အိတ်အိုင်ဗီ ဗိုင်းရပ်ပိုးများ
လူ့ခန္ဓာကိုယ်တွင်း မျိုးပွားပြန်နှံရာမှာ အရေးပါတဲ့ ပရိုတင်း ၂၇၃ခုကို အမေရိကန်
ဆေးသိပ္ပံပညာရှင်တွေက ရှာဖွေ သိရှိခဲ့ကြပါတယ်။ ဒီအတွက် အိတ်အိုင်ဗီ ဗိုင်းရပ်ပိုး
ကူးစက်မှု တိုက်ဖျက်ရေးလုပ်ငန်းတွေနဲ့ ဆေးဝါးဖော်စပ်မှုတွေမှာ
အသုံးတည့်လာကြလိ့်မ်မယ်လို့ ပညာရှင်တွေက မျှော်လင့်နေကြပါတယ်။
အိတ်အိုင်ဗီ ဗိုင်းရပ်ဟာ
သူကိုယ်၌က မျိုးရိုးဗီဇဆိုင်ရာ ရုပ်သဘောအနည်းငယ်ပါနေပါတယ်။ ဒါကြောင့် လူ့ခန္ဓာကိုယ်တွင်း
ဆဲလ်တခုကို အိတ်အိုင်ဗီ ဗိုင်းရပ် ကူးစက်လိုက်ပြီဆိုတာနဲ့ ဗိုင်းရပ်ဟာ အဲဒီဆဲလ်ရဲ့
မျိုးရိုးဗီဇ မျိုးပွားမှုသဘာဝကို မောင်းပိုင်စီးလိုက်ပါတယ်။ အခုလို
မျိုးပွားပြန်နှံဖို့ ဗိုင်းရပ်က အသုံးပြုယူတဲ့ ဆဲလ်ပရိုတင်းတွေကို သုတေသီတွေက
ရှာဖွေ သိရှိခဲ့ကြတာပါ။
၂၀၀၇ ခုနှစ် စောစောပိုင်း ကျန်းမာရေး သိပ္ပံ သတင်းတစ်ပုဒ်မှာ
အိတ်ခ်ျအိုင်ဗွီ တိုက်ဖျက်ရေး ကျိုးပမ်းမှုမှာ အရေးပါတဲ့ အဆင့်တစ်ဆင့်ကို လှမ်းတက်နိုင်ခဲ့ပြီလို့
ဆိုရမှာပါ။ အမေရိကန် ဆေးသိပ္ပံ သုတေသီတွေဟာ အိတ်ခ်ျအိုင်ဗွီ ဗိုင်းရပ်ပိုးတွေ မျိုးပွား
ပျံ့နှံ့စေရာမှာ အရေးပါတဲ့ လူ့ခန္ဓာကိုယ်ထဲက ပရိုတင်း ၂၇၃ခုကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။
အိတ်ခ်ျအိုင်ဗွီ ဗိုင်းရပ်ရဲ့ ဆန်းဆန်းပြားပြား ဇီဝဖြစ်စဉ်ကို ဟန့်တား ပိတ်ဆို့နိုင်ဖို့
ဆေးဝါးဖေါ်စပ်တဲ့နေရာမှာ ဆေးသိပ္ပံ ပညာရှင်တွေ အဖို့တော့ ဒီပရိုတင်းတွေဟာ အဓိကပစ်မှတ်ထား
ကိုင်တွယ်ဖြေရှင်းဖို့ ရှိလာနိုင်တယ်လို့ ဗွီအိုအေ သိပ္ပံ သတင်းထောက် “အာ့ချင်း(မ)”
ရေးသားပေးပို့ထားတာကို တင်ပြပေးလိုက်ပါတယ်။
အိတ်ခ်ျ ရောဂါ ကူးစက်ပျံ့နှံ့မှု တိုက်ဖျက်ရေးအတွက် အကောင်းဆုံး
နည်းလမ်းကို ရှာဖွေဖို့အတွက် ခုတွေ့ရှိချက် အပေါ်မှာ တည်ပြီးတော့ သုတေသီတွေ အနေနဲ့ နောက်ဆက်တွဲ
ဆောင်ရွက်လာနိုင်စရာတွေ ရှိလာနိုင်ပါတယ်။
“ခုလို အိတ်ခ်ျအိုင်ဗွီ ဗိုင်းရပ်ကို ဖြစ်စေတဲ့ ပရိုတင်းတွေကို
ရှာဖွေတွေ့ရှိလိုက်တာဟာ ဒီဗိုင်းရပ်ကို ဘယ်လို ပျံ့နှံ့တယ်ဆိုတာ အတော်လေးကို သိရှိသဘောပေါက်ဖို့
အကြောင်းဖန်လာပါလိမ့်မယ်။ လူတွေအနေနဲ့လည်း ဒီဗိုင်းရပ်ပိုးကို ဘယ်လိုနည်းနဲ့ ရှောင်ရှားနိုင်မလဲ
ဆိုတဲ့ ကိစ္စမှာ အခုပရိုတင်းတွေ ရှာဖွေ တွေ့ရှိမှု အပေါ်မှာ အသုံးချလာနိုင်ချေ ရှိပါတယ်။
တခြားတစ်နည်းနဲ့ ကြည့်ရင်တော့ ခုဆိုရင် အိတ်ခ်ျအိုင်ဗွီ ဗိုင်းရပ်ပိုးကို တားမြစ်ဖို့
ပစ်မှတ်ထားရမယ် အရာတွေ ပိုတွေ့လာရတဲ့ သဘောပါ။ ဒါတွေဟာ ပစ်မှတ်ထားရမယ့် အရာတွေ ဖြစ်လာနိုင်ချေ
ရှိပါတယ်။” ဒါကတော့ “ဟားဘတ်” ဆေးတက္ကသိုလ်က ဒေါက်တာ “စတီဘင်အဲလစ်” ပြောသွားတာ ဖြစ်ပါတယ်။
ဒေါက်တာ “စတီဘင်အဲလစ်” ဟာ Science AIDS Press အွန်လိုင်း ဆေးပညာ
ဂျာနယ်မှာတင်ထားတဲ့ ခုတွေ့ရှိချက်ကို ဦးဆောင် ရေးသားခဲ့သူ ဖြစ်ပါတယ်။ အိတ်ခ်ျအိုင်ဗွီ
ဗိုင်းရပ်ဆိုတာ သူကိုယ်တိုင်က မျိုးရိုးဗီဇဆိုင်ရာ ရုပ်သဘော အနည်းငယ်ပါနေပါတယ်။ ဒါကြောင့်မိုလို့
ဒီဆဲလ် တစ်ခုကို အိတ်ခ်ျအိုင်ဗွီ ဗိုင်းရပ်ပိုး ကူးစက်လိုက်ပြီ ဆိုတာနဲ့ အဲဒီဆဲလ်ရဲ့ မျိုးရိုးဗီဇ မျိုးပွားမှုသဘာဝကို
မောင်းပိုင်စီးလိုက်ပါတယ်။ အခုလို မျိုးပွားပြန်နှံဖို့ ဗိုင်းရပ်က အသုံးပြုယူတဲ့ ဆဲလ်ပရိုတင်းတွေကို
သုတေသီတွေက ရှာဖွေ သိရှိခဲ့ကြတာပါ။ ခုလက်ရှိ အိတ်ခ်ျအိုင်ဗွီ ကုဆေးဝါးတွေ ဟာ ဒီဗိုင်းရပ်တွေကို
အဓိက အလေးပေး ပစ်မှတ်ထားတာလို့ ဒေါက်တာ “စတီဘင်အဲလစ်” ကပြောပါတယ်။
“ဒါပေမဲ့ ပြဿနာရှိတာက အိတ်ခ်ျအိုင်ဗွီ
ဗိုင်းရပ်ဆိုတာ အင်မတန်ကို အသွင်ပြောင်းနိုင်တဲ့ အသွင်ပြောင်းနိုင်တဲ့ ဗိုင်းရပ် တစ်မျိုးပါ။
ဒါကြောင် အိတ်ခ်ျအိုင်ဗွီ ဆေးတွေအတွက် ပစ်မှတ် ပြောင်းလာရနိုင်ပါတယ်။”
အဲဒီအတွက် ဒေါက်တာ
“စတီဘင်အဲလစ်” ဟာ အိတ်ခ်ျအိုင်ဗွီ ဗိုင်းရပ် ပျံ့နှံ့မှုအတွက် အဓိကဖြစ်တဲ့ လူ့ပရိုတင်းတွေကို
ပစ်မှတ်ထား အလေးပေး လာခဲ့ပါတယ်။ ခုဆိုရင်တော့ အိတ်ခ်ျအိုင်ဗွီဗိုင်းရပ်
မျိုးပွား ပျံ့နှံ့တဲ့နေရာမှာ မရှိမဖြစ် အရေးကြီးတဲ့ ပရိုတင်း ၂၇၃မျိုးကို သိရှိလာပါပြီ။
အရင်ကတော့ ၃၆ခုပဲ သိခဲ့တာပါ။ အိတ်ခ်ျရောဂါ သုတေသနလုပ်နေတဲ့ ဆေးသိပ္ပံ ထိပ်တန်း သုတေသီတွေကတော့
ဒေါက်တာ “စတီဘင်အဲလစ်” ရဲ့ ခုတွေ့ရှိချက်ကို
ချီမွမ်းခဲ့ကြပါတယ်။ အိတ်ခ်ျအိုင်ဗွီ ဗိုင်းရပ်ကို ပူးတွဲ ရှာဖွေတွေ့ရှိခဲ့သူ ဒေါက်တာ
“ကားလို့စ်”ကတော့ ခုတွေ့ရှိချက်ဟာ လက်ဖျားခါလောက်အောင် အံ့ဩချီးမွမ်းရတယ်လို့ ပြောပါတယ်။
အလက်ဂျီနဲ့ ကူးစက်ရောဂါဆိုင်ရာ အမေရိကန်အမျိုးသား
သိပ္ပံရဲ့ အကြီးအကဲ ဒေါက်တာ “အန်တိုနီဖိုစီ” ကတော့ ဒါဟာ သပ်ရပ် ချီးမွမ်းဖွယ် သိပ္ပံပညာရပ်ပါပဲလို့
ပြောပါတယ်။ ဒါပေမဲလို့ ခုစမ်းသပ်တွေ့ရှိချက်နဲ့တင်တော့ လူနာတွေကို ဆေးကုသဖို့ရာ အသုံးဝင်လိမ့်မယ်
ဆိုတာကိုတော့ ပြောရစောလွန်းသေးတယ်လို့ “နယူးယောက်တိုင်းမ်” သတင်းစာကို ပြောပါတယ်။ ဒေါက်တာ
“စတီဘင်အဲလစ်” ကိုယ်တိုင်ကလည်း ခုတွေ့ရှိချက်ကို အသုံးပြုပြီးတော့ ဖန်တီးတီထွင်တဲ့
ကုထုံးဟာ အခြား ဘေးအန္တရာယ်တွေလည်း ရှိလာနိုင်တယ်လို့ ပြောပါတယ်။
“အဆိုးဘက်လည်း ရှိလာနိုင်ပါတယ်၊ ကျတော်တို့ ခန္ဓာကိုယ်မှာက
ပရိုတင်းဆိုတာ တစ်မျိုးမျိုး လိုအပ်နေတာပဲလေ၊ ဒါကို ကျတော်တို့က ရှောင်ရှားမယ် ထိန်းချုပ်မယ်ဆိုရင်
ဖျားတာ နာတာတွေ ဖြစ်လာနိုင်ပါတယ်။ ဘယ်ဆေးမှာမဆို ဒီလို ဘေးဥပါဒ်တွေ ရှိပါတယ်။ ဒါပေမဲလည်း
ဘယ်သူမဆို ရောဂါအတွက် ပစ်မှတ်ထားရမယ့် အရာတွေ တွေ့ရှိမယ်ဆိုရင် ဒါကို ထိန်းချုပ်ဖို့
ဖယ်ရှားဖို့ ဆေးဖေါ်စပ်မိမှာပါပဲ။ ဒီနည်းနဲ့ လူတွေကို ဘယ်လောက်ထိရောက်တယ် ကုသနိုင်တယ်
ဆိုတာကိုလည်း စမ်းသပ်ရမှာပဲလေ။”
ခုလိုမျိုး အိတ်ခ်ျအိုင်ဗွီဗိုင်းရပ် ဇီဝ ဆက်ဖြစ်စေဖို့ ခုဒီပရိုတင်း
၂၇၃ခုဟာ အရေးပါတဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်တယ်ဆိုတာကို ဒေါက်တာ “စတီဘင်အဲလစ်” နဲ့အဖွဲ့ဟာ
လွန်ခဲ့တဲ့ ၂၀၀၆ခုနှစ်က နိုဗယ် ဆုချီးမြှင့်ခံခဲ့ရတဲ့ RMA နည်းကို အသုံးပြုပြီး ထောင်နဲ့
ချီတဲ့ ဖြစ်နိုင်ချေရှိတဲ့ နည်းတွေ အားလုံးကို စမ်းသပ် စစ်ဆေးခဲ့ရတာပါ။ ဒီနောက်မှာတော့
သုတေသီတွေဟာ ဆဲလ်တစ်ခုကို အိတ်ခ်ျအိုင်ဗွီ ကူးစက်စေပြီးတော့ ဒီ အိတ်ခ်ျအိုင်ဗွီ ဗိုင်းရပ်က
ဘယ်လို မျိုးပွား ပျံ့နှံ့သလဲဆိုတာ စမ်းသပ်ခဲ့ကြပါတယ်။
“ဘယ်ဟာက အရေးကြီးသလဲဆိုတာ သိရှိနိုင်ဖို့ ကျတော်တို့ဟာ လက်ရှိသိရှိထားသမျှ
လူပရိုတင်း နှစ်သောင်းကျော်ကို စမ်းသပ် စစ်ဆေးခဲ့ကြ ပါတယ်။ ခုဆိုရင်တော့ အခြားဗိုင်းရပ်ပိုး
ပျံ့နှံ့မှုကို တိုက်ဖျက်ရေး ဆောင်ရွက်ရာမှာလည်း အဓိက ပစ်မှတ်တွေကို
ရှာဖွေတဲ့နေရာမှာ ခုသူတို့ သုံးနေတဲ့နည်းကို သုံးဖို့ ချည်းကပ်လာနိုင်ကြပါတယ်လို့ ဟားဗတ်တက္ကသိုလ်က
ဒေါက်တာ “စတီဘင်အဲလစ်” ပြောဆိုခဲ့ပါတယ်။




