15
Jun

ARV ဆေးပြားတွေကို အိတ်ခ်ျအိုင်ဗွီ ကာကွယ်ဆေးအဖြစ် သုံးစွဲနိုင်တော့မည်။



အိတ်ခ်ျအိုင်ဗွီ၊ ကာကွယ်တာဆီးရေးအတွက် ကုသတဲ့နေရာမှာသုံးတဲ့
ARV ဆေးဝါးတွေကို အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်မခံရအောင် ကာကွယ်တဲ့နေရာမှာ သုံးစွဲနိုင်တယ်
လို့ မျောက်တွေနဲ့ စမ်းသပ်လေ့လာ သုတေသန ပြုချက်တစ်ခုအရ တွေ့ရှိခဲ့ပါတယ်။ ဒီလိုမျိုး
စမ်းသပ်တွေ့ရှိမှုကို အေအိုင်ဒီအက်စ် သုတေသီတွေက ချီးကျူးခဲ့ကြတယ် လို့ VOA သတင်းထောက်
ဂျက်ဆီကယ်ဘားမှန်း တင်ပြထားတာကို HIM ပရိတ်သတ်အတွက် ဝေငှပေးလိုက်ပါတယ်။

 

ခုဆိုရင် ကမ္ဘာပေါ်မှာ လူဦးရေ ၃၃သန်းကျော်ဟာ HIV ဗိုင်းရပ်ပိုး
ကူးစက်ခံထားရပါတယ်။ ပြီးခဲ့တဲ့နှစ်မှာတင် လူဦးရေ ၂.၅သန်းဟာ ဒီအိတ်ခ်ျအိုင်ဗွီ ဗိုင်းရပ်ပိုးကို
ရခဲ့ပါတယ်။ ဒီရောဂါပိုး တိုက်ဖျက်ရေးအတွက် နှစ်ပေါင်းများစွာ ကြိုးစားနေခဲ့ကြပေမဲ့
ခုချိန်ထိတော့ အိတ်ခ်ျအိုင်ဗွီရောဂါပိုး သုတေသီတွေအနေနဲ့ အိတ်ခ်ျအိုင်ဗွီ ကာကွယ်ဆေးကို
ထုတ်လုပ်နိုင်စွမ်း မရှိသေးပါဘူး။ ဒါပေမဲ့ အိတ်ခ်ျအိုင်ဗွီ ရောဂါပိုး ကူးစက်ခံထားရသူတွေကို
အေအိုင်ဒီအက်စ် ခုခံအားကျဆင်းမှု ရောဂါအဆင့်အထိ ရောက်မလာနိုင်အောင် ထိန်းထားနိုင်တဲ့
ARV ဆေးဝါးတွေကိုတော့ ထုတ်လုပ်နိုင်ခဲ့ကြပါတယ်။ ခုတော့ အဲဒီ ARV ဆေးပြားတွေကို အိတ်ခ်ျအိုင်ဗွီ
ပျံ့နှံ့မှုကာကွယ်ဖို့ ဖြစ်နိုင်ခြေရှိတဲ့ ကာကွယ်ဆေးအဖြစ်နဲ့ အသုံးချကောင်း ချလာနိုင်တယ်လို့
သုတေသီတွေက စမ်းသပ်တွေ့ရှိခဲ့ပါတယ်။

 

အမေရိကန် ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ် အတ္တလန်တာက အမေရိကန်ပြည်ထောင်စု
ရောဂါထိန်းချုပ်ရေးနဲ့ကာကွယ်ရေးဌာနက သုတေသီတွေဟာ
မျောက်တွေကို
စမ်းသပ်ပြီးတော့ လေ့လာချက်တစ်ရပ် လုပ်ခဲ့ပါတယ်။ ဒီလေ့လာချက်မှာတော့ ARVဆေးပြား နှစ်မျိုးဟာ
ကနှဦးအဆင့်ရှိတဲ့ အိတ်ခ်ျအိုင်ဗွီ ဗိုင်းရပ်ပိုး ပျံ့နှံ့မှုကို ဘယ်လောက်ထိကာကွယ် နိုင်သလဲဆိုတာ
စမ်းသပ်ခဲ့ပါတယ်။ ဒီစမ်းသပ်မှုမှာ သုံးတဲ့ မျောက်အမျိုးအစားကတော့ မာကိုး မျောက်အမျိုးအစား
ဖြစ်ပါတယ်။ ဒီမျောက်ကို ARV (ftc) နေ့စဉ် ထိုးသွင်းပေးပါတယ်။ အဲဒီနောက် ၁၄ပတ်ကြာတဲ့အထိ
တစ်ပတ်ကို တစ်ခါ ကနဦးအဆင့် အိတ်ခ်ျအိုင်ဗွီ ဗိုင်းရပ်ပိုး ထိတွေ့ ကူးစက်စေပါတယ်။ ဒီစမ်းသပ်မှုမှာ
တွေ့ရတာကတော့ ဒီလိုမျိုး ARV ဆေးထိုးထားတဲ့ မျောက်ဟာ ဆေးထိုးပေးထားတာ မရှိတဲ့ မျောက်ထက်
ရောဂါကူးစက်မှု ဖြစ်နိုင်ခြေ ၃.၈ဆကို နည်းသွားပါတယ်။ နောက် ဒုတိယအကြိမ် စမ်းသပ်မှု လုပ်ပါတယ်။
ဒီ မျောက်တွေကို ARV(ftc) စားဆေးနဲ့ နောက် ARV ဆေးတစ်မျိုးဖြစ်တဲ့ တနိုဖိုးဘဲလ်ကို
သုံးစွဲစေပါတယ်။ ဒီတစ်ခါမှာတော့ ဒီမျောက်တွေဟာ အခြားဆေးမပေးမထားတဲ့ မျောက်တွေထက် ၇.၈ဆကို
ရောဂါဖြစ်နိုင်ချေ နည်းပါးသွားတာ တွေ့ရပါတယ်။

 

တတိယအကြိမ် စမ်းသပ်တော့ ဒီမျောက်တွေကို
ARV(ftc) နေ့စဉ်ပေးသလိုပဲ တနိုဖိုးဘဲလ်ကိုလဲ အရင်ကထက် ပမာဏများများ ပိုပြီးတော့ သုံးစွဲစေပါတယ်။
ဒီနောက်မှာတော့ ကနဦအဆင့် အိတ်ချအိုင်ဗွီ ဗိုင်းရပ်ပိုးနဲ့ ထိတွေ့ကူးစက်စေပါတယ်။ ဒီတစ်ခါမှာတော့
၁၀၀ရာခိုင်နှုန်းအဆင့်ထိကို ကာကွယ်မှု ပေးနိုင်တာကို တွေ့ရတဲ့အကြောင်း ဒီသုတေသနကို ဦးစီးတဲ့
ဝါးလစ်ဟန်းဒင်းက ပြောပါတယ်။ ခုတွေ့ရတဲ့ တွေ့ရှိချက်ဟာ နောက်ပိုင်းလူတွေမှာ စမ်းသပ်ဖို့
စံပြနမူနာ ဖြစ်တယ်လို့လည်း သူကပြောပါတယ်။

 

“ခုတွေ့ရှိချက်က ဘာကို ပြသလဲဆိုတော့
ရံဖန်ရံခါ လုပ်လေ့ရှိတဲ့ ဒီလေ့လာ တွေ့ရှိချက်ဟာ တစ်ကယ်တမ်း အနာဂတ် သုတေသန လုပ်ငန်းတွေအတွက်
နောက်ဆုံးမှ အလားသစ်တွေ အလားအလာကောင်းတွေ ဖြစ်လာနိုင်တယ်ဆိုတာကို ပြသနေပါတယ်။ ခုလိုမျိုး
ရံဖန်ရံခါ လုပ်နေတာတွေက နေပြီးတော့ သုတေသန လုပ်ငန်းတွေ ပိုပြီးတော့ လုပ်လာကြဖို့ လမ်းဖွင့်ပေးလိုက်သလိုပါပဲ”
လို့ ဝါးလစ်ဟန်းဒင်းက ပြောခဲ့ပါတယ်။

 

ခုသုတေသနပြု တွေ့ရှိချက်ကိုတော့ အင်တာနက်အွန်လိုင်း
ဆေးသိပ္ပံ ဂျာနယ်တစ်စောင်ဖြစ်တဲ့ Public library မှာ ပုံနှိပ် ဖေါ်ပြထားပါတယ်။ ခုဆိုရင်တော့
အမေရိကန် ပြည်ထောင်စုရဲ့ ကူးစက်ရောဂါကာကွယ်ရေးနဲ့ ရောဂါထိန်ချုပ်ရေး ဌာနအနေနဲ့ ARV
ဆေးပြားတွေကို အသုံးပြုပြီးတော့ အိတ်ခ်ျအိုင်ဗွီ ကာကွယ်ဆေး စမ်းသပ်မှုတွေကို ကမ္ဘာ့နေရာ
တော်တော်များများမှာ ပြုလုပ်လျက်ရှိပါတယ်။ ထိုင်း နိုင်ငံက မူးယစ်ဆေးဝါးသုံးစွဲသူတွေ၊
ဘော်စပွန်းနားက လိင်ကွဲကာမ ဆက်ဆံသူတွေနဲ့ အမေရိကန် ပြည်ထောင်စုအတွင်းက လိင်တူဆက်ဆံသူတွေ
အကြားမှာ စမ်းသပ်မှုတွေ လုပ်နေတာ ဖြစ်ပါတယ်။

 

အမေရိကန် ရောဂါထိန်းချုပ်ရေး ဌာနရဲ့
စမ်းသပ်ဆေးခန်းတွေကို ထိန်းချုပ်ကြီးကြပ်ရတဲ့ “လင်းပါ့စတွန်” ကတော့ ခုလိုမျိုး ARV
ဆေးပြားတွေကို အိတ်ခ်ျအိုင်ဗွီရောဂါပိုး ပျံ့နှံ့မှု ကာကွယ်ရေးလုပ်ငန်းတွေမှာ အသုံးပြုနေတာတွေဟာ
ခုမှ အသစ်လို မဟုတ်ပါဘူးတဲ့ ကိုယ်ဝန်ဆောင် မိခင်တွေကနေ ကိုယ်ဝန် သဋေသားတွေကို အိတ်ခ်ျအိုင်ဗွီ
ဗိုင်းရပ်ပိုးမကူးအောင် ဒီARV ဆေးပြားတွေကို အသုံးပြုခဲ့တယ်လို့ သူမကပြောပါတယ်။ ဒါကြောင့်မလို့
အခုဆေးဝါးတွေဟာ ကွန်ဒုံအသုံးပြုသလိုမျိုး အိတ်ခ်ျအိုင်ဗွီ ရောဂါကာကွယ်ရေး အစီအမံတစ်ခုလည်း
ဖြစ်လာနိုင်တယ်လို့ “ပါစတွန်” ကပြောပါတယ်။

 

“ဒါ့ကြောင့်မလို့ ရောဂါတိုက်ဖျက်ရေး
အစီအစဉ်ထဲမှာ ထည့်သွင်းလာနိုင်တဲ့ အားကောင်းတဲ့ နည်းနာတစ်ရပ် ဖြစ်လာနိုင်ဖွယ်ရှိတဲ့
အနေနဲ့ ဒီရောဂါ ကာကွယ်ရေး ကုထုံးကို ကျမတို့ စောင့်ကြည့်ထားပါတယ်။“မာရွန်းကိုဟန်” ကတော့
မြောက်ကာလိုလိုင်းနား ဆေးပညာတက္ကသိုလ် ဌာနကပါ။“ ဒီအခြေအနေဟာ ပုံမှန်မဟုတ်တော့ ပါဘူး။
ခုဆိုလို့ရှိရင် အိတ်ခ်ျအိုင်ဗွီ ဗိုင်းရပ်ကူးစက်ခံရသူပေါင်း သန်း ၃၀၊ ၄၀လောက်ကို ရှိနေပါတယ်။
ဒါကြောင့်မလို့ ပိုပြီးတော့ ကောင်းတဲ့ အရေးပေါ် ဆောင်ရွက်ချက်တွေ လုပ်ဆောင်ချက်တွေ လုပ်ဆောင်သင်ပါတယ်”
လို့ သူကပြောသွားပါတယ်။ ဒါကတော့ အိတ်ခ်ျအိုင်ဗွီ ဗိုင်းရပ်ပိုး ပျံ့နှံ့မှုအတွက်
ARV ဆေးပြား တွေကို ကာကွယ်ဆေး အဖြစ်နဲ့ သုံးလာနိုင်တယ်ဆိုတဲ့ သတင်းအပေါ်မှာ  “မာရွန်းကိုဟန်”
ရဲ့ မှတ်ချက်စကား ဖြစ်ပါတယ်။ အိတ်ခ်ျအိုင်ဗွီ
ရောဂါဟာ တစ်ကမ္ဘာလုံးမှာ ပျံ့နှံ့နေပြီးတော့ အဲဒီအတွက် ကာကွယ်ဆေး ကိုခုချိန်ထိ ဖေါ်ထုတ်မရနိုင်သေးတဲ့အတွက်
ARV ဆေးပြားတွေကို ကာကွယ်ဆေး အဖြစ်နဲ့ အသုံးချလာနိုင်တယ်။ဆိုတဲ့ ဒီတွေ့ရှိချက်ဟာ အိတ်ခ်ျအိုင်ဗွီ
ရောဂါတိုက်ဖျက်ရေးအတွက်တော့ အတော့်ကို အရေးပါတဲ့ တွေ့ရှိချက်လို့ ဆိုရမှာပါ။



ARV ဆေးပြားတွေကို အိတ်ခ်ျအိုင်ဗွီ ကာကွယ်ဆေးအဖြစ် သုံးစွဲနိုင်တော့မည်။

အသံဖိုင် အောက်တွင် ယူပါ။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top