14
Jun

HIV ကာကွယ်ဆေးတွေ အကြောင်း

HIV/AIDS ကုသတဲ့ နေရာမှာ နည်းလမ်းသစ် တစ်ခုဖြစ်တဲ့ 'မကူးစက်မီ ရောဂါ ကာကွယ်ခြင်း' (Pre-Exposure Pro- phylaxis - PrEP) နည်းက အလုပ်ဖြစ်တယ် ဆိုတာ ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။

ဆရာဝန် တွေဟာ HIV/AIDS ကုသရေးမှာ အောင်မြင် တိုးတက်မှုတွေ တဟုန်ထိုး ရရှိနေ ပါတယ်။ မနေ့က ထုတ်ပြန် လိုက်တဲ့ လေ့လာမှု အသစ်အရ ကြိုတင် ကာကွယ် ကုသမှုဟာ ထင်တာ ထက်ပိုပြီး ထိရောက်မှု ရှိတယ် ဆိုတာ သိလာ ရပါပြီ။ The Lancet မှာထုတ်ပြန် လိုက်တဲ့ လေ့လာမှုဟာ ရောဂါ ကာကွယ်မှု နည်းလမ်း သစ်တစ်ခု ဖြစ်တဲ့ 'မကူးစက်မီ ရောဂါ ကာကွယ်ခြင်း' (Pre-Exposure Prophylaxis - PrEP) နဲ့ပတ်သက် နေပါတယ်။ ရောဂါ ရနိုင်ခြေများတဲ့ လူတွေ ဆေးတစ်နေ့ တစ်လုံး သောက်ပြီး ရောဂါ ကူးစက်ခြင်းမှ ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်။ ပိုးရှိတဲ့ မိခင်ကနေ ရင်သွေးကို မွေးဖွားစဉ်မှာ မကူးစက် စေဖို့ သုံးရတဲ့ gel ဟာလည်း ဒါမျိုး ကာကွယ်နည်း တစ်ခုပါပဲ။ တော်တော် ထိရောက်တယ်လို့ လေ့လာမှု တွေက ဆိုပါတယ်။

ဒါဆို ဒီလေ့လာမှု အစီရင်ခံ စာဟာ ဘာများ ကွာခြားမှု ရှိပါသလဲ။ The New York Times မှာဖော်ပြ ထားတာကတော့ PrEP ဟာဆေးသမားတွေ အတွက် မထိရောက် ဘူးလို့ သိပ္ပံ ပညာရှင်တွေ အစဉ်အဆက် ယူဆခဲ့ ကြတာပါ။ အကြောင်း ကတော့ ဆေးသုံးသူတွေမှာ HIV ကူးစက်နှုန်း ကြောက်ခမန်း လိလိ မြင့်မားပြီး မြန်ဆန် လွန်းလို့ပါပဲ။ ၁၉၈၀ ပြည့် လွန်နှစ်များက ထိုင်းနိုင်ငံမှာ ဖြစ်ခဲ့ သလိုပေါ့။ လေ့လာမှု တော်တော် များများဟာ လိင်ဆက်ဆံ မှုမှ ကူးစက်ခြင်းနဲ့ မိခင်မှ ကလေးသို့ ကူးစက်ခြင်း တို့ကိုသာ အဓိက ထားကြပြီး ဆေးသမားတွေမှာ အဲသလောက် မထိရောက် နိုင်ဘူးလို့ ယူဆခဲ့ ကြလို့ပါ။ တကယ်တမ်း ကျတော့ ဒီလိုထင်တာ လုံးဝ မဟုတ်တော့ ပါဘူး။

ဒီလေ့လာမှုဟာ အပ်မျှဝေ သုံးစွဲလို့ ရောဂါ ကူးစက်နှုန်း များတဲ့ ထိုင်းနိုင်ငံက အသက် ၂၀ မှ ၆၀ ကြား ဆေးစွဲသူ ၂၄၀၀ ကို ၅ နှစ်ကြာ လေ့လာ ခဲ့တာပါ။ ကနဦး ပိုးစစ်ပြီး ပိုးမရှိတဲ့ ဆေးသမား တွေကို လေ့လာမှုမှာ ပါဝင်ဖို့ သဘောတူကြောင်း ခံဝန် လက်မှတ် ရေးထိုး စေပါတယ်။ ဆေးသောက်သူ (treatment) အုပ်စုနဲ့ သွင်ပြင် တစ်ထပ်တည်း တူတဲ့ ဆေးအတု သောက်သူ (placebo) အုပ်စု နှစ်စုကို ကွန်ပျူတာနဲ့ ကျပန်း (random) ခွဲခြား လိုက်ပါတယ်။ ဒီကဏ္ဍမှာ တာဝန် ယူတဲ့သူ တွေကို လေ့လာမှုနဲ့ စာရင်းဇယား ကိုင်တွယ်ရာမှာ မပါဝင် စေသလို သူတို့ကလွဲလို့ လေ့လာမှုမှာ ပါဝင်တဲ့ ကုသသူ၊ ကုသခံ သူတွေ အားလုံး ဘယ်သူ ဘယ်အုပ်စုမှာ ပါတယ် ဆိုတာကို မသိရပါဘူး။ ဒါဟာ ဆေးဝါးနဲ့ ကုထုံး စမ်းသပ် လေ့လာရာမှာ အဆင့် အမြင့်ဆုံးနဲ့ ဘက်လိုက်မှု အနည်းဆုံး လေ့လာမှု နည်းလမ်း တစ်ခု ဖြစ်ပါတယ်။ Randomized double-blind placebo-controlled trial လို့ခေါ်ပါတယ်။

အလားတူ လေ့လာမှု တွေမှာ ဆေးမသောက်တာ၊ ဆေးသောက် မမြဲတာဟာ ဖြစ်လေ့ ဖြစ်ထ ရှိတာမို့ ဒီလေ့လာမှုမှာ ပါဝင်သူ တွေကို ဆေးတစ်နေ့ တစ်လုံး တိုက်ရိုက် ကြည့်ရှု သောက်စေပြီး သွေးတွင်း ဆေးပမာဏကိုလည်း တိုင်းတာ ပါတယ်။ တစ်ခါ သုံးအပ် သုံးရန်၊ အပ်မျှဝေ မသုံးစွဲရန် ပညာပေးခြင်း၊ ကွန်ဒုံး သုံးစွဲခြင်း စတဲ့ အခြားသော ကာကွယ်မှု တွေကိုလည်း တွဲဖက် လုပ်ဆောင် စေပါတယ်။ ရောဂါပိုး ရှိမရှိ ကိုလည်း သတ်မှတ် ထားတဲ့ အချိန်တွေမှာ စစ်ဆေးပြီး ပိုးရှိလာ ရင်တော့ လေ့လာမှုမှာ သုံးတဲ့ ဆေးကို ရပ်ပြီး သတ်မှတ် ကုထုံးနဲ့ ကုပါတယ်။ လေ့လာမှု ကနေလည်း ထွက်လိုက် ရပါတယ်။ နောက်ဆုံး ရလဒ်ကို The Lancet မှာအစီရင်ခံ ဖော်ပြ ခဲ့ရာမှာ စမ်းသပ်ဆေး သေချာ သောက်သုံး ကြတဲ့လူ တွေမှာ ရောဂါ ကူးစက်နှုန်း ၇၄% လျော့နည်း တယ်လို့ သိရပါတယ်။ ဒါဟာ ဘယ်တုန်းကမှ ထင်မထားတဲ့ သတင်းကောင်း တစ်ခုပါပဲ။

ခုတော့ ဒီလို ကူးစက်နှုန်း မြင့်တဲ့ အုပ်စုမှာ ဒီဆေးနဲ့ ကာကွယ်တာ ထိရောက်မှု ရှိတာကို သိသွားပြီ ဆိုတော့ HIV/AIDS သုတေသီ များဟာ ကြီးမားသော စိန်ခေါ်မှု နောက် တစ်ခုကို ရင်ဆိုင် နေရပါတယ်။ ဒါကတော့ ကုသရခက် လေ့လာရ ခက်တဲ့ ဒီလိုလူ တွေကို ဆေးသေချာ သောက်အောင် ဘယ်လို လုပ်ကြမလဲ ဆိုတာပါ။ The New York Times မှာဖော်ပြ ထားတဲ့ ကနေဒါက သုတေသီ တစ်ဦး ကတော့ လိုအပ်တာ တွေကို ဆောင်ရွက်ဖို့ စရိတ်၊ ဆေးဖြန့် ဝေဖို့ စရိတ်တွေ ရှိနေတာရယ်၊ ဆေးသမား တွေကို ကိုင်တွယ် ကုသရာမှာ လက်ရှိ အသုံးများ နေတဲ့ တစ်ခါ သုံးအပ်၊ ဆေးနဲ့ စစ်ပြီး ပိုးရှိမှ ကုသတဲ့ နည်းလမ်းတွေ ရှိနေတာရယ်က စမ်းသပ်ဆေး ကြောင့်ရတဲ့ အကျိုးရ လဒ်ထက် ပိုအားသာ နေတာကို ထောက်ပြ သွားပါတယ်။ ဘာပဲ ဖြစ်ဖြစ် ဒီလေ့လာမှုဟာ အရေးကြီးတဲ့ သတင်း တစ်ပုဒ်ပါ။ အဲဒီ သုတေသီရဲ့ စကား အရတော့ "လွတ်နေတဲ့ ကွက်လပ် တစ်ခု ဖြည့်ပေး လိုက်သလိုပါပဲ။" HIV အမြစ် ဖြတ်နိုင်ဖို့ ဦးတည် နေတဲ့ ခြေလှမ်း တစ်လှမ်းပဲ ဖြစ်ပါတယ်။

mymclub - HIV ကာကွယ်ဆေးတွေ အကြောင်း 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top