မြန်မာနိုင်ငံ၌ အရည်အသွေးပြည့်မီသော ARV ဆေးထုတ်လုပ်နိုင်ရေး အတွက် အိန္ဒိယအတွေ့အကြုံကို ရယူသွားမည်ဟု Myanmar Positive Group (MPG) ဥက္ကဋ္ဌ ဦးမျိုးသန့်အောင်က ပြောသည်။
''လက်ရှိ မြန်မာပြည်မှာသုံးနေ တဲ့ ARV ဆေးအများစုက အိန္ဒိယက တင်သွင်းလာတဲ့ ဆေးတွေ များပါတယ်။ ရှေ့လအောက်တိုဘာမှာ ကျွန်တော်တို့ အိန္ဒိယ နယူးဒေလီမှာရှိတဲ့ Positive ကွန်ရက် (DNP+) နဲ့ ချိတ်ဆက်ပြီး သင်တန်းတက် ရောက်ဖို့ အစီအစဉ်ရှိတယ်'' ဟု Myanmar Positive Group (MPG) မှ ဥက္ကဋ္ဌ ဦးမျိုးသန့်အောင်က ပြောသည်။
ယင်းခရီးစဉ်တွင် အိန္ဒိယနိုင်ငံ၏ ARV ဆေးထုတ်လုပ်ခွင့် မူပိုင်ခွင့်၊ တင်သွင်းခွင့် အစရှိသည့် မူဝါဒနှင့် ဥပဒေဆိုင်ရာများ၊ ARV ဆေးဝါး ထုတ်လုပ်ခြင်း လုပ်ငန်းများနှင့် အိန္ဒိယ Positive Network (DNP+) ၏ နိုင်ငံလုံး ဆိုင်ရာ HIV တုံ့ပြန်မှု အခန်းကဏ္ဍနှင့် ၄င်းတို့၏နိုင်ငံတွင်း ပြုစု စောင့်ရှောက်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေမှုများကို လေ့လာရန် စီစဉ်ထားကြောင်း သိရသည်။
အဆိုပါ ခရီးစဉ်မှ ပြန်ရောက် လာသည့်အခါတွင်လည်း ၄င်းဆေးဝါး ထုတ်လုပ်မှု လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမည့် လုပ်ငန်း ရှင်များနှင့် လူထုအခြေပြုအဖွဲ့ အစည်းများသို့ အတွေ့အကြုံများ ဖလှယ်ခြင်းနှင့် ဆွေးနွေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။
ယင်းသင်တန်း တက်ရောက်ရခြင်း၏ အဓိကအကြောင်းရင်းမှာ မကြာမီ လွှတ်တော်သို့ တင်သွင်းမည့် တီထွင်မှုမူပိုင်ခွင့် ဥပဒေမူကြမ်းတွင် နာတာရှည်ရောဂါရှင်များအတွက် ဆေးဝါးနှင့် ပတ်သက်သော ထိခိုက် နစ်နာမှုများ မရှိစေရေးကို အဓိကထား၍ ထည့်သွင်းရေးဆွဲ သွားရန် အိမ်နီးချင်းနိုင်ငံများမှ အတွေ့အကြုံကောင်းများ၊ သင်ခန်းစာများကို ရယူလိုခြင်းဖြစ်ကြောင်း သိရသည်။
၎င်းအပြင် Myanmar Positive Group (MPG) သည် ပြည်ထဲရေး ဝန်ကြီးဌာနသို့ အသင်း အဖွဲ့ မှတ်ပုံတင်လျှောက်လွှာ တင်သွင်းရန် ပြင်ဆင်နေကြောင်းနှင့် တရားဝင် အသင်းအဖွဲ့ဖြစ်လာပါက လုပ်ငန်းများ ဆောင်ရွက်ရာတွင် ယခုထက် ပိုမိုထိရောက်စွာ လုပ်ကိုင်နိုင်ခွင့်ပြောရေး ဆိုခွင့်တွေ ပိုမိုရရှိလာမည်ဟု ယုံကြည်ကြောင်း ၄င်းက ဆက်လက်ပြောသည်။
Myanmar Positive Group (MPG) ကို ၂ဝဝ၅ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကိုယ့်အားကိုယ်ကိုးအဖွဲ့ ၄၇ ဖွဲ့သာ ချိတ်ဆက်မိ ရာမှ ယခုအခါ မြန်မာ တစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် အားလုံးသို့ ကွန်ရက် ချိတ်ဆက် လျက်ရှိပြီး ကိုယ့်အားကိုယ်ကိုး အဖွဲ့ပေါင်း ၂၁၄ ဖွဲ့နှင့် အဖွဲ့ဝင် ပေါင်း ၁ဝ၄၁၁ ရှိကြောင်း သိရသည်။
ချစ်ဆုဆွေ
Popular Myanmar - ARV ဆေး ထုတ်လုပ်ရေး အိန္ဒိယမှ အတွေ့အကြုံ ယူမည်




