဲနေရင် ဆိုးတယ်။ တကယ်လို့ အရင်က အရက်များများသောက်ခဲ့သူ၊ မူးယစ်ဆေး သုံးခဲ့သူ၊ အသဲရောင်ဖြစ်ဘူးရင် ဆေးကနေဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးဒဏ်က ပိုဆိုးတယ်။

အရက်ဖြတ်ပါ။ အသဲအလုပ်ကို စစ်ဆေးနေပါ။ AST, ALT, Bilirubin, Alkalin phosphatase တွေကိုစစ်တာဖြစ်တယ်။ စစ်လို့ များနေရင် ဆရာဝန်က ဆေးကုပေးမယ်။ တခြားရောဂါကြောင့် ဆေးသောက်စရာလိုရင် ဆရာဝန်က ခွင့်ပေးမှသောက်ပါ။ အလွယ်ဝယ်ရဆေးတွေ၊ တိုင်းရင်းဆေးတွေကအစ ရှောင်ပါ။ အန်ချင်တာအတွက် Compazine®, Marinol®, Zofran® နဲ့ Phenergan® ဆေးတခုခုကို ဆရာဝန် မေးပြီးမှ သောက်ပါ။ အစားပျက်နေရင် ခံတွင်းတွေ့တာ ရွေးစားပါ။ နဲနဲ ခဏခဏစားပါ။ စိတ်ဖိအား လျှော့ပါ။ လေ့ကျင့်ခန်းလုပ်ပါ။ အားဖြည့်ဆေးရည် Ensure® နဲ့ Boost® မျိုး သောက်ပါ။ လူကိုဝလာစေနိုင်တယ်။ ရိုရိုး (မာလ်တီ-ဗီတာမင်) ဆေးသောက်ပါ။ အားများတာ မကောင်းပါ။ (ဟာဘယ်လ်) တွေ မသောက်ပါနဲ့။ ဥပမာ St. John’s Wort နဲ့ Garlic supplements တွေက Saquinavir ဆေးကိုတားစေနိုင်တယ်။

• HIV medicines Side effects (2) ART ဆေး ဘေးထွက်-ဆိုကျိုးတွေ နည်းအောင်နေခြင်း http://dts-medicaleducation.blogspot.com/2012/01/hiv-medicines-side-effects-2-art.html
• HIV/AIDS နဲ့ပတ်သက်ပြီး စုံစမ်းနိုင်သော လိပ်စာများနှင့် ဖုန်းနံပါတ်များ http://dts-medicaleducation.blogspot.com/2011/12/hivaids.html

ဒေါက်တာတင့်ဆွေ (၂၉-၁-၂ဝ၁၂)

ဒေါက်တာတင့်ဆွေ - ART ဆေး ဘေးထွက်-ဆိုးကျိုးတွေ နည်းအောင်နေခြင်း (၂)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top