မြန်မာနိုင်ငံအား ၁၁ ကြိမ်မြောက် ပေးမည့် Global Fund ရန်ပုံငွေကို မပေးတော့ဘဲ ရပ်ဆိုင်း လိုက်သည့် အတွက် HIV/AIDS နှင့် တီဘီ ရောဂါသည်များ ဆေးဝါး ရရှိရန် ခက်ခဲနေကြောင်း ပြည်တွင်း လူမှုအဖွဲ့ အစည်းများ ကွန်ရက်မှ သိရသည်။
အမေရိကန် အခြေစိုက် Global Fund အဖွဲ့ကြီးမှ မြန်မာနိုင်ငံတွင် ခုခံအား ကျဆင်းမှုရောဂါ၊ တီဘီအဆုတ်နာ ရောဂါနှင့် ငှက်ဖျားရောဂါများ တိုက်ဖျက်ရေးအတွက် ထောက်ပံ့မှုကို ရပ်ဆိုင်းလိုက်သည့် အကျိုးဆက် အဖြစ် ဆေးဝါးပြတ်လပ်မှု အခက်အခဲများ ရင်ဆိုင်နေရပြီး ၂၀၁၅ မတိုင်မီအထိ အကူအညီများရရန် မျှော်လင့်ချက် မရှိသေးကြောင်း အေ့ဒ်စ်လူမှုအဖွဲ့များ၏ ပြောကြားချက်အရ သိရသည်။
မြန်မာနိုင်ငံတွင် ART ဆေးမတိုက် ကျွေးနိုင်သောကြောင့် နှစ်စဉ်လူနာပေါင်း တစ်သောင်းခွဲမှ နှစ်သောင်းအထိ သေဆုံးနေကြကြောင်း၊ ဆေးမတိုးတော့သည့် တီဘီရောဂါ ကူးစက် ပြန့်ပွားမှုမှာလည်း သုံးဆ ခန့် မြင့်တက်လာကြောင်း ၎င်းတို့ထံမှ သိရသည်။
“အခုလို HIV/AIDS၊ တီဘီရောဂါ ကူးစက်ခံရတဲ့ လူနာတွေအတွက် ဆေးဝါးကုသဖို့ အလှူရှင်တွေက ပြန်ရုပ်သိမ်းတဲ့ ဆုံးဖြတ်ချက်ကြောင့် မလိုအပ်ဘဲ သေဆုံးတာတွေ၊ ဖျားနာ နေသူတွေနဲ့ နောက်ပိုင်းမှာ ကြေကွဲစရာ အကျိုးဆက်တွေ ရင်ဆိုင် လာရဖွယ် ရှိတယ်” ဟု မေတ္တာရင်ခွင် အဖွဲ့မှ မသိမ့်သိမ့်က ဆိုသည်။
လာမည့်တစ်နှစ်၊ နှစ်နှစ် အချိန်အတွင်းတွင် အေ့ဒ်စ် ဝေဒနာရှင်များအား ကုသမှုပေးနိုင်သည့် အခြေအနေမှာ လျော့နည်းသွားမည်ဟုလည်း ၎င်းတို့မှ ခန့်မှန်းကြသည်။ “အရင် တစ်ခေါက်တုန်းကလည်း မြန်မာနိုင်ငံ တွင်းမှာ ခရီးသွားလာခွင့် ကန့်သတ်ခံရတဲ့အတွက် လုပ်ငန်းတွေကို လွတ်လွတ်လပ်လပ် မလုပ်နိုင်လို့ဆိုပြီး ရန်ပုံငွေ ဆက်မပေးဘဲ ရုပ်သိမ်းခဲ့ဖူးတယ်။
ခုကတော့ မြန်မာနိုင်ငံ တစ်ခုတည်း အတွက် မဟုတ်ဘဲ Global Fund က ၁၁ ကြိမ်မြောက်ရန်ပုံငွေ ပေးအပ်ရေးမှာ အနောက်တိုင်း နိုင်ငံတွေက ပေးထားတဲ့ ကတိအတိုင်း ဆက်ပြီး ငွေမပေး နိုင်ကြတော့လို့ ရန်ပုံငွေ မရှိတော့တာ ဖြစ်တယ်” ဟု လူမှုအဖွဲ့အစည်းများ ကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခင်က HIV/AIDS လူနာများကို အကူအညီ ပေးနေသော မဖြူဖြူသင်း ခေါင်းဆောင်သည့် အဖွဲ့သည် တစ်ဦးချင်း အလှူရှင်များနှင့် နယ်စည်းမခြား ဆရာဝန်များ အဖွဲ့တို့မှ ဆေးဝါးနှင့် အထောက်အပံ့များကို ရယူခဲ့ကြောင်း၊ ယခုကဲ့သို့ ဆေးဝါး အခက်အခဲ လိုအပ်မှုများကြောင့် အားလုံးက နည်းလမ်းရှာသွားကြရန် လိုနေကြောင်း အထက်ပါ ပုဂ္ဂိုလ်ကပြောသည်။
ရိုးရာလေး - Global Fund ရန်ပုံငွေ ရပ်ဆိုင်းလိုက်ခြင်းကြောင့် ရောဂါသုံးမျိုး ဆေးရရန် ခက်နေ




