11
Mar

ARV ဆေးဝယ်ယူရန် အစိုးရက ဘတ်ဂျက် ချပေးသော်လည်း သွင်းမည့် ကုမ္ပဏီ မရှိသဖြင့် လူနာ ၆၀၀ အတွက် တစ်နှစ်စာ နစ်နာ

အိတ်ခ်ျအိုင်ဗီပိုးဖြင့် အသက်ရှင် နေထိုင်သူများအတွက် ARV ဆေးများ တိုးမြှင့်ပေးနိုင်ရန် ယခုနှစ်အတွင်း အစိုးရဘဏ္ဍာငွေ ကျပ်သိန်းနှစ်ထောင် ချထားပေးခဲ့ပြီး ပုဂ္ဂလိက ဆေးကုမ္ပဏီများအား တင်ဒါခေါ်ယူ ခဲ့သော်လည်း လာရောက်လျှောက်ထား သည့် ကုမ္ပဏီမရှိခဲ့ကြောင်း ကျန်းမာရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။

“ARV ဆေးဝါးအတွက် တင်ဒါခေါ်ယူတာကို သဘောမပေါက်ကြလို့ မလျှောက်ကြတာ ထင်ပါတယ်။ ဒီနှစ်အတွက်တော့ တင်ဒါခေါ်ယူတာ ပြီးသွားပါပြီ။ နောင်နှစ်ကျမှ HIV Test Kit တွေကို အစားထိုး ၀ယ်ပေး သွားမယ်။ သွေး လှူရှင်တွေအားလုံး HIV စစ်နိုင်ဖို့အတွက် တိုးပြီးဝယ်သွားမှာပါ” ဟု ကျန်းမာရေး ၀န်ကြီးဌာန ရောဂါနှိမ်နင်းရေး ဌာနခွဲမှ တာဝန်ရှိပုဂ္ဂိုလ် တစ်ဦးကပြောသည်။

ယခုနှစ်အတွက် အစိုးရဘဏ္ဍာငွေ ချထားပေးသည့် ငွေပမာဏသည် HIV ပိုးဖြင့် အသက်ရှင် နေထိုင်သူ ၆၀၀ ဦးအတွက် တစ်နှစ်စာ ARV ၀ယ်ယူနိုင်မည့် ပမာဏဖြစ်ပြီး ပြည်တွင်း ကုမ္ပဏီများက ရောင်းချခြင်း မပြု ပါက ပြည်ပ ကုမ္ပဏီများ၊ အဖွဲ့အစည်းများမှ တစ်ဆင့် ၀ယ်ယူသင့်ကြောင်း Myanmar PositiveGroup (MGP)မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

“HIV အတွက် အစိုးရ ဘတ်ဂျက်ထဲက ငွေချထားပေးတယ်ဆိုတာ ဒါပထမဆုံးပါ။ ဒါကို အသုံးပြုပြီး တကယ်ဝယ်လို့ရမယ့် နည်းလမ်းတွေ ရှာသင့်ပါတယ်။ INGO တွေကတစ်ဆင့် နိုင်ငံတကာ ဆေးဝါးတွေမှာ ၀ယ်တဲ့ နည်းနဲ့ ဖြေရှင်းနိုင်ပါတယ်။ မတ်လ ဘတ်ဂျက် နှစ်ကုန်သွားရင် ဒီငွေတွေက မသုံးလိုက်ရဘဲ ဖြစ်သွားမှာ” ဟု MPG ဥက္ကဋ္ဌ ဦးမျိုးသန့်အောင်က ပြောသည်။

မြန်မာနိုင်ငံတွင် ARV ဆေးဝါး လိုအပ်လျက်ရှိသည့် HIV Positive တစ်သိန်းနှစ်သောင်းကျော်ရှိပြီး Globel Fund ၏ စံအရ ၂၀၁၂ မှ ၂၀၁၅ ခုနှစ်အတွင်း လူပေါင်း ၈၅ ရာခိုင်နှုန်း အထိ ဆေးဝါးတိုးမြှင့်ပေးနိုင်ရန် ရည်မှန်းထားကြောင်း ရောဂါနှိမ်နင်း ရေးဌာနခွဲမှ သိရသည်။

“တင်ဒါက ဈေးနှုန်းသတ်မှတ်ပြီး ခေါ်တာမဟုတ်ဘူး။ ပြည်တွင်းပေါက်ဈေးနဲ့ပဲ ညှိနှိုင်းပြီး ၀ယ်ဖို့ခေါ်တာပါ။ ကုမ္ပဏီတွေက မစုံစမ်းကြလို့ပါ” ဟု အထက်ပါဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်က ပြောသည်။

မြန်မာနိုင်ငံတွင် ဆေးဝါး တင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီများစွာ ရှိသည့်အနက် ARV ဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီမှာ ငါးခုသာရှိကြောင်း သိရသည်။ ယခု တင်ဒါခေါ်ယူပြီး အစိုးရက ၀ယ်ယူမည့် ARV ဆေးဝါးများသည် အစိုးရဆေးရုံများနှင့် ချိတ်ဆက်ကာ ဆေးဝါး ကုသမှု ခံယူနေသည့် HIV ပိုးဖြင့် အသက်ရှင်နေထိုင်သူများ အတွက်ဖြစ်ကြောင်း သိရသည်။

“နောင်နှစ်ခါ HIV Task Kit တွေ ဘယ်လောက် ၀ယ်မယ်ဆိုတာက ကုမ္ပဏီတွေက ဘယ်လောက် တင်သွင်းနိုင်မလဲ ဆိုတာ ကြည့်ရဦးမှာပါ” ဟု ကျန်းမာရေး ၀န်ကြီးဌာန ရောဂါနှိမ်နင်းရေး ဌာနခွဲမှ တာဝန်ရှိ ပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

မြတ်စုမွန်

7 Days News - ARV ဆေးဝယ်ယူရန် အစိုးရက ဘတ်ဂျက် ချပေးသော်လည်း သွင်းမည့် ကုမ္ပဏီ မရှိသဖြင့် လူနာ ၆၀၀ အတွက် တစ်နှစ်စာ နစ်နာ 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top