25
Jun

HIVရောင်းဝယ်ဖောက်ကားမှုလုပ်ငန်း



HIV/AIDS
ရောဂါနှင့် လူကုန်ကူးမှုသည် လူသားလုံခြုံရေးနှင့် လူသား ဖွံ့ဖြိုးမှုတို့အတွက်
ခြိမ်းခြောက်လျက်ရှိနေသည်။ သန်းပေါင်းများစွာသော အမျိုးသမီးများနှင့်
မိန်းကလေးငယ်များသည် ပြီးခဲ့သော နှစ်များအတွင်းက ၄င်းတို့၏ နိုင်ငံအတွင်းမှ
နယ်စပ်ဖြတ်ကျော်ပြီး လူကုန်ကူးခြင်း ခံနေကြ ရသည်။ ကမ္ဘာနှင့်အဝန်း
လူကုန်ကူးမှုလုပ်ငန်းကြီးသည် နှစ်စဉ်အမေရိကန်ဒေါ်လာ (၅)ဘီလီ ယမ်မှ (၇)ဘီလီယမ်အထိ
လည်ပတ်လျက်ရှိသည်ဟု ခန့်မှန်းကြသည်။

 

နှစ်စဉ် အာရှတိုက်အတွင်းတွင်
လူကုန်ကူးခြင်းခံရ သူ(၃)သိန်းမှ (၄)သိန်း(၅)သောင်းအထိ ရှိသည်ဟု ဆိုကြသည်။
ထိုအရေအတွက် ထဲမှ ထက်ဝက်ကျော်ခန့်သည် တောင်အာရှဒေသမှဖြစ်ကြသည်။ သို့ကြောင့်လည်း
လွန်ခဲ့သည် ဆယ်စုနှစ်ကတည်းက တောင်အာရှဒေသတွင် လူကုန်ကူးမှုကြီးထွားလာသည့်
ပြဿနာတစ်ရပ်သည် အလွန်အမင်း စိုးရိမ်ဖွယ်ရာ ဖြစ်လာသည်။

 

သို့သော် ထိုတောင်အာရှဒေသတွင်
လူကုန်ကူးမှုနှင့်
HIV/AIDS ရောဂါတို့
ဆက်စပ်မှုကိုများ မကြာမီကမှ ခွဲခြားစိစစ်နိုင်ခဲ့သည်။ အာဖဂန်နစ္စတန် နိုင်ငံသည်
အမျိုးသမီးများနှင့် ကလေးငယ်များကို လိင်မှုဆိုင်ရာနှင့် လုပ်အားခေါင်းပုံဖြတ်ရန်
ရည်ရွယ်ချက်ဖြင့် လူကုန်ကူးမှုခံနေရသော မူလနိုင်ငံ ဖြစ်သည်။ ပြန်ပေးဆွဲခြင်း၊
သွေးဆောင်ဖြား ယောင်းကာ လက်ထပ်ယူခြင်း၊ အဓမ္မလက်ထပ်ရန် အတွက် ရောင်းစားခံရခြင်း၊
စီးပွားဖြစ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရခြင်း စသည့်အဖြစ်ဆိုးတို့ကို
အိမ်နီးချင်း ပါကစ္စတန်နိုင်ငံတွင် ခံစားနေကြရသည်။ လူကုန်ကူးမှုနှင့် ပတ်သက်သည့်
သတင်း အနည်း ငယ်သာ ရရှိကြသော်လည်း အဓမ္မလိင်လုပ်ငန်း ဆောင်ရွက်ခိုင်းစေမှု၊
လိမ်လည်လက်ထပ်မှု သတင်း များမှာမူ ထွက်ပေါ်လျက်ရှိသည်။

 

အီရန်အမျိုးသမီးများကို
ပါကစ္စတန်နိုင်ငံအတွင်းသို့ တရားမဝင် လမ်းကြောင်းမှ လူကုန်ကူးသည့်
လမ်းကြောင်းနှစ်ခုအနက် ယင်းနိုင်ငံကို လမ်းကြောင်းတစ်ခုအဖြစ် အသုံးပြုလေ့ ရှိကြသည်။
ထိုနိုင်ငံတွင်
HIV ပျံ့နှံ့မှု
ခိုင်လုံသည့်အချက်အလက်များမရှိသလို
HIV/AIDS ပျံ့နှံ့လွှမ်းမိုးလာသည့် အခြေခံအချက်အလက် များကိုလည်း
ကောင်းစွာ သိရှိနားလည်မှု နည်းပါး သည်။ ၄င်းနိုင်ငံအစိုးရ၏
HIV ကူးစက်မှုနှုန်း အစီရင်ခံစာနှင့်ကုလသမဂ္ဂဆိုင်ရာ HIV/AIDS
အစီအစဉ် United
Nations Programe on HIV/ AIDS (UNAIDS)
၏ခန့်မှန်းချက်တို့မှာ
များစွာကွာခြားနေသည် ကိုသိရသည်။ သွေးလှူဘဏ်များ၏ အစီရင်ခံစာများအရ
HIV တွေ့ရှိမှု (၆၁)မှုတွင် အမျိုးသမီး(၁၈)ဦးနှင့် အမျိုးသား
(၄၃)ဦးတို့ ဖြစ်ကြသည်ဟု ပြောသော်လည်း၊ ကုလသမဂ္ဂဆိုင်ရာ
HIV/AIDS
အစီ အစဉ် United
Nations Programe on HIV/ AIDS (UNAIDS)
နှင့်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့
World Health Organization (WHO) တို့မှ HIV ရောဂါပိုးရှိသူ (1,000) နှင့် (2,000) ကြားရှိလိမ့်မည်ဟု ခန့်မှန်းကြသည်။

 

ကဘူး (Kabul)
မြို့မှ မူးယစ်ဆေးဝါး
ထိုးသွင်းသုံးစွဲသူ (၄) ရာခိုင်နှုန်းသည်
HIV ပိုး ရှိသူများ ဖြစ်ကြသည်။ အများစုမှာ မသန့်ရှင်းသော
ဆေးထိုးသွင်းမှု များကြောင့်ဖြစ်ရသည်။ ထို့အပြင် မူးယစ် ဆေးဝါသုံးစွဲသူ
အမျိုးသားအများစုမှာ အခြားအန္တရာယ်များသည့် အပြုအမူများကြောင့်လည်း ထိုရောဂါ
ရကြခြင်းဖြစ်သည်။ ဥပမာ-လိင်ပျော်ပါးမှု (၆၉)ရာခိုင်နှုန်းသည် ကြေးစားများနှင့်
ဆက်ဆံကြပြီး (၃၂)ရာခိုင်နှုန်းသည် ယောက်ျားချင်း (သို့မဟုတ်)
ယောက်ျားငယ်လေးများနှင့် လိင်ဆက်ဆံကြကြောင်း သိရှိရပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်
အန္တရာယ်အလွယ်တကူ ကျရောက်နိုင်သည့် အုပ်စု အသိုင်း အဝိုင်းများအတွင်း
HIV ပိုးပျံ့နှံ့မှုကို ပြတ်ပြတ်သားသား ကာကွယ်ရန် အခွင့်အလမ်း
အလွန်နည်းလျက် ရှိသည်။ ထိုအုပ်စုအသိုင်းအဝိုင်းတွင် အတန်းအစား(၅)မျိုးတွေ့ရသည်။
၎င်းတို့မှာ အမျိုးသမီး လိင် လုပ်ငန်း လုပ်ကိုင်သူများ၊ အမျိုးသားအချင်းချင်း
လိင်ပျော်ပါးသူများ၊ အမျိုးသားလိင်လုပ်ငန်း လုပ် သူများနှင့်
ရောဂါပိုးများကူးစက်မှုကို တံတားသဖွယ် ပေါင်းကူးပေးလေ့ရှိသည့် ကုန်တင်ကားမောင်း
သူများ၊ ဆိပ်ကမ်းကုန်တင် ကုန်ချအလုပ်သမားများနှင့် လန်ချားဆွဲသူများ အပါအဝင်
ခရီးသွားလာ လုပ်ကိုင်သူများဖြစ်ကြသည်။

 

အလွန်အမင်းဆင်းရဲမွဲတေမှု၊
နိမ့်ကျသည့်လူမှု စီးပွားရေးနှင့် လူသား ဖွံ့ဖြိုးမှု နည်းပါးခြင်းတို့ကြောင့်
HIV/AIDS ရောဂါပျံ့နှံ့မှုကို စတင်မြင်တွေ့နေရပြီ ဖြစ်ပါသည်။ လူကုန်
ကူးခံရမှုများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အမျိုးသမီးအများအပြားသည် အိန္ဒိယနိုင်ငံ
Mumbai နှင့် Kolkata
မြို့များရှိ လိင်လုပ်ငန်းတွင်
အဓမ္မခိုင်းစေခြင်း ခံနေကြရသည်။ ထိုအမျိုးသမီးများသည်
HIV ကူးစက်ရန် အလွယ်တကူ အခွင့်လမ်းရှိနေ သူများဖြစ်ကြသည်။
ဘင်္ဂလားဒေ့ရှ် အမျိုးသမီးများသည် ပါကစ္စတန်၊ ဘာရိန်း၊ ကူဝိတ်နှင့်
အာရပ်စော်ဘွားများနိုင်ငံများတွင် အိမ်ဖော်အဖြစ် လည်းကောင်း၊ ကြွေးမီဖြင့်
နှောင်ဖွဲ့ခိုင်းစေခြင်းဖြင့် လည်းကောင်း၊ လိင်မူဆိုင်ရာ အမြတ်ထုတ်ခံရခြင်းဖြင့်
လည်း ကောင်း လူကုန်ကူးခြင်းခံနေကြရသည်။ ၄င်းအပြင် ပြည်တွင်းတွင်လည်း ကျေးလက်ဒေသမှ
ငယ်ရွယ် သည့် ကလေးများကို မြို့ပြဒေသသို့ အဓမ္မအလုပ်ခိုင်းစေရန်နှင့်
စီးပွားဖြစ်လိင်ပိုင်းဆိုင်ရာ ခေါင်းပုံ ဖြတ်ခြင်းများသည် ကျယ်ကျယ်ပြန့်ပြန့်
ဖြစ်ပွားလျက်ရှိပါသည်။

 

အိန္ဒိယနိုင်ငံသည် HIV ပိုးရှိသူများ အများအပြားရှိနေသည့်အတွက် ဒေသတွင်း၌
အကြီးမားဆုံး စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရသည်။ အာရှတိုက်၏ လူဦးရေ
(၄ဝ)ရာခိုင်နှုန်းခန့်သည် အိန္ဒိယနိုင်ငံတွင် နေထိုင်ကြသဖြင့် ဒေသတွင်း၌
HIV ရောဂါပိုးရှိသူအများဆုံး (သို့မဟုတ်) ရောဂါပိုး ရှိသူဦးရေ
(၂)ဒသမ(၅)သန်းခန့်ရှိနေပါသည်။ ပြည်တွင်းမှာရော ပြည်ပမှာပါ လူကုန်ကူးမှု
ဖြစ်ပွားမှုနှုန်းလည်း အမြင့် ဆုံး ဖြစ်နေသည်။ အိန္ဒိယနိုင်ငံသည် လုပ်အားနှင့်
လိင်ခေါင်းပုံဖြတ်မှုအတွက် ရည်ရွယ်ပြီး လူကုန်ကူး ရာမူရင်းနိုင်ငံ၊
တစ်ထောက်နားရပ်နှင့် ခရီးဆုံးဒေသလည်းဖြစ်သည်။ နီပေါနိုင်ငံသည် လူကုန်ကူးမှုနှင့်
HIV/AIDS ရောဂါနှစ်မျိုးစလုံးတို့ကြောင့်
အကြီးအကျယ်ထိခိုက်မှုရှိနေသည်။ ထိုပြဿနာနှစ်ရပ်လုံးကို မူဝါဒချမှတ်ပြီး အစိုးရ၊
လူမှုရေးအသင်းအဖွဲ့နှင့် အလှူရှင်များမှ ဘက်ပေါင်းစုံ တိုက်ဖျက်ရန် ကြိုးပမ်း
လျက်ရှိကြသည်။


ထောင်ပေါင်းများစွာသော နီပေါအမျိုးသမီးများသည် အိန္ဒိယနိုင်ငံသို့
လိင်လုပ်သား များအဖြစ် လူကုန်ကူးခြင်း ခံရသည်ဟု မှတ်ထင်ခဲ့ပါသည်။ နှစ်စဉ် (၅ဝဝဝ)မှ
(၇ဝဝဝ)အထိရှိသည်ဟု ခန့်မှန်းရသည်။ လူကုန်ကူးခြင်းခံရသည့် အမျိုးသမီးများ၏ အရေအတွက်
ခန့်မှန်းမှုများ ကွာဟခြားနား မှုများကြောင့် အချက်အလက်များရရှိရန် အခက်အခဲရှိသလို
စနစ်ကျနစွာ အချက်အလက် စုဆောင်း မှုမရှိခြင်းနှင့်
သုတေသနပြုလုပ်မှုမရှိခြင်းတို့ကိုလည်း ညွှန်ပြနေပေသည်။ ယင်းအမျိုးသမီး များသည်
ဆော်ဒီအာရေဗျ၊ မလေးရှား၊ ဟောင်ကောင်၊ အာရပ်စော်ဘွားများနိုင်ငံနှင့်
ပင်လယ်ကွေ့နိုင်ငံများအထိ လူကုန်ကူးခြင်း ခံနေကြရသည်။ ယင်းအပြင်
နယ်မြေမအေးချမ်းမှုနှင့် ပြည်တွင်း ရွှေ့ပြောင်းခံကြရ မှုများ၊ အလုပ်အကိုင်နှင့်
ဘဝလုံခြုံ မှုရှာဖွေရခြင်းကြောင့် နိုင်ငံအတွင်းတွင်လည်း လူကုန်ကူးမှုဖြစ်ပွားမှု
မြင့်တက်လျက်ရှိသည်။ ယင်းတို့အား အလွယ်တကူ လိမ်လည်ဖြားယောင်းနိုင်ခြင်းက
HIV/AIDS ရောဂါ ဖြစ်ပွားရန် အခွင့်အလမ်း ပိုမိုရရှိနေသည်။
အရွယ်ရောက်သူ
HIV ပျံ့ပွားမှုမှာ(ဝ)
ဒသမ(၅)ရာခိုင်နှုန်း လက်ရှိရှိနေသော်လည်း (၂ဝ၁ဝ)ခုနှစ်တွင် အသက်(၁၅)နှစ်မှ (၄၉)
နှစ်အထိ
AIDS
ရောဂါကြောင့် သေပျောက်မှုနှုန်း ဖြစ်ပွားရခြင်း အကြောင်းရင်း တစ်ရပ်အဖြစ်
ရှိလာလိမ့်မည်ဟု ခန့်မှန်းထားကြသည်။

   

ပါကစ္စတန်နိုင်ငံသည်
လူကုန်ကူးခြင်း ခံရသူများ၏ မူရင်းနေရာ၊ တစ်ထောက်နားရပ်နှင့် ခရီးဆုံး ဒေသဟု
သိရှိထားကြသည်။ ကုလားအုပ်ပြေးပွဲများတွင် စီးနင်းသူကလေးငယ်များ၊ အိမ်ဖော်များ၊
ကြွေးမြီဖြင့် နှောင်ဖွဲ့ခိုင်းစေခြင်းခံရသူများ၏ မူရင်းနိုင်ငံဖြစ်သလို
ဘင်္ဂလားဒေ့ရှ်နှင့် အရှေ့အာရှနိုင်ငံ များ၏ တစ်ထောက်နားရပ်လည်းဖြစ်သည်။ ထို့အပြင်
ဘင်္ဂလားဒေ့ရှ်၊ အာဖဂန်နစ္စတန်နှင့် အာရှ အလယ်ပိုင်းတို့မှ အမျိုးသမီးများအတွက်
ခရီးဆုံးဒေသလည်းဖြစ်သည်။ ကလေးငယ်များအား ပင်လယ် ကွေ့ နိုင်ငံများသို့ ကုလားအုပ်
စီးနင်းသူများအဖြစ် ခိုင်းစေရန် လူကုန်ကူးကြသကဲ့သို့ ပြည်တွင်းတွင် လည်း
တောင်းရမ်းစားသောက်ရန် ခိုင်းစေမှုများရှိသည်။ ကျေးလက်ဒေသမှ အမျိုးသမီးများနှင့်
မိန်း ကလေးငယ်များကိုမူ စီးပွားဖြစ်လိင်လုပ်သား အဖြစ်လည်းကောင်း၊ အိမ်ဖော်အဖြစ်
လည်းကောင်း ခိုင်းစေရန် လူကုန်ကူးကြသည်။


ပါကစ္စတန်နိုင်ငံတွင် အရွယ်ရောက်သူ
(ဝ)ဒသမ(၁)ရာခိုင်းနှုန်း(သို့မ ဟုတ်) (၇)သောင်းမှ(၈)သောင်းသည်
HIV/AIDS ရောဂါပိုးရှိနေကြသည်ဟု UNAIDS မှ ခန့်မှန်း ထားသည်။ (၁၅)နှစ်မှ (၄၉)နှစ်အရွယ်ရှိ
အမျိုးသားများတွင် ဖြစ်ပွားမှု အများဆုံးဖြစ်သည်။ လူကုန်ကူး မှုနှင့်
HIV/AIDS ရောဂါတိုက်ဖျက်မှုတို့သည် သီးခြားစီဖြစ်နေကြသော်လည်း
ထိုပြဿနာ နှစ်ရပ်သည် အပြိုင်ကြီးထွားကာ စိန်ခေါ်မှုတစ်ရပ်အဖြစ် တည်နေသည်။
သီရိလင်္ကာနိုင်ငံသည်လည်း လူကုန်ကူး ခြင်းခံရသည့် အမျိုးသမီးများနှင့်
မိန်းကလေးငယ်များ၏ အရေအတွက်ကို တိတိကျကျအချက်အလက် မရှိသဖြင့်
ဖြစ်ပေါ်နေမှုအတိုင်းအတာအား အကဲဖြတ်သုံးသပ်ရန် အခက်အခဲနှင့် ကြုံတွေ့နေရသည်။
ယင်းနိုင်ငံ၏ လူကုန်ကူးမှုပုံစံများနှင့် သဘောသဘာဝတို့သည်
အိမ်နီးချင်းနိုင်ငံများနှင့် ကွဲပြားခြားနား သည်။ ရွှေ့ပြောင်းသွားလာ
နေထိုင်ကြမှုနှင့် လူကုန်ကူးမှုတို့သည် ပိုမိုဆက်စပ်မှုရှိနေသည်။ များစွာ သောသီရိလင်္ကာ
အမျိုးသမီးများသည် ပြင်ပနိုင်ငံသို့ ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကိုင်ရန် ပထမ
ပိုင်းတွင် သဘောတူလိုက်လျောမှုဖြင့် သွားလာကြပြီး လမ်းခရီး (သို့မဟုတ်)
ခရီးဆုံးနိုင်ငံတို့၌ ယင်းတို့ အပေါ် အမြတ်ထုတ်ခြင်းများ စတင်ခံစားကြုံတွေ့ကြရသည်။
သီရိလင်္ကာနိုင်ငံ၏ နိုင်ငံခြားဝင်ငွေ ရရှိ ရေး လုပ်ငန်းများအနက်
လုပ်သားထုတစ်ရပ်လုံးတွင် (၇ဝ)မှ (၉ဝ)ရာခိုင်နှုန်းသည် အမျိုးသမီးလုပ်သား များ
ဖြစ်ကြသည်။

 

ပြည်ပသို့ အလုပ်လုပ်ကိုင်ရန်
စေလွှတ်သည့် လုပ်ငန်းသည်လည်း နိုင်ငံခြား ဝင်ငွေ ရရှိရေး လုပ်ငန်းများထဲမှ
တစ်ခုအပါအဝင်ဖြစ်သည်။ ယင်းနိုင်ငံ၏ အလုပ်သမားဝန်ကြီးဌာန ခန့်မှန်း ချက်အရ
ပင်လယ်ကွေ့နိုင်ငံများတွင် အလုပ်လုပ်ကိုင်ကြသူများ၏ (၇ဝ)ဒသမ(၆) ရာခိုင်နှုန်းသည်
အမျိုးသမီးများဖြစ်ကြသည်။ အရှေ့အလယ်ပိုင်းနိုင်ငံများ၊ စင်္ကာပူ၊ ဟောင်ကောင်နှင့်
တောင်ကိုရီးယား နိုင်ငံများတို့တွင် အဓမ္မစေခိုင်းခံရမှုနှင့် လိင်မှုဆိုင်ရာ
ခေါင်းပုံဖြတ်ခံရမှုတို့အတွက် လူကုန်ကူးခြင်း ခံနေရသည့် မူရင်းဒေသလည်း ဖြစ်သည်။
ယင်းနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသည်များအတွက် လိင်မှု ဆိုင်ရာ ဝန်ဆောင်မှုပေးရာတွင်
ငယ်ရွယ်သည့် ယောက်ျားလေးများနှင့် မိန်းကလေးများအား အသုံးပြု လေ့ရှိကြသည်။
အစိုးရထိန်းချုပ်သည့် နယ်မြေနှင့် အီလန်တမီးလ် ကျားလွတ်မြောက်ရေးအဖွဲ့
Liberation
Tigers of Tamil Eelam (LTTE)
တို့
ထိန်းချုပ်သည့်နယ်မြေများတွင်ပါ လူကုန်ကူးမှု ဖြစ်ပွားလျက် ရှိသည်။
အဓမ္မစီးပွားဖြစ်လိင်လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်မှုသည် လိင်ဆက်ဆံရာမှ ကူးစက်ရောဂါ
ပျံ့နှံ့မှုအန္တရာယ် ပိုမိုကျရောက်နိုင်သည်။ ၄င်းအပြင်
HIV ပျံ့ပွားရန်အတွက်လည်း ပိုမိုဖြစ်စေသည်။

 

သီရိလင်္ကာနိုင်ငံ၏
တရားဝင်ထုတ်ပြန်ချက်အရ လိင်ဆက်ဆံမှုကြောင့် ကူးစက်ရောဂါဖြစ်ပွားမှု အလွန်နည်းသည်ဟု
ပြောဆိုနေသော်လည်း
UNAIDS ၏ခန့်မှန်းချက်အရ
HIV ပိုးရှိသူအရေအတွက်မှာ
(၃၅ဝဝ) ရှိနေသည်ဟု ဆိုသည်။ တောင်အာရှဒေသတွင် သီရိလင်္ကာနိုင်ငံသည်
HIV ပျံ့နှံ့မှု အနည်း ဆုံးဟု UNAIDS နှင့် WHOတို့က သတ်မှတ်ထားသည်။ အရွယ်ရောက်သူများ၏ HIV ပျံ့နှံ့မှုသည် (ဝ)ဒသမ(၁)ရာခိုင်နှုန်းထက် နည်းသည်။ HIV ကူး စက်ရောဂါရှိသူ (၉ဝ)ရာခိုင်နှုန်းခန့်သည်
အသက်(၁၅)နှစ်မှ(၄၉)နှစ်အတွင်း ရှိသူများ ဖြစ်ကြသည်။ ထိုတောင်အာရှဒေသအတွင်း
ပြိုင်တူကြီးထွားနေသည့် လူကုန်ကူးမှုနှင့်
HIV/AIDS ရောဂါပျံ့နှံ့မှုပြဿနာ နှစ်ရပ်အား ကိုင်တွယ်ဖြေရှင်းရန်
ပူးပေါင်း သုတေ သနပြုလုပ်ခြင်း၊ နှိုက်နှိုက်ချွတ်ချွတ် ခွဲခြမ်းစိတ်ဖြာ
စိစစ်ခြင်းတို့ ရလဒ်များမှသည် မူဝါဒများ ချမှတ် ပူးပေါင်းဆောင်ရွက်ရေး၊ ကြိုတင်ကာကွယ်ရေး၊
တရားစွဲဆိုရေး၊ လူကုန်ကူးခြင်းခံရသူများ ကာကွယ် စောင့်ရှောက်ရေးနှင့်
ပါဝင်တိုက်ဖျက်ကြသူ အသီးသီးတို့ စွမ်းရည်မြှင့်တင်ရေးတို့ကို စီမံချက် ချမှတ်
ဆောင်ရွက်သွားကြ ရမည်ဖြစ်ပေသည်။



HIVရောင်းဝယ်ဖောက်ကားမှုလုပ်ငန်း          

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top