မေး။ ။ ကျွန်တော် ARTဆေး သောက်တာ လေးနှစ်ရှိပါပြီ။ triomune ပါ။ အခြား ဘာပြဿနာမှ မရှိပါ။ မျက်နှာတော့ နည်းနည်း ကျပါတယ်။ အဲဒါ ဆေးပြောင်းသင့်ပါသလား။ ၀၉၄၂၀၁၇၄၉၈၁ messag ဖြင့် ပို့ပေးပါ။
ဖြေ။ ။ ဆေးသောက်တာ ၄ နှစ်ရှိပြီဆိုတော့ ART ဆေးနဲ့ တော်တော်လေး အကျွမ်းတ၀င် ရှိနေပြီလို့ ယူဆလို့ ရပါတယ်။
ဆေးပြောင်း/မပြောင်း အကြံမပေးခင်မှာ ကျနော်တို့ ဘက်က သိချင်တာလေးတွေ ရှိပါတယ်။
၁) လက်ရှိမှာ မိတ်ဆွေက ART ဆေးကို ကိုယ်ပိုင် ၀ယ်သောက်နေတာလား (သို့) အန်ဂျီအိုတွေကနေ ဆေးရရှိနေတာလား။
၂) ART ဆေးသောက်ပြီးတည်းက ဘယ်ဆရာဝန်နဲ့ ပုံမှန်ပြပါသလဲ။ ဆိုလိုတာက မိသားစု ဆရာဝန်နဲ့ တိုင်ပင်တာလား (သို့) အန်ဂျီအိုက ဆရာဝန်နဲ့လား (သို့) HIV specialist ဆရာဝန်နဲ့ ပြတာလား။
မိတ်ဆွေရဲ့ မေးခွန်းကို အောက်မှာ ဆွေးနွေးပေးထားပါတယ်။
Triomune သောက်လို့ မျက်နှာကျတိုင်း ဆေးပြောင်းစရာ မလိုအပ်ပါဘူး။ ပုံမှန်အားဖြင့် ဆေးပြောင်းသောက်ရတဲ့ အကြောင်းရင်းက
၁) ဆေးသောက်နေပါလျက် CD4 အရေအတွက် ကျနေခြင်း၊ မတိုးတက်လာခြင်း
၂) ဆေးသောက်နေပါလျက် Viral load (ပိုးအရေ အတွက်) တက်လာခြင်း
၃) ဆေးနှင့် ဓာတ်မတဲ့ခြင်း (ဥပမာ- အသည်းရောင်ခြင်း၊ အရေပြား ပြဿနာ၊ အာရုံကြောရောင်ခြင်း)...စတာတွေက အဓိက ကျပါတယ်။
မျက်နှာကျလို့ ဆေးပြောင်းသောက်ချင်တယ် ဆိုရင်တော့ ကိုယ်ပိုင် ၀ယ်သောက်နေသူအတွက် စဉ်းစားရမှာက ပြောင်းသောက်မယ့် ဆေးရဲ့ တန်ဖိုး (ကုန်ကျစရိတ်) ဖြစ်ပါတယ်။ ပြောင်းသောက်မယ့် ဆေးဖိုးကို ကိုယ်က တက်နိုင်ရင်တော့ ပုံမှန်ပြနေကျ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးပြောင်း သောက်နိုင်ပါတယ်။
အန်ဂျီအိုက အထောက်အပံ့နဲ့ သောက်နေသူဆိုရင်တော့ အထက်က ရှင်းပြခဲ့တဲ့ အချက် ၃ ချက်နဲ့ ကိုက်ညီမှ ဆေးပြောင်းပေးတာ များပါတယ်။
Hand Phone ကို message မပို့ပေးနိုင်တာ ခွင့်လွတ်ပါခင်ဗျာ။ ကျနော့်အတွက် အင်တာနက်က ဆက်သွယ်တာက ပိုအဆင်ပြေပါတယ်။
ဒီလောက်ဆို ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
လမင်းကို




