နှစ်စဉ်နှစ်တိုင်း
ဒီဇင်ဘာလ ၁ ရက်နေ့ကို World AIDS Day အဖြစ် နိုင်ငံတကာမှာ ကျင်းပကြသလို
မြန်မာနိုင်ငံမှာလည်း ကျင်းပလေ့ ရှိပါတယ်။
အထူးသဖြင့်
ရန်ကုန်မြို့မှာတော့ မီးမျှောပွဲနဲ့ အတူ ဆုတောင်းပွဲတစ်ခုကို အင်းလျားကန်
စိမ်းလန်းစိုပြည် ဥယျာဉ်မှာ ပြုလုပ်လေ့ရှိပါတယ်။ NGO များမှာလည်း အလားတူ အမှတ်တရ
အစီစဉ်တွေ၊ ဆုတောင်းပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေ ပြုလုပ်ပြီးHIV/ AIDS ဝေဒနာရှင်များကို
ကမ္ဘာကြီးက မေ့မထားဘူး ဆိုတာ ပြသနိုင်ဖို့ ခမ်းခမ်းနားနား ပြုလုပ်လေ့ ရှိပါတယ်။
ဒီလို အခမ်းအနားမျိုးတွေမှာ သတင်းဓာတ်ပုံ ရိုက်တဲ့အခါ၊ သတင်းယူတဲ့အခါ ကာယကံရှင်ရဲ့
သဘောတူညီ ခွင့်ပြုချက် ရယူရမှာ ဖြစ်သလို သတင်းသမား အနေနဲ့ လိုက်နာရမယ့်
ကျင့်စဉ်တွေလည်း ရှိပါတယ်။
အထူးသဖြင့်
ဒီလိုအခမ်းအနားတွေမှာ HIV/AIDS ဝေဒနာရှင် တွေရဲ့ မိသားစုဝင်တွေ၊ သားသမီးတွေ၊
ကလေးငယ်တွေ ပါဝင်တတ်တာမို့ သတင်း ဓာတ်ပုံ ရိုက်ယူရာမှာ အထူး သတိပြုဖို့ လိုပါတယ်။
တက်ရောက် လာသူတိုင်းဟာ HIV/AIDS ဝေဒနာရှင်တွေ မဟုတ်ဘူး ဆိုတာ သဘော ပေါက်ဖို့ လိုပါတယ်။
သတင်းထောက်တွေက ကလေးငယ်တွေရဲ့ ရုပ်ပုံလွှာတွေကို ဖော်ပြတာဟာ စာဖတ်သူရဲ့ ကြင်နာ
စာနာနိုင်မှုကို ရယူနိုင်တယ်လို့ ယူဆလေ့ ရှိပါတယ်။ တစ်ခါတစ်ရံမှာ စေတနာအမှား
ဖြစ်သွား နိုင်ပါတယ်။ ဒီလိုမျိုး မဖြစ်စေချင်လို့ မဲခေါင်မြစ်ဝှမ်းဒေသ အစီအစဉ်က
စီစဉ်ထုတ်ဝေတဲ့ MEDIA GUIDE FOR REPORTING HIV & AIDS စာအုပ်မှာ ဖော်ပြထားတဲ့
ကလေး သူငယ်များနှင့် စပ်လျဉ်း၍ သတင်းအစီရင်ခံခြင်း ကဏ္ဍပါ သတင်းထောက်တွေ
စဉ်းစားရမယ့် အချက်အလက် ၅ ချက်ကို ဖော်ပြ ပေးလိုက်ပါတယ်။
HIV/AIDS
နှင့် နေထိုင်နေသော ကလေးသူငယ်များအကြောင်း သတင်းဖန်တီးရာတွင် အခြေခံအားဖြင့်
စဉ်းစားရမည့် အချက် ၅ ချက်ရှိသည်။
၁။ ကလေးသူငယ်များ၏ အကျိုးစီးပွား
ကလေးသူငယ်များနှင့်
ပတ်သက်၍ ဘယ်လို ရှုထောင့်မျိုးမှ သတင်းကို ရေးသည်ဖြစ်စေ ထိုသတင်းသည် ကလေးများအတွက်
ထိခိုက်နစ်နာ လွယ်သော အခြေအနေကို ထုတ်ဖော် ပြောကြားသလို မဖြစ်စေရ။ သူတို့၏
အကျိုးစီးပွားကို မထိခိုက်စေရ။
၂။ မြင့်မားသော ကျင့်ဝတ်ဖြင့် ဆောင်ရွက်ခြင်း
အထူးသဖြင့်
ထိခိုက်လွယ်သော ကလေးသူငယ်များအကြောင်း သတင်းကိစ္စများ ဆောင်ရွက်တိုင်း မြင့်မားသော
ကျင့်ဝတ်ဖြင့် စောင့်ထိန်း လုပ်ကိုင်ရမည်။ တစ်ဖက်သတ် ထင်မြင်ယူဆ ချက်များ၊
ခွဲခြားသလို ဖြစ်သော စကားလုံး အသုံးအနှုန်းများ၊ သတင်းကို လမ်းလွဲစေမည့် တင်ပြမှုများကို
ရှောင်ရှားပါ။ သတင်း ဇာတ်လမ်းထဲတွင် ကလေး သူငယ်တို့အား သနားစဖွယ် ဒုက္ခသည်
သားကောင်များအဖြစ် မီးမောင်းထိုးပြခြင်းဖြင့် ကလေးသူငယ်တို့သည် မျှော်လင့်ချက်မဲ့၍
စွမ်းအား မရှိသောသူများအဖြစ် ထင်မြင်ခြင်းကို ခံသွားရနိုင်သည်။
၃။ လျှို့ဝှက်ချက်ကို ထိန်းသိမ်းခြင်း
ကလေးများ၏
အကျိုးစီးပွားအတွက် တွေ့ဆုံမေးမြန်း ခံရသည့် ကလေးများတွင် HIV ရှိနေသည်ဆိုခြင်းကို
လျှို့ဝှက်ထားပါ။ ကလေး သူငယ်တို့အနေဖြင့် သူတို့တွင် HIV ရှိနေသည်ကို
ပြောဆိုခြင်းသည် သူတို့အနေဖြင့် နောက်ဆက်တွဲ ဖြစ်လာမည့် အကျိုးဆက်များကို
နားလည်နိုင်စွမ်း မရှိသေး၍ ဖြစ်သည်။ ထို့ကြောင့် သတင်းသမားအား သူတို့ နာမည်များကို
ထုတ်ဖော်ပြောခြင်း၊ နေရပ်လိပ်စာများကို ပြောပြခြင်း၊ ဓာတ်ပုံ ရိုက်ခွင့်ပြုခြင်း
ဖြစ်သည်။ ကလေးများထံမှ သဘော တူညီချက် ရသည်ဟု ဆိုသော်လည်း နောက်ဆက်တွဲ ဖြစ်လာမည့်
အကျိုးဆက်များ အကြောင်းကို အချိန်ယူ၍ စိတ်ရှည်စွာ ရှင်းလင်း ပြရမည်။ ကလေးကိုသာ
ရှင်းလင်း ပြောဆိုသည် မဟုတ်ဘဲ ကလေးမိဘ၊ အုပ်ထိန်းသူနှင့် ကလေးကို စောင့်ရှောက်သူများကိုပါ
တစ်ချိန်တည်းတွင် ဂဃနဏ ရှင်းလင်း ပြောဆိုရမည်။
သို့သော်
ဤနေရာတွင် ခြွင်းချက် တစ်ခုတော့ ရှိသည်။ အဆိုပါ ကလေးတွင် HIV ရှိနေသည့်
အကြောင်းကို သတင်းရေးသားခြင်းသည် တစ်စုလုံးသော လူထုအား ကြီးမားသော အကျိုးကျေးဇူး
ဖြစ်စေမည့် အခြေအနေ ရှိကြောင်း သိသာစွာ ထင်ထင်လင်းလင်း ရှိနေသည် ဆိုပါက ထုတ်ဖော်
ရေးသားနိုင်သည်။
၎။ ဖြစ်လာနိုင်သည့် နောက်ဆက်တွဲ
အကျိုးဆက်များကို
သေချာ စေ့ငုစွာကြည့်ပါ
သင်၏ တွေ့ဆုံ မေးမြန်းခန်းထဲတွင် ကလေးသည် တစ်ကြိမ် သို့မဟုတ် တစ်ကြိမ်ထက်ပို၍
ပါကောင်း ပါနေမည်။ တစ်ခါတစ်ရံ၌ အခြားသော HIV ဇာတ်လမ်းများကို ရေးသားရင်း အဆိုပါ
ကလေးနှင့် တွေ့ဆုံ မေးမြန်းထားချက်ကို ဆက်စပ်၍ ပြန်သုံးတာမျိုးလည်း ရှိနိုင်သည်။
သင်၏ သတင်းဇာတ်လမ်းအား မော်ကွန်းတိုက် Archive တွင် စုဆောင်း ထားသည် ဆိုပါစို့။
လိုအပ်တိုင်း အကိုးအကား အနေဖြင့် ထိုဇာတ်လမ်းကို သင် သို့မဟုတ် အခြားသူများက သုံးသည်
ဆိုပါက ကလေး၏ HIV ရှိနေသည့် ဘဝသည် ထပ်ပြန်တလဲလဲ ဖော်ပြ ခံနေရမည် ဖြစ်သည်။
သင့်အနေဖြင့် ဘယ်လို အချက်အလက်များ သင်၏ သတင်းဇာတ်လမ်းထဲတွင် ထည့်သွင်းသည် ဖြစ်စေ
ကလေး၏ အနာဂတ် အကျိုးစီးပွားကို မထိခိုက်စေရန် လိုသည်ဟု စိတ်တွင် အမြဲရှိနေရမည်။
၅။ ကလေး သူငယ်များတွင် မြင်တွေ့ ကြားသိရန် အခွင့်အရေး
ရှိသည်
ကလေး၏
ကိုယ်ပိုင် အကျိုးစီးပွားသည် အထူးတလည် အရေးကြီးသည်။ သို့သော် ကလေးသူငယ်များ
အနေဖြင့် သူတို့နှင့် ဆက်စပ် ပတ်သက်နေသမျှ ကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်ရန်
အခွင့်အရေး ရှိသည်။ သင့်အနေဖြင့် ကလေးတို့အား HIV/AIDS ကိစ္စများတွင် လည်းကောင်း၊
ဆက်စပ်နေသော ကိစ္စရပ်များတွင် လည်းကောင်း၊ သူတို့၏ ထင်မြင်ယူဆချက်များ ထုတ်ဖော်
ပြသနိုင်ရန် အတွက် အခွင့်အရေး ပေးရမည်။
HIV/AIDS
သတင်း ရေးသားပေးပို့ခြင်းနဲ့ ဆက်စပ်ပြီး သတင်းသမားများ လိုက်နာရမယ့် သတင်းထောက်
ကျင့်ဝတ်၊ AIDS သတင်းများနဲ့ စပ်လျဉ်းပြီး သတင်းထောက်များရဲ့ အခွင့်အရေးနှင့် တာဝန်ရှိမှု၊
ကလေး သူငယ်များနှင့် စပ်လျဉ်းပြီး သတင်း အစီရင်ခံပုံတို့ကို ဖော်ပြခဲ့ပြီး
ဖြစ်ပါတယ်။ မိမိ ပတ်ဝန်းကျင်မှာ ရှိတဲ့ ဝေဒနာရှင်များရဲ့ သတင်းများကို စနစ်တကျ
ချဉ်းကပ် ရယူပြီး သတင်းများကို ရေးသား ပေးပို့နိုင်ပါတယ်။ အထူး မှာလိုတာက အထက်မှာ
ဖော်ပြခဲ့ပြီးဖြစ်တဲ့ အမှာစကားများကို အတိအကျ လိုက်နာစေလိုတာပါပဲ။ ရေးကြည့်ပါ၊
ပို့ကြည့်ပါ။ အားလုံးကို ကြိုဆိုပါတယ်။
အယ်ဒီတာ
Monday, 07 December 2009 15:46
ရွှေအမြုတေ -
(Dec-09) ပို့ကြည့်ပါ




