ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပါလို့ နော်နော်က လှမ်းပို့ပေးတဲ့အတွက်
ဖတ်လိုက်မိပါတယ်။ စစချင်း
ခေါင်းစဉ်ကိုတွေ့တော့ တော်တော်ဒေါသ ဖြစ်မိသွားတယ်။ လိင်တူဆက်ဆံမှုဟာ
စိတ်ဓာတ်နဲ့ကျန်းမာရေးကို ထိခိုက်စေယုံသာမက အားပေးရာရောက်တယ်တဲ့ ခေါင်းစဉ်မှာထဲကိုက
မှားယွင်းတဲ့ စွပ်စွဲချက်တွေနဲ့ စာဖတ်သူတွေအနေနဲ့ လိင်တူချင်းချစ်တဲ့သူတွေအပေါ် မုန်းတီး
အထင်သေးမှုတွေ ဖြစ်ပေါ်လာအောင် ရေးထားတာတွေ့ရပါတယ်။
ဘာကြောင့်ပြောနိုင်တာလဲဆိုတာ သိဖို့အတွက် သေသေချာချာ ဖတ်ကြည့်လိုက်တဲ့အခါမှာ
“စိတ်ပညာ၊ ဥပဒေပညာနှင့် ကျန်းမာရေးဆိုင်ရာ ပညာရှင်တို့က လူငယ်များကို
သတိပေး ပြောကြားခဲ့ပြီး”လို့ ရေးသားထားပြီး အငြိမ်းစား စိတ်ပညာပါမောက္ခ ဒေါ်ခင်အေးဝင်းရယ်၊ ဆေးပညာရှင် ဒေါက်တာခင်ငြိမ်းချမ်း
(Medical
Coordinator/Team Leader - National Medical Coordination Team)AZG-ဟော်လန်ရယ် သူတို့နှစ်ယောက်ကို အမည်အတိအကျ ဖော်ပြထားပြီး ကျန်တဲ့နှစ်ယောက်ကတော့
အထူးကုဆရာဝန်တစ်ဦးရယ် မဟာသုတေသန စာတမ်းဆိုင်ရာ ဘွဲ့ရထားသူ ဥပဒေ အတိုင်ပင်ခံ တစ်ဦးရယ်ဆိုပြီး
အမည်မဖော်ပြထားတဲ့ သူနှစ်ဦးရယ်ကို ကိုးကားရေးသားထားတာကို တွေ့ရပါတယ်။
ခေါင်းစဉ်နဲ့ ပထမစာပိုဒ်ကို ကြည့်တာနဲ့ အခု သတင်းဆောင်းပါးကို
ဖတ်ရတဲ့သူတွေအနေနဲ့ လိင်တူချင်းချစ်သူတွေဟာ လူ့ဘောင်အသိုင်းအ၀ိုင်းအတွက် အန္တရာယ်ပေးမဲ့သူတွေလို့
ထင်မြင်စေမှာ မလွဲပါဘူး။ ပထမအပိုဒ်မှာ
ရေးထားပုံက “လိင်တူဆက်ဆံ မှုများက စိတ်ဓာတ်ရေးရာနှင့် ကျန်းမာရေးကို ထိခိုက် စေနိုင်ရုံမက မှုခင်း
ဖြစ်စဉ်များကိုပါ အားပေးရာရောက်”ဆိုပြီး ရေးထားတဲ့အတွက် လိင်တူချစ်သူတွေနဲ့ လိင်တူချစ်ခြင်းဟာ
စိတ်ပိုင်းဆိုင်ရာ ရှုတ်ချစရာတခု၊ ကျန်းမာရေးနဲ့ မကိုက်ညီတဲ့ ကျင့်စဉ်တခုအပြင် ရာဇ၀တ်မှုတွေဖြစ်လာအောင်
တွန်းအားပေးနေတဲ့ ပုံစံနဲ့ ကောက်ချက်ချ ရေးသားထားတာ ဖြစ်ပါတယ်။
ကဲ ဒါဆိုရင် ပထမအပိုဒ်မှာပြောထားသလို သူကိုးကားထားတဲ့ သူ (၄)ယောက်က
အဲဒီလိုမျိုးပြောထားသလား ဖတ်ကြည့်ကြည့်ရအောင်နော်။
ဒုတိယအပိုဒ်မှာ အငြိမ်းစားစိတ်ပညာပါမောက္ခ ဒေါ်ခင်အေးဝင်းက ''ပျိုဖော်ဝင်ပြီးတဲ့အချိန်မှာ လူငယ်တွေအနေနဲ့ လိင်မှုကိစ္စအတွေ့အကြုံကို
စမ်းသပ် ရယူချင်စိတ် ဖြစ်ပေါ်တတ်ပါတယ်။ အဲဒီအချိန်မှာ ပုံမှန်မဟုတ်တဲ့ အပြုအမူတွေမလုပ်ဖို့၊
မလိုလားအပ်တဲ့ ပြဿနာတွေမဖြစ်အောင် ကာကွယ်တတ်ဖို့၊ ဘေးအန္တရာယ်ဖြစ်ပေါ်မှု ကင်းဝေးအောင်ရှောင်ရှားနိုင်ဖို့
မိဘဆရာသမားတွေက နားလည်အောင် ရှင်းပြထားသင့်တယ်။ သိနားလည်တဲ့လူငယ် ဖြစ်သွားပြီဆိုရင်
တစ်ယောက်ယောက်က လာဆွယ်ရင်တောင် အသိဉာဏ်နဲ့ သင့် မသင့် ဆုံးဖြတ်သွားနိုင်မှာပါ''လို့ ကိုးကားထားပါတယ် ဆယ်ကျော်သက်ကျန်းမာရေးကို လေ့လာထားတဲ့သူဆိုရင်
သူပြောတဲ့ အချက်တွေက မှန်ပါတယ်... ဆယ်ကျော်သက်အရွယ်မှာ လိင်အကြောင်း စူးစမ်းချင်တာ
လက်တဲ့စမ်းချင်တာ သဘာဝပါ မလိုလားအပ်တဲ့ နောက်ဆက်တွဲအကျိုးတွေ မဖြစ်အောင် ဆယ်ကျော်သက်တွေကို
လိင်ပညာပေးဖို့လိုတယ် အရင်က ဒါတွေကို မလုပ်သင့်ဘူးဆိုခဲ့ပေမယ့် အခုဆိုရင် စနစ်တကျပညာပေးတာတွေ
လုပ်ဖို့လိုတယ်ဆိုတာ တဖြေးဖြေး သဘောပေါက်လာကြပါပြီ အဲဒီအကြောင်းကို တတိယအပိုဒ်မှာလဲ
ရေးထားတာတွေ့မှာပါ။
ဆယ်ကျော်သက်တွေကို လိင်အကြောင်းနဲ့ ပတ်သက်ပြီးမမှားရအောင် အသိပေးသင့်ပေမယ့်
စိတ်ပညာပါမောက္ခ ဒေါ်ခင်အေးဝင်းပြောသွားတဲ့ “ပုံမှန်မဟုတ်တဲ့ အပြုအမူ”ဆိုတာ ဘာကိုဆိုလိုတာလဲ ဆိုတာ တိတိကျကျ မဖော်ပြထားတာပါဘဲ၊ ဒေါ်ခင်အေးဝင်းပြောတဲ့
ပုံမှန်မဟုတ်တဲ့ အပြုအမူဟာ လိင်တူချင်းဆက်ဆံတာကို ပြောတာပါလား။ လိင်ကိစ္စကို အလွန်အကျူးခုံမင်တဲ့ အပြုအမူပါလား
သေသေချာချာ မပြောထားပေမဲ့ စာရေးသူကတော့ လိင်တူချင်းဆက်ဆံတာကို ဆိုလိုတဲ့သဘောမျိုးနဲ့
ဇောင်းပေးရေးထားတဲ့ပုံစံ ပေါက်နေပါတယ်။ တကယ်လို့သာ လိင်တူချင်းချစ်တာ
ဆက်ဆံတာကို ပုံမှန်မဟုတ်တဲ့ အပြုအမူလို့ ဒေါ်ခင်အေးဝင်းက ဆိုလိုရင်တော့ တုန့်ပြန်စရာရှိလာပါပြီ။ လိင်တူချင်း ချစ်ခြင်းဟာ စိတ်ရောဂါမဟုတ်ဘူးလို့ ကမ္ဘ္ဘာ့ကျန်းမာရေးအဖွဲ့က စိတ်ရောဂါမဟုတ်ဘူး
ဆိုတာကို အတိအလင်းကြေညာထားပြီးသားပါ။ အရင်တုံးက လိင်တူချင်းချစ်သူတွေကို
စိတ်ဝေဒနာရှင်အဖြစ်သတ်မှတ်ပြီး နှိပ်စက်ညှင်းပမ်းမှုတွေ လုပ်ဆောင်ပြီး ပျောက်ကင်းအောင်
ကုသခဲ့ပါတယ်။ အခုအချိန်မှာတော့ ဒီလိုနှိပ်စက်မှုတွေဟာ မလုပ်အပ်တဲ့
အပြုအမူအဖြစ်၊ လူ့အခွင့်အရေးချိုးဖောက်တဲ့ အပြုအမူတခုအဖြစ် သတ်မှတ်လာခဲ့ပါပြီ။ ခေတ်နဲ့အမှီ ပြောင်းလဲလာတဲ့ အယူအဆတွေကို ခေတ်နဲ့အမှီ လိုက်လျောညီထွေစွာ နားလည်သဘောပေါက်ဖို့
အရမ်းအရမ်း အရေးကြီးလှပါတယ်။
နောက်တပိုဒ်မှာပြောထားတဲ့ ဒေါက်တာခင်ငြိမ်းချမ်းရဲ့ ပြောကြားချက်ဟာ
တကယ်မှန်တဲ့ အချက်ဖြစ်ပါတယ်။ ကလေးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုက ကာကွယ်နိုင်ဖို့ သိသင့်သိထိုက်တဲ့
ကာကွယ်မှုတွေအကြောင်း ကလေးတွေကို သင်ကြားပေးဖို့လိုပါတယ်။ သူတို့တွေရဲ့
အသက်အရွယ်နဲ့ ရင့်ကျက်မှုအလိုက် သူတို့ကိုယ်တိုင် ကာကွယ်တတ်အောင် သင်ကြားတဲ့အချက်က
ကောင်းပါတယ်။ ဒါပေမဲ့ ပြဿနာက စာရေးတဲ့သူက ဒေါက်တာ ခင်ငြိမ်းချမ်းပြောကြားတဲ့
ဒီအချက်ကို ဘယ်လိုသဘောမျိုးနဲ့ ကိုးကားထားသလဲဆိုတာပါဘဲ။ သူ ပထမပိုဒ်ကပြောထားတဲ့
စိတ်ပိုင်းဆိုင်ရာ ထိခိုက် စေတယ်ဆိုတဲ့ အချက်ကို အခုပြောကြားချက်နဲ့ သက်သေထူချင်တာပါလား။ အခုအချက်ကိုကိုးကားပြီး လိင်တူချင်းချစ်တဲ့သူက မသိနားမလည်တဲ့ ကလေးတွေကို
စော်ကားတတ်တဲ့သူတွေလို့ ပုံစံခွက်စွပ်စွဲချက်ကို စွပ်စွဲချင်တာပါလား။ အမှန်တော့ အရွယ်မရောက်သေးတဲ့ ကလေးတွေနဲ့ လိင်ဆက် ဆံမှုနှစ်သက်တဲ့ သူတွေဟာ
အင်္ဂလိပ်အခေါ် pedophile ဖြစ်ပါတယ်။ သူတို့ကို စိတ်ပုံမှန်မဟုတ်တဲ့သူတွေအဖြစ် သတ်မှတ်ထားသလို အရွယ်မရောက် သေးတဲ့
ကလေးတွေနဲ့ လိင်ဆက်ဆံခြင်းကို (ကလေးဆန္ဒ္ဒပါသည်ဖြစ်စေ မပါသည်ဖြစ်စေ) ရာဇ၀တ်မှုအဖြစ် နိုင်ငံတကာက
သတ်မှတ်ထားပါတယ်။
လိင်တူချင်းချစ်တဲ့သူတွေထဲမှာ ကလေးတွေနဲ့ လိင်ဆက်ဆံလိုတဲ့သူတွေ
ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့်
ကလေးတွေကို လိင်စော်ကားတဲ့သူတွေ တိုင်းဟာ လိင်တူချစ်သူတွေမဟုတ်သလို လိင်တူချစ်သူတွေတိုင်းဟာလဲ
ကလေးတွေကို လိင်စော်ကားတဲ့သူတွေ မဟုတ်ပါဘူး။ ဒါပေမယ့် ဒေါက်တာခင်ငြိမ်းချမ်း
ပြောပြတဲ့အချက်ကို အလွဲအဓိပ္ပာယ်ကောက်ပြီး လိင်တူချစ်သူတွေကဘဲ ဒီလိုလိင်စော်ကားတဲ့သူတွေ
ဖြစ်သယောင်ယောင် ရေးသား ကောက်ချက်ဆွဲတာဟာ မီဒီယာကျင့်ဝတ်နဲ့ လုံးဝမကိုက်ညီတဲ့ ရေးသားချက်ဖြစ်ပါတယ်။ အထူးသဖြင့် လူထုရဲ့အမြင်၊ ခံယူချက်ကို လွှမ်းမိုးနိုင်တဲ့ သြဇာအာဏာရှိတဲ့ မီဒီယာတွေအနေနဲ့
လိုရာကို ဆွဲယူကောက်ချက်ချ ခြင်းဟာ တကယ့်ကို အန္တ္တရာယ်ရှိတဲ့ လုပ်ရပ်ပါဘဲ။
နောက်တပိုဒ်မှာ ပြောထားတဲ့အချက်ကတော့ “ဇီဝကမ္မပြောင်းလဲမှုကြောင့် လည်းကောင်း၊ ပတ်ဝန်းကျင် အနေအထား၏
ရိုက်ခတ်မှုကြောင့်လည်းကောင်း၊ တဏှာရမ္မက်စိတ် လွန်ကဲမှုများဖြစ်ခြင်းကြောင့် ကျားသဘာဝနှင့်
မသဘာဝနှစ်မျိုးလုံး ရယူလိုမှုကြောင့်လည်းကောင်း ဖြစ်ပေါ်လာနိုင်ကြောင်း”
ဆိုပြီး ဘာကြောင့် လိင်တူချစ်သူဖြစ်ရလဲ ဆိုတဲ့အချက်ပါ အခုအချိန်အထိ
ဘာကြောင့် လိင်တူချစ်သူဖြစ်ရလဲဆိုတာကို တိတိကျကျမပြောနိုင် အဖြေ မပေးနိုင်ပါဘူး ကိုယ်ကိုယ်တိုင်
လိင်တူချစ်သူတွေဖြစ်တဲ့ သူတွေကိုယ်တိုင်တောင်မှ ကိုယ်ဘယ်လို လိင်တူဖြစ်လာလဲဆိုတာ ရှင်းရှင်းလင်းလင်း
မပြောနိုင်တဲ့သူတွေ အများကြီးပါ။ ဘာကြောင့် လိင်တူကြိုက်တဲ့သူ ဖြစ်လာရသလဲဆိုတာ အငြင်းပွားစရာတွေ ရှိနေသေးပေမယ့်
သေချာတာ တခုကတော့ လိင်တူချစ်သူတွေဟာ လူ့ဘောင်အသိုင်းအ၀ိုင်းရဲ့ ယဉ်ကျေးမှုတိုင်းမှာ
ယုံကြည်ရာကိုးကွယ်မှုတိုင်းမှာ အလွှာအသီးသီးတိုင်းမှာ တည်ရှိနေတာ ငြင်းမရတဲ့ အချက်ပါဘဲ
နောက်သေချာတာတခုကတော့ လိင်တူချင်းချစ်ခြင်းကို ဖုန်းကွယ်လို့ ရနိုင်ကောင်းရနိုင်ပေမယ့်
ပြောင်းလဲအောင် လုပ်လို့မရဘူး ပျောက်ကွယ်အောင်လုပ်လို့ မရဘူးဆိုတာပါဘဲ။
လိင်တူချင်း ချစ်သူတယောက်ကို လိင်ကွဲချင်းချစ်သူဖြစ်ဖို့ ပြောင်းလဲလို့မရသလို
လိင်ကွဲချင်း ချစ်သူတယောက်ကို လိင်တူချင်းချစ်တဲ့သူဖြစ်အောင် ပြောင်းလို့မရပါဘူး။ သမီးတွေပြောပြောနေသလို ‘ကံထူးလို့ ဂန်ဒူးဖြစ်တာ’ဆိုတဲ့ အချက်ကို အရမ်းသဘောကျပါတယ် ကံထူးလို့ဘဲဖြစ်ဖြစ် ကံဆိုးလို့ဘဲ
ဖြစ်ဖြစ် ဂန်ဒူးတွေကတော့ ရှိနေမှာပါဘဲ အဲဒါကြောင့် လိင်တူချင်းချစ်သူဆိုတာ ဘာကြောင့်ဖြစ်တာလဲကို
အငြင်းပွားမယ့်အစား တည်ရှိနေမှုကို အသိအမှတ်ပြုခြင်းက ပိုကောင်းတဲ့ လုပ်ရပ်တခုဖြစ်ပါမှာ။
နောက်အပိုဒ်မှာလဲ ဒေါ်ခင်အေးဝင်းက “လူတွေရဲ့ အထင်ကြီးမှု၊ ယုံကြည်မှု၊ ချစ်ခင်မှု၊ ဂရုစိုက်မှု၊ အသိအမှတ်ပြုမှုတို့ကို
ခံရတာနည်းတဲ့ကလေးတွေမှာ စိတ်လုံခြုံမှု မရှိနိုင်ဘူး။ အဲဒီလို ကလေးတွေက ပိုပြီးလမ်းလွဲနိုင်တဲ့အတွက်”
ဆိုတဲ့စကားကို မတိမကျ သုံးထားပြန်ပါသေးတယ်။ ဒေါ်ခင်အေးဝင်းဆိုလိုတဲ့ ဆိုလိုချက်ဟာ အပေါ်က
ပြောထားတဲ့ စကားအတိုင်း သာဆိုရင် လိင်တူချင်းချစ်တဲ့သူတွေက လမ်းလွဲတဲ့သူတွေလို့ ဆိုထားသလို
ဖြစ်နေပြန်ပါတယ်။ တကယ်ကို မှားယွင်းတဲ့သတ်မှတ်ချက်ပါ။
နောက်တခုက အခုလိင်တူချင်းချစ်ပါတယ်လို့ ပွင့်ပွင့်လင်းလင်း ၀န်ခံထားတဲ့သူတွေထဲမှာ
ငယ်ငယ်လေးထဲက လူအများရဲ့အသိအမှတ်ပြုမှု၊ အောင်မြင် ကျော်ကြားမှု၊ အလေးပေး ချစ်ခင်ခံရတဲ့သူတွေ
အများကြီးပါ အထင်ကြီးမှု၊ ယုံကြည်မှု၊ ချစ်ခင်မှု၊ ဂရုစိုက်မှု၊ အသိအမှတ်ပြုမှုကိုမရလို့
လိင်တူချင်းချစ်တာ မဟုတ်ဘဲ လိင်တူချင်းချစ်မှ ခုနကရရှိထားတဲ့ အရာတွေ ထိခိုက်ကုန်တဲ့အတွက်
စိတ်လုံခြုံမှုကို ခံစားရတဲ့သူတွေသာ အများကြီးရှိနေရတာပါ။
နောက်အပိုဒ်တွေမှာ ဒေါက်တာခင်ငြိမ်းချမ်းက ရှင်းပြခဲ့တဲ့ အကြောင်းအရာတွေကတော့
ဆေးပညာအရ ကျန်းမာရေးအရ ပြောတာဖြစ်ပြီး တကယ်လဲ မှန်ကန်တဲ့အတွက် ဘာမှ ပြောစရာမရှိပါဘူး။
နောက်အပိုဒ်က ပြောတဲ့အချက်ကိုတော့ တ၀က်ထောက်ခံပြီး နောက်တ၀က်ကို
ဆင်ခြင်ပေးလိုပါတယ် ပထမပိုင်းမှာပြောထားတဲ့ မိန်းကလေးတွေကို စောင့်ရှောက်ဖို့လိုသလို
ယောက်ျားလေးတွေကိုလဲ စောင့်ရှောက်ဖို့လိုတယ်ဆိုတာ မှန်ပါတယ် လိင်စော်ကားခံရတဲ့သူတွေဟာ
အမျိုးသားလေးတွေကို စော်ကားပစ်မှတ်ထား စော်ကားတာတွေရှိလာပါတယ် ဥပဒေအရလဲ အရေးယူသင့်တယ်
ဥပဒေတွေကိုလဲ ခေတ်နဲ့အမီ ပြောင်းလဲသင့်ပါတယ် မြန်မာနိုင်ငံရဲ့ ရာဇ၀တ်မှုပုဒ်မ (၃၇၆)
မှာဆိုရင် အမျိုးသမီးကို လိင်စော်ကားတဲ့ မုဒိန်းကျင့်မှုကိုသာ ရာဇ၀တ်မှုအဖြစ် သတ်မှတ်ထားပြီး
အမျိုးသားအပေါ် လိင်စော်ကားမှုကို ရာဇ၀တ်မှုအဖြစ် မသတ်မှတ်ထားသေးပါဘူး။ အထက်မှာပြောခဲ့သလို လူတယောက်ကို အလိုမတူဘဲ လိင်စော်ကားခဲ့ရင်
စော်ကားသူက လိင်တူဖြစ်ဖြစ် လိင်ကွဲဘဲဖြစ်ဖြစ် ရာဇ၀တ်အပြစ်ဒဏ်ကို ခံရမှာအသေအချာပါဘဲ။ ဒါပေမဲ့ အားလုံးကို ၀ါးလုံးရှည်နဲ့ရမ်း သတ်မှတ်စွပ်စွဲ လို့တော့ မရနိုင်ပါဘူး။ အခုဖြစ်နေတဲ့ လိင်စော်ကားမှုတွေကို လေ့လာကြည့်ရင် အမျိုးသားတွေက အမျိုးသမီးတွေအပေါ်
ကျူးလွန်တဲ့အမှုတွေ များနေပါတယ် ဒါကြောင့်မို့လို့ ယောင်္ကျားဖြစ်ခြင်းဟာ ရာဇ၀တ်မှုတွေကိုတိုးပွားအောင်
တွန်းပို့နေပါတယ်လို့ ကောက်ချက်ချရင်ရော လက်ခံနိုင် ပါ့မလား။
အဲဒီအပိုဒ်မှာ လုံးလုံးကြီးကို လွဲနေတဲ့အချက်ကတော့ လိင်အသုံးချခံရတဲ့ကလေးဟာ
သာယာပြီး လိင်တူချစ်သူ ဖြစ်သွားမယ်ဆိုတဲ့ အရေးအသားပါဘဲ၊ လိင်စော်ကားခံရတဲ့ ကလေးတွေမှာ
စိတ်ပိုင်းဆိုင်ရာ နာကျင်ခံစားမှုတွေဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ကူညီစောင့်ရှောက်
ပေးတာတွေ၊ စိတ်ပိုင်းဆိုင်ရာ ကုသပေးတာတွေ လိုတာမှန်ပေမယ့် လိင်စော်ကားခံရလို့ လိင်တူချစ်သွားတာကို
လုံးဝမကြားမိပါဘူး။
နောက်အပိုဒ်မှာ ရေးထားတဲ့အချက်က ပထမဦးဆုံးအပိုဒ်မှာ ကောက်ချက်ချထားတဲ့
“မှုခင်း ဖြစ်စဉ်များကိုပါ အားပေးရာရောက်”
ဆိုတဲ့ကောက်ချက်ကို ချချင်လို့ ဖော်ပြထားတဲ့ပုံစံပါ။ ဒါပေမဲ့ ရေးထားတာ အဖြစ်အပျက်တွေကိုကြည့်ရင်
မှုခင်းပြစ်မှုကျူးလွန်သူတွေဟာ လိင်တူချင်း ချစ်သူတွေမဟုတ်ဘဲ လိင်တူချင်းချစ်သူတွေအပေါ်
အခြားလူတွေက ကျူးလွန်တဲ့အမှုတွေ၊ သူတို့အပေါ် အနိုင်ကျင့်အကြမ်းဖက်တဲ့ အဖြစ်အပျက်တွေ
ဖြစ်နေတာပါ။ ရာဇ၀တ်မှု ကျူးလွန်တဲ့သူအပေါ် အပြစ်မတင်ဘဲ ကျူးလွန်ခံရတဲ့သူတွေအပေါ်
အပြစ်ပုံချထားတာ မှန်ကန်တဲ့ကောက်ချက် မဟုတ်ပါဘူး။ အမျိုးသမီးအပေါ်
အကြမ်းဖက်မှုတွေ ဖြစ်လာရင် စော်ကားသူအပြစ်လို့မပြောဘဲ မိန်းကလေးကိုယ်တိုင်က မှားတာဖြစ်မှာပေါ့ဆိုတဲ့
ဂျန်ဒါ(Gender) အစွဲအမြင်ကို
အခုတခါတွေ့လိုက်ရတာ သိပ်တော့အံ့သြစရာမရှိပါဘူး။ အမျိုးသားတွေ ဘာလုပ်လုပ် သင့်တော်တယ် မှန်တယ်ဆိုတဲ့ ပတ်ဝန်းကျင်မှာဆိုတော့
ရာဇ၀တ်မှု ကျူးလွန်တဲ့သူကတောင် မှန်သလိုလို ဖြစ်နေတာပေါ့လေ။ အမှန်တော့
လိင်တူချစ်ခြင်းဆိုတာ ရောဂါမဟုတ်ပါဘူး လိင်တူချင်းချစ်သူတွေကို မုန်းတီးပြီး အကြမ်းဖက်နေတဲ့
သူတွေရဲ့ စိတ်ကသာ စိတ်ရောဂါတမျိုး ဖြစ်တဲ့အတွက် အဲဒီလိုလူတွေကိုသာ ကုသပြုပြင် ပေးရမှာပါ။
နောက်ဆုံးအပိုဒ်ကတော့ ကိုလိုနီခေတ်တုံးက ကျန်ခဲ့တဲ့ အမွေဆိုး
ဥပဒေအဟောင်းအနွမ်းကို ပြန်ဖော်ပြထားပါတယ်။ အမှန်တော့ ဒီဥပဒေဟောင်းကို ဆက်လက်ကျင့်သုံးနေတဲ့ ကိုလိုနီဖြစ်ခဲ့တဲ့ နိုင်ငံတွေ
သိပ်မကျန်တော့ပါဘူး။ မကြာခင်ကဘဲ အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာတောင်
ဒီဥပဒေကို ခေတ်မမီတော့ဘူး လူ့အခွင့်အရေးနဲ့ မကိုက်ညီတော့ဘူးဆိုပြီး ပြောင်းလဲပစ်လိုက်ခဲ့ပါတယ်။ ဒီဥပဒေကိုချမှတ်ခဲ့တဲ့ အမွေပေးခဲ့တဲ့ ဗြိတိသျှနိုင်ငံမှာတောင် ဒီဥပဒေကို မကျင့်သုံးတော့ဘဲ
ကိုလိုနီဖြစ်ခဲ့တဲ့နိုင်ငံမှာ ဆက်လက်ထားရှိနေတာ တကယ့်ကို အံ့အားသင့်စရာကောင်းပါတယ်။ ဖမ်းဝါးရမ်းမပါဘဲ ဖမ်းနိုင်ခွင့်က လိင်တူချစ်သူတွေအပေါ် ငွေညှစ်စရာ အနိုင်ကျင့်စရာတခုလို
အသုံးချနိုင်ဖို့ အားပေးနိုင်တယ်ဆိုတာလဲ သတိပြုစရာပါ။
အားလုံးကို ခြုံပြီးပြောရရင်တော့ ပညာရှင်တွေတချို့ရဲ့ ပြောကြားချက်တွေဟာ
ခိုင်လုံမှုမရှိတဲ့ အချက်တွေဖြစ်နေတယ်။ (ဥပမာ- လိင်တူချစ်ခြင်းဟာ လမ်းလွဲနေတယ်ဆိုတဲ့အပြော၊
လိင်တူစော်ကားတာခံရရင် လိင်တူဖြစ်နိုင်တယ်)ဆိုတဲ့ ပြောကြားချက်တွေပါဝင်သလို တကယ်တမ်း
မှန်ကန်တဲ့အချက်တွေပါဝင်တဲ့ ဆောင်းပါးတပုဒ်ဖြစ်တယ်။ ဒါပေမဲ့ စာရေးသူအနေနဲ့
မီဒီယာကျင့်ဝတ်အတိုင်း မဟုတ်ဘဲ လိုချင်တဲ့ကောက်ချက်ကို လိုသလိုဆွဲယူပြီး လိင်တူချင်းချစ်သူအားလုံးကို
မှားယွင်းနေတဲ့သူ၊ ကြောက်စရာအန္တ္တရာယ်လိုသူ၊ ရာဇ၀တ်မှု ကျူးလွန်နေတဲ့ သူတွေလို ပုံစံခွက်
သိမ်းကြုံးသတ်မှတ်ထားတဲ့ ဆောင်းပါးတပုဒ်သာ ဖြစ်ပါတယ်လို့ ဆိုချင်ပါတယ်။
First 11 ဂျာနယ်ပါဆောင်းပါး
လိင်တူဆက်ဆံမှုများက
စိတ်ဓာတ်ရေးရာနှင့် ကျန်းမာရေးကို ထိခိုက်စေနိုင်ရုံမက မှုခင်းဖြစ်စဉ်များကိုပါ အားပေးရာရောက်လာ၍
လူငယ်များ လိင်အလွဲအသုံးချ ဆွဲဆောင်မှု မခံရစေရန် ပညာရှင်များသတိပေး
ပြန်လည် ချေပထားသည့်ဆောင်းပါး (Coloursrainbow)




