25
Jun

Fighting the HIV stigma



နာမည်ပျက်လေး
ရှိခဲ့လို့... လူတကာတွေက ရှောင်ဖယ်ကြတယ် ဆိုတာ ကျွန်တော်တို့ လူ့ဘောင်လောကမှာ
မြင်တွေ့နေကြမို့ သိပ်ပြီးမဆန်းလှပါဘူး။ တံဆိပ်တွေ ကပ်ကြတာ လူတွေရဲ့ သဘာဝပါ။
တံဆိပ်ကပ်တဲ့ နောက်ကွယ်မှာ အတူတွဲပါလာတဲ့ တန်ပြန်သက်ရောက်မှု အကျိုးဆက်တွေကိုတော့
သတိထားမိကြတဲ့သူ ရှိသလို သတိမမူမိတဲ့ သူလည်း ရှိကြမှာပါ။ ငါနဲ့ မဆိုင်ပါဘူး
ဆိုပြီး ဘာသိဘာသာ နေကြတဲ့ သူတွေလည်း ရှိကြပါတယ်။ ဒါပေမယ့် လူ့ဘဝဆိုတာ စက်ဝိုင်းတစ်ခုလို
လည်နေတတ်တယ်။ စက်ဝိုင်းတွေ လွှမ်းမိုးနေတဲ့ လူ့ဘဝမှာ မဆိုင်ပါဘူး ဆိုတဲ့သူတွေဆီ
အကျိုးဆက်တစ်ခု ရောက်မလာနိုင်ဘူးလို့ မပြောနိုင်ဘူးလေ။

လေးလုံးရောဂါ ဆိုလို့ မျက်မှန်တပ်တဲ့ လူတွေကိုများ ပြောသလားပေါ့... ဆိုပြီး
တပ်ထားတဲ့ မျက်မှန်တောင် ကိုယ့်ဘာသာ ပြန်စမ်းမိတယ်။ အဲဒီကောင်မ
အေကိုက်နေတယ်တော့... ရပ်ကွက်ထဲမှာ တိုးတိုးတိတ်တိတ် အတင်းချတယ်။ မျက်နှာ
ရှစ်ခေါက်ချိုးနဲ့ နှာခေါင်းရှုံ့တယ်။ တချို့ကတော့ စကားဝှက်လေးနဲ့ အေဝမ်းဒီဖိုက်
ဆိုပဲ။ အဲဒီကနေ ခွဲခြားဆက်ဆံမှုတွေ ဖြစ်လာတယ်။ တောထုတ်ချင်လာတယ်။ ဝေးဝေးရှောင်တယ်။


လမ်းဆုံလမ်းခွတွေမှာ ကုရာနိတ္ထိ ဆေးမရှိ... ဆိုတဲ့ ဆိုင်းဘုတ်ကြီးတွေ
ထောင်လိုက်တော့ အခြေအနေ ပိုဆိုးသွားတယ်။ နဂိုကမှ ခွဲခြားဆက်ဆံ ခံရတဲ့အထဲ အဲဒီလို မြင်လိုက်ရတော့
လူတွေရဲ့ တကိုယ်ကောင်းဆန် အတ္တကို မီးကူထိုးပေးလိုက်သလို ဖြစ်ကုန်တယ်။ ရောဂါပိုး
ကူးစက်ခံရမှာ ကြောက်ပြီး ခွဲခြားဆက်ဆံမှုတွေ များလာတယ်။ တကယ်တော့ လောကမှာ ကုမရတဲ့
ရောဂါတွေ အများကြီးပါ။ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ ဘီပိုး၊
သွေးကင်ဆာ... ဘယ်မှာ အရှင်းပျောက်အောင် ကုလို့ရလို့လဲ။ ရောဂါသက်သာအောင် အခြေအနေ
ပိုမဆိုးအောင်ပဲ လုပ်လို့ ရတာမျိုးပါ။ အေလည်း ဒီအတိုင်းပါပဲ။ ပျောက်အောင်
ကုလို့မရပါဘူး။ ဒါဖြင့် ဘာကွာလို့များ လူတွေက အသည်းအသန် ကြောက်လန့် နေရသလဲ။


လိင်အပျော်အပါး လိုက်စားခြင်းကို ရှောင်ကျဉ်ပါ... မိမိဇနီး ခင်ပွန်းအပေါ်မှာ
သစ္စာရှိပါ... တစ်လင် တစ်မယားစနစ် ကျင့်သုံးပါ... ဆိုတဲ့ လူမြင်ကွင်းမှာ ထောင်ထားတဲ့
ဆိုင်းဘုတ်ကြီးတွေကြောင့် နှာဘူးကျလို့ တဏှာကြီးတဲ့ ကာမဘီလူးတွေပဲ အေအိုင်ဒီအက်စ်
ရောဂါရသလို လူတွေက ထင်ကုန်ကြတယ်။ ဒီရောဂါရှိရင် ယောကျာ်းလေးဆို နှာဘူး သို့မဟုတ်
ဂန်ဒူးလို့ ထင်ကြတယ်။ မိန်းခလေးဆို အရပ်ပျက်မ ရွစိစိန် သို့မဟုတ်
အောက်အီးအွတ်ပေါ့။ ကဲ... ဥမမယ် စာမမြောက် သေးတဲ့အရွယ် ကလေးငယ်တွေကို ဘယ်လို
ပြောကြအုံးမလဲ။ ဘယ်တံဆိပ် ကပ်ကြအုံးမလဲ။ တကယ်တော့ ရောဂါဘေးတားဆီးတဲ့ နေရာကနေ
မမျှော်မှန်းထားပဲ ဖြစ်လာတဲ့ ဘေးထွက်ဆိုးကျိုးကို နာမည်ပျက် တစ်ခုအနေနဲ့ ဘဝတစ်သက်စာ
အလူးအလိမ့် အလဲအကွဲ ခံစားရတာက အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံလိုက်ရတဲ့ အသိုင်းအဝိုင်းပါပဲ။


အိတ်ခ်ျအိုင်ဗွီပိုးက လိင်အပျော်အပါး တစ်ခုတည်းကနေ ကူးတာ မဟုတ်မှန်း အခုအချိန်မှာ
အတော်များများ နားလည် သိရှိပြီးသားပါ။ ထပ်ခါတလဲလဲ အသုံးပြုတဲ့ ဆေးထိုးအပ်တွေ၊
စနစ်တကျ မရှိလှတဲ့ သွေးသွင်း ကုသမှုတွေကြောင့် ရောဂါပိုး ကူးစက်နိုင်ပါတယ်။ ဒါပေမယ့်
အဲဒါတွေကို သိပေမယ့်လည်း ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အိတ်ခ်ျအိုင်ဗွီပိုး
ရှိတဲ့သူတွေကို နှိမ့်ချဆက်ဆံမှုတွေ ရှောင်ခွာ ဖယ်ကျဉ်မှုတွေ ရှိနေတုန်းပါပဲ။
အဲဒီလို ခွဲခြားဆက်ဆံမှုကြောင့် နာမည်ဆိုးတွေ ဖြစ်စေကုန်တယ်။ နာမည်ပျက်ကုန်တယ်။
အရိပ်မည်းကြီး မိုးကုန်တယ်။


နာမည်ဆိုး အရိပ်မည်းကြောင့် ဘာတွေဖြစ်ကုန်လဲ။ ရောဂါပိုး ရှိကြောင်း ပြောရမှာ
ရှက်လာတယ်။ အပြစ်တစ်ခု ရှိသလို ခံစားလာရတယ်။ လူတွေကို ကြောက်လာတယ်။ ခံယူချက်တွေ
မှားလာတယ်။ အမူအကျင့်တွေ ပြောင်းကုန်တယ်။ တချို့က လောကကြီးကို အရွဲ့တိုက်ကြတယ်။
အဲဒါကြောင့် ရောဂါပိုးကို ဆက်လက် ဖြန့်ဖြူးတယ်။ တချို့က ဇာတ်မြုပ်ပြီး ဘဝကို အမြန်
အဆုံးသတ် ချင်လာတယ်။ ဒါကြောင့် သတ်သေတယ်။ အဲဒီကနေ ထွက်ပေါ်လာတဲ့ အကျိုးဆက်ကတော့
ပျော်ရွှင် ကြည်နူးစရာ မဟုတ်တာတော့ သေချာပါတယ်။


နာမည်ပျက်ဖြစ်စေတဲ့ အရာတွေက အများကြီးပါ။ အလွယ်တကူ မြင်နိုင်တဲ့ အရာကတော့
ရပ်ကွက်ထဲမှာ အတင်းပြောတာပါပဲ။ အတင်းပြောတာက အတော်လေး ပြောလို့ ကောင်းပါတယ်။
ဒါပေမယ့် အပြောခံရတဲ့ လူအတွက်တော့ မကောင်းပါဘူး။ အတင်းပြောခံရတဲ့ လူအနေနဲ့ လူ့အသိုင်းအဝိုင်းကနေ
တဖြည်းဖြည်း ဝေးကွာလာပါတယ်။ အတင်းပြောခံရမှာ ကြောက်ပြီး သူ့မှာ ရောဂါရှိနေကြောင်း
ဖွင့်ပြောရဲတဲ့ သတ္တိတွေလည်း လျှော့နည်းကုန်တယ်။ ရောဂါရှိမှန်း မသိတဲ့ အတွက်ကြောင့်
အကျိုးဆက်က ဘာလဲ။ မြင်ကြမယ် ထင်ပါတယ်။

ဒီအကြောင်းကိုရေးရင် ကျမ်းတစ်စောင် ဖွဲ့လို့ရပါတယ်။ အဲဒီတော့ အနှစ်ချုပ်
တိုက်တွန်းချင်တာက ရောဂါပိုးရှိတဲ့ သူတွေကို ခွဲခြားဆက်ဆံ နှိမ့်ချမှုတွေ
မလုပ်ပါနဲ့။ နာမည် မဖျက်ကြပါနဲ့။ နှာခေါင်း မရှုံ့ပါနဲ့။ အတင်း မတုပ်ပါနဲ့။ သူတို့ကို
ပုံမှန်အတိုင်း ဆက်ဆံပါ။ စကားပြောပါ။ ကြင်နာပါ။ ဖေးမပါ။ ကူညီပါ။ ရောဂါပိုး
ရှိတဲ့သူရဲ့ ရင်ထဲက ခံစားချက်တွေကို သေသေချာချာ နားထောင်ပေးပါ။ စိတ်ဝင်တစား
ပြန်လည်ဆွေးနွေးပါ။ ကိုယ့်ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာလည်း ခွဲခြား ဆက်ဆံ နှိမ့်ချမှုတွေ
မဖြစ်ရအောင် ဝိုင်းဝန်း ကာကွယ် တားဆီးပေးကြပါ။ ကိုယ်တိုင် ဦးဆောင်ပြီး
လှုပ်ရှားပြပါ။ မီဒီယာတွေကလည်း လွှဲမှားတဲ့ အသိတရားတွေ မဖြစ်ရလေအောင် သေချာ စိစစ် လေ့လာပြီး
ပညာပေးတွေ ပြုလုပ်ပေးစေလိုတယ်။


နေခွင့်ရတဲ့အခိုက်မှာ ကမ္ဘာလောကကြီးကို လှပစေချင်တယ်။ ဒါကြောင့် အိတ်ခ်ျအိုင်ဗွီ
ရောဂါပိုး ရှိနေတာဟာ ရှက်စရာ မဟုတ်ပါဘူး။ အပြစ်တစ်ခုလည်း မဟုတ်ပါဘူးဆိုတာ
လက်ခံလိုက်ကြပါ။ အင်း... ပြောတာတော့ လွယ်ပါတယ်။ ခေါင်းညိမ့်ဖို့လည်း လွယ်ပါတယ်။
တကယ်လုပ်ဖို့က အတော် ခက်လှပါတယ်။ ဒါပေမယ့် ကြိုးစားကြည့် ရအောင်ဗျာ။



July
Dream -
Fighting the HIV stigma

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top