မေး။ ။ ကျမက HIV ရှိနေပေမဲ့ ART ဆေး မသောက်ရသေးပါဘူး။ ART ဆေး အကြောင်းတွေ ဖတ်ပေမဲ့ သိပ်လည်းနားမလည်ပါဘူး။ ကျမ သိချင်တာက ဆေးစသောက်တဲ့ အချိန်မှာ ဆေးအတွဲတိုင်းက site effect ရှိနေတာလား။ (ဥပမာ ဖျားခြင်း၊ အဖုအပိန့်များ ထွက်ခြင်းနဲ့ တခြားသိသာတဲ့ လက္ခဏာတွေပေါ်ခြင်း) ပြီးတော့ ဆေးသောက်ပြီး ကြာလာတဲ့ အချိန်မှာ မျက်နှာတွေကျ အသားတွေ မရှိဖြစ်တဲ့ ဆေးက ဆေးနာမည် ဘယ်လိုခေါ်ပါ သလဲ။ အဲဒီလိုဆေးကို ရှောင်ပြီး သာမန်လူကဲ့သို့ မြင်ရလောက်တဲ့ ဆေးမျိုးရှိပါသလား။ နောက်တခု ကတော့ တခြား ဆိုက်တခုမှာ HIV သမားတွေ အတွက် သတင်းကောင်း တခုကို ကြားသိခဲ့ရပါတယ် ။ အဲဒီ သတင်းဟာ ၂၀၁၂ ကထွက်တဲ့ သတင်းလို့ ယူဆရပါတယ်။ အဲဒီသတင်းဟာ မှန်ကန်မှုရှိလား။ ဒါမှမဟုတ် သုတေသိတွေက တကယ်ပဲ HIV ပျောက်ဆေးကို ထုတ်လုပ်နိုင်ပြီးလားဆိုတာ သိချင်ပါတယ်။
သတင်း အတိုလေးကိုပါ ပို့ပေးလိုက်ပါတယ်။
ဖြေ။ ။ ပို့ပေးလာတဲ့ သတင်းပို့စ်ဟာ HIM ဝက်ဆိုက်မှာလည်း ကူးယူ တင်ပြထားပါတယ်။
HIV ကာကွယ် ကုသဆေးဆိုတာ နောက်ဆုံးတော့ တကယ်ပေါ်လာခဲ့ပါပြီ http://www.hivinfo4mm.org/hiv-%e1%80%80%e1%80%ac%e1%80%80%e1%80%bc%e1%80%9a%e1%80%b9-%e1%80%80%e1%80%af%e1%80%9e%e1%80%b1%e1%80%86%e1%80%b8%e1%80%86%e1%80%ad%e1%80%af%e1%80%90%e1%80%ac-%e1%80%b1%e1%80%94%e1%80%ac%e1%80%80/
အေအာတီဆေးတွေက ပထမဆုံး စသောက်ရင် ဆေးနဲ့ ကိုယ်နဲ့ မတည့်တာမျိုး လူနာတွေမှာ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ပထမဆုံး စသောက်တဲ့ ကာလ (၆) လ အတွင်းမှာ အထူး ဂရုစိုက်ပြီး ဆေး မတည့်တာတွေ ရှိ/မရှိ လေ့လာရပါတယ်။ လူတိုင်းမှာတော့ မဖြစ်ပါဘူး။ ဖြစ်ခဲ့ရင် တစ်ချို့လူတွေမှာ အသည်းရောင်ပြီး အသက်သေဆုံးတဲ့ အထိ ဖြစ်တတ်လို့ အေအာတီဆေး စသောက်ခါစမှာ လူနာနဲ့ ဆရာဝန်နဲ့ အမြဲ တိုင်ပင်ထိတွေ့ဖို့ လိုပါတယ်။
ဆေးအားလုံးက အဆိပ်ဖြစ်တတ် ပါတယ်။ ဒီတော့ အေအာတီဆေးကလည်း ကိုယ့်အတွက် ဘေးထွက် ဆိုးကျိုး ရှိနိုင်ပါတယ်။ နေ့စဉ်သောက်နေတဲ့ ဆေးဖြစ်လေတော့ အဆိပ်အတောက်ဖြစ်လွယ် ပါတယ်။ ဆေး ရဲ့ ဘေးထွက် ဆိုးကျိုးတွေ အဓိက ထိတဲ့ နေရာတွေကတော့ အသည်း၊ ကျောက်ကပ်၊ အာရုံကြောတွေကို ထိပါတယ်။
မျက်နှာမှာရှိတဲ့ အဆီတွေ လျော့ကျပြီး မျက်နှာပုံ ပျက်စေတဲ့ ဆေးကတော့ Starvudine (d4T) ဆေးဖြစ်ပါတယ်။ ဒီဆေးကို ရှောင်ပြီး သောက်လို့လည်း ရပါတယ်။ ဒီဆေးက မျက်နှာနဲ့ ခန္ဓာကိုယ်မှာရှိတဲ့ အဆီတွေ ကို နေရာ ယွင်းပြီး စုစေ၊ လျော့စေ တတ်ပါတယ်။ အထူးသဖြင့် ဘယ်လိုလူတွေမှာ ဖြစ်တတ်လဲဆိုတော့ -
- အသက် ၄၀ ကျော်သူတွေ
- သွေးထဲမှာ Triglyceride လို့ခေါ်တဲ့ အဆီဓာတ်ပမာဏ 200mg/dl ထက် များသူတွေမှာ ပိုဖြစ်တတ်ပါတယ်။ ဒီဆေးအစား အခြားဆေးတွေ ပြောင်းသုံးလို့လည်း ရပါတယ်။
သတင်းမှာ ဖတ်လိုက်ရတဲ့ HIV ပျောက်အောင်ကုသတဲ့ ဆေးဆိုတာကတော့ သုတေသန အဆင့်ပဲ ရှိပြီး လက်တွေ့မှာ တရားဝင် မကြေညာနိုင်သေးပါဘူး။
လမင်းကို




