ရန်ကုန်နှင့် မန္တလေးမြို့တော်တို့ရှိ နိုက်ကလပ်များနှင့် စင်တင်တေးဂီတများတွင် Durex တံဆိပ် အမျိုးသားသုံး ကွန်ဒုံးများကို လာမည့် စက်တင်ဘာလ လယ်မှစ၍ အခမဲ့ ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း Reckitt Benckiser Health Care ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ယင်းကဲ့သို့ ဖြန့်ဝေခြင်းကို ဈေးကွက်အတွင်း ကွန်ဒုံး မိတ်ဆက်သည့် အနေနှင့် စတင် ဖြန့်ချိသွားမည်ဖြစ်ပြီး အမျိုးသား အများစုရှိသည့် နိုက်ကလပ်နှင့် စင်တင်တေးဂီတများကို အဓိကထား၍ ကွန်ဒုံး အရေ အတွက် ခြောက်သောင်း အခမဲ့ဖြန့်ဝေသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။
ရန်ကုန်မြို့တော်၌ နိုက်ကလပ် ၁၅ ခုတွင် ကွန်ဒုံးအခမဲ့ ဖြန့်ဝေသွားမည်ဖြစ်ပြီး မန္တလေးမြို့တော်ရှိ စင်တင် ဂီတဆိုင်များ အားလုံးတွင် အခမဲ့ ဖြန့်ဝေပေး သွားမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။
“ရန်ကုန်နဲ့ မန္တလေးကို အဓိကထားပြီး လုပ်သွားမှာပါ။ မန္တလေးမှာက နိုက်ကလပ် မရှိတော့ အမျိုးသားများတဲ့ စင်တင်တေးဂီတတွေမှာ သွားရောက် ဖြန့်မှာပါ။ Brand တစ်ခု အနေနဲ့ လူတွေ Choice လုပ်ပြီး သုံးတတ်အောင်လို့ မိတ်ဆက်ပေးတဲ့ အနေနဲ့ ဖြန့်ဝေသွားမှာပါ” ဟု ၎င်းက ဆိုသည်။
လူအများစုသည် လိင်ဆက်ဆံရာတွင် ကွန်ဒုံး အသုံးပြုမှု အားနည်းသဖြင့် မြန်မာ တစ်နိုင်ငံလုံးရှိ လိင်တူ ချစ်သူများနှင့် အမျိုးသားများ လာရောက်လေ့ ရှိသော တောင်ပြုန်းပွဲတော်၊ ရတနာ့ဂူ ပွဲတော်ရက်များတွင် ကွန်ဒုံးအခမဲ့ ဖြန့်ဝေပေးခြင်း၊ လက်ကမ်း စာစောင်များ ဝေငှခြင်း၊ နေ့ချင်းပြီး သွေး စစ်ဆေး ပေးခြင်းတို့ ပြုလုပ်ရကြောင်း ခုခံအားကျ ဆင်းရေးနှင့် ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့မှ ဒေါက်တာကျော်စိုးက The Voice သို့ ပြောကြားသည်။
Durex အမှတ်တံဆိပ် ကွန်ဒုံးများ ထုတ်လုပ်သည့် ကုမ္ပဏီသည် ၁၉၂၉ ခုနှစ်မှ စတင်ကာ နိုင်ငံပေါင်း ၁၇ နိုင်ငံတွင် ကွန်ဒုံး ထုတ်လုပ်လျက်ရှိပြီး ကွန်ဒုံးသုံးခုပါ တစ်ဘူးလျှင် ကျပ် ၉၀၀ မှ ၂၀၀၀ ကျပ်ကြား ရှိကြောင်း Reckitt Benckiser Health Care ကုမ္ပဏီထံမှ သိရသည်။
By The Voice
နိုင်ငံသစ် - Durex ကွန်ဒုံးခြောက်သောင်း အခမဲ့ဝေမည်




