7
Jun

HIV ကာကွယ်ဆေး မျောက်များတွင် စမ်းသပ်အောင်မြင်

ဆည်းဆာချိန်ဖြစ်လာ၍ အပူဒဏ် လျော့ပါးစ ပြုလာ၏။

ဗိုလ်ချုပ်လမ်းမကြီးဘေးတွင် လက်ဖက်ရည်ဆိုင်တန်း တစ်ခုရှိ၏။ ထိုဆိုင်တန်းသည် လမ်း ၄ဝ နှင့် ၃၈ လမ်းကြားတွင်ရှိပြီး ဗိုလ်ချုပ် လမ်းမကြီးဘေးတွင် တည်ရှိ၏။ ထိုဆိုင်တန်းတွင် လက်ဖက်ရည် ဆိုင်များသည် သီးခြားအမည်များဖြင့် ရပ်တည်နေကြသော်လည်း စာပေ လောကသား အချို့က လေရှန်ကုန်းဟု အမည်ပေးထား၏။

ယနေ့ ညနေတွင် ဘာသာပြန် ဆရာ မောင်သိန်းငှက်(ကယားပြည်)၊ ဓာတ်ခွဲခန်းမှူး ဦးဥာဏ်အုန်း၊ ကဗျာ ဆရာ မောင်တိုင်ပြာနှင့် ဒေါက်တာ တင်မောင်ဆွေတို့ ထိုင်နေကြ၏။

ဘာသာပြန်ဆရာ မောင်သိန်းငှက် (ကယားပြည်)ကို စာပေလော ကသားများက ကယားကြီးဟု ချစ်စနိုး ခေါ်ကြ၏။

ကဗျာဆရာ မောင်တိုင်ပြာက ကယားကြီးအား မေးလိုက်၏။

''ကယားကြီး၊ တောင်သူကုန်းက သင်္ဘောသား ဘယ်လိုနေသေးလဲ''

''တစ်လောက ဦးဥာဏ်အုန်းဆီမှာ သွေးစစ်သွားတယ်ကြားတယ်။ ဦးဥာဏ်အုန်း သိမယ်ထင်တယ်''

''ဟုတ်လား။ ကဲ- ဦးဥာဏ် အုန်း ပြောပါဦး''

''ဟုတ်တယ်ကိုတိုင်ပြာ၊ လာစစ်သွားတယ်။ စစ်လိုက်တော့ အိပ်ခ်ျ အိုင်ဗီပိုးရှိတာ တွေ့ရတယ်။ ပိုပြီး စိတ်မကောင်းစရာ ကောင်းတာက သူ့ဇနီးမှာလဲ ပိုးတွေ့နေပြီ။ သူ့ဇနီးကလဲ ကိုယ်ဝန်အရင့်အမာ ရှိနေတယ်။ သန္ဓေသားကို ကူးနိုင်ခြေ ရှိနေတယ်။ အိပ်ခ်ျအိုင်ဗီပိုးက တစ်မိသားစုလုံးကို ဒုက္ဓပေးနေတယ်ဗျာ''

''အင်း- သင်ခန်းစာ ယူစရာပဲ။ သင်္ဘောသားက နိုင်ငံခြားမှာ ပွေခဲ့ ရှုပ်ခဲ့တယ်လို့ ကြားတယ်''

''အေးဗျာ။ အပြစ်မဲ့တဲ့ ဇနီးနဲ့ ကလေးက ကြားထဲက ဒုက္ခရောက် ရရှာတယ်''

''ဟုတ်တယ်။ သနားစရာပဲဗျာ''

''ဆရာ့ကို မေးရဦးမယ်။ ကာကွယ်ဆေးလေး ဘာလေး မပေါ်သေး ဘူးလား''

ကဗျာဆရာ မောင်တိုင်ပြာက ဒေါက်တာတင်မောင်ဆွေအား မေးလိုက်၏။

''ထူးခြားတဲ့ သတင်းတစ်ပုဒ် ပြောပြရဦးမယ်။ ကျွန်တော် Nature ဆိုတဲ့ ဂျာနယ်ထဲမှာ ဖတ်လိုက်ရ တယ်''

''ဟုတ်ကဲ့ဆရာ။ ပြောပြပါ ဦး''

''လူတွေမှာ အိပ်ခ်ျအိုင်ဗီပိုး ရှိသလို မျောက်တွေမှာလဲ အက်စ်အိုင်ဗီ ပိုးရှိတယ်ဗျ။ အိပ်ခ်ျအိုင်ဗီပိုးနဲ့ အမျိုးတော်တယ် ဆိုပါတော့ဗျာ။ သုတေသီတွေက Macaques ဆိုတဲ့ မျောက်တွေမှာ သုတေသန လုပ်ကြတယ်။ မျောက်တွေအတွက် ကာကွယ်ဆေး ဖော်လိုက်တာ အဆင်ပြေနေတယ်။ ဒါကို အခြေခံပြီး ဆက်ကြိုးစားရင် လူတွေအတွက် ကာကွယ်ဆေး ရလာနိုင်တယ်တဲ့''

''ဟုတ်လားဆရာ။ အားရှိစရာပဲ''

''သုတေသီတွေက အမေရိကားကဗျ။ သူတို့ကမျောက် ၂၄ ကောင်မှာ စမ်းသပ်တယ်။ ကာကွယ်ဆေးက ၁၃ ကောင်ကို အကာအကွယ်ပေးတာ တွေ့ရတယ်။ ပြီးတော့ ဒီကာကွယ်ဆေးက မျောက် ၁၂ ကောင်မှာ နောက်ထပ် ၁၂ လ ကြာတဲ့အထိ အာနိသင် ရှိနေသေးတာလဲ တွေ့ရတယ်''

''သူတို့ လုပ်ပုံ လုပ်နည်းလေး ပြောပြပါဦးဆရာ''

''ဒီလိုဗျ။ သုတေသီတွေက ကျန်းမာနေတဲ့ မျောက် ၂၄ ကောင်ကိုယူပြီး မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ Rhesus Cytomegalovirus ထည့် ပေးလိုက်တယ်။ ဒီဗိုင်းရပ်စ်ထည့်ပေး တဲ့သဘောက ကာကွယ်ဆေးထိုး တာနဲ့အတူတူပဲတဲ့။ ဒီ မျောက်တွေ ဟာ အိပ်ခ်ျအိုင်ဗီနဲ့ ဆင်ဆင်တူတဲ့ အက်စ်အိုင်ဗီကို အကာအကွယ်ပေး တယ်။ သဘောက အက်စ်အိုင်ဗီဟာ မျောက်တွေကို ဒုက္ခမပေးနိုင်တော့ ဘူး''

''ဟုတ်ကဲ့ဆရာ''

''ကာကွယ်ဆေးက မျောက်ကိုယ်ထဲမှာ Effctor Memory I Cell ဆိုတဲ့ ခုခံကာကွယ်ရေး ဆဲလ်တွေပေါ် လာစေတယ်။ ဒီ I Cell တွေက ကာလကြာကြာကာကွယ်မှုပေးထား နိုင်တယ်တဲ့''

''ဟုတ်ကဲ့ဆရာ''

''Oregon မြို့မှာ The Vaccine and Gene Therapy Institute ဆိုတဲ့ ဌာနရှိတယ်။ အဲဒီဌာနက ပါရဂူ Professor Louis V Picker က ခုသုတေသနကို ဦးဆောင်တယ်တဲ့။ ပါရဂူကြီးက ခုသုတေသနမှာ ကာကွယ်ဆေးက ရောဂါပိုးတွေကို အစအနပါ မကျန်အောင် သုတ်သင်နိုင်ခဲ့တယ်တဲ့။ ဒီလိုသုတ်သင်တာမျိုးကို အရင်က သုတေသနတွေမှာ မကြုံ ခဲ့ရဘူးတဲ့''

''ဒါဆို ပိုစွမ်းတယ်ထင် တယ်''

''ဟုတ်တယ်ဗျ။ ပိုစွမ်းတယ်။ တစ်ခုပဲရှိတယ်။ ဒီကာကွယ်ဆေးရဲ့ ဘေးကင်းမှုကို စမ်းဖို့လိုသေးတယ် တဲ့။ ဒါမျိုး လူမှာ စမ်းမယ်ဆိုရင် ဘေးကင်းမှဖြစ်မှာကိုး''

''ဟုတ်ကဲ့ဆရာ''

''Oxford University က Professor Sir Andrew Mcmichael က ပြောတယ်။ ခုသုတေသနဟာ ထူး ခြားပါတယ်တဲ့။ ရောဂါပိုးကို ထိထိ ရောက်ရောက် သုတ်သင်နိုင်ပါတယ် တဲ့။ ဒါပေမယ့် လူမှာ ဘယ်လိုစမ်း ရမယ်ဆိုတာ အတော်စဉ်းစဉ်းစားစား လုပ်ရမယ်တဲ့''

''ဟုတ်ကဲ့ဆရာ''

''သူကပြောတယ်။ မျောက်ထဲကို Cytomegalovirus ထည့်သလို လူထဲထည့်ဖို့က မလွယ်ဘူးတဲ့။ ဒီပိုးက ကာကွယ်မှုပေးသလို တခြား ရောဂါတွေလဲ ဖြစ်စေနိုင်တယ်တဲ့။ တခြားရောဂါ ဖြစ်နိုင်တဲ့ အန္တရာယ်ကလဲ မသေးဘူးတဲ့''

''ဟုတ်ကဲ့ဆရာ''

'ဒီသဘောထားမှတ်ချက်ကို တခြားပါရဂူတွေကလဲ ထောက်ခံ တယ်။ London မှာရှိတဲ့ Imperial College က Professor Robin Shattock က ပြောတယ်။ ခုသုတေသနမှာ မျိုးရိုးဗီဇပြုပြင်ထားတဲ့ ဗိုင်း ရပ်စ်ကို ထည့်ပေးထားတာက အဓိက သော့ချက်ပါပဲတဲ့။ ဒါကို လုပ်ချင် ရင် အန္တရာယ်ကင်းမှ လုပ်လို့ရမှာ ပါတဲ့''

''ဟုတ်ကဲ့ဆရာ''

''ကျောက်ကြီးရောဂါ သုတေသနတုန်းက ကြုံဖူးတာရှိတယ်။ အစပိုင်းမှာ ကာကွယ်ဆေးကြောင့် အန္တရာယ်ရှိတာ ဖြစ်ဖူးတယ်။ ဒါကြောင့် ပါရဂူတွေက စိုးရိမ်နေတာ''

''စိုးရိမ်သင့်တာပေါ့ဆရာ''

''Cytomegalovirus က ဆာဟာရ သဲကန္တာရ တောင်ပိုင်းနိုင်ငံတွေမှာ အတွေ့ရများတယ်။ ဒီဗိုင်းရပ်စ်က ကိုယ်ဝန်ဆောင်တွေဆိုရင် ဒုက္ခပေးလေ့ ရှိတယ်တဲ့''

''ဟုတ်ကဲ့ဆရာ''

''အိပ်ခ်ျအိုင်ဗီကာကွယ်ဆေး သုတေသနမှာ အောင်မြင်မှုတွေ အထိုက် အလျောက်ရဖူးတယ်ဗျ။ ထိုင်းနိုင်ငံမှာ စမ်းတုန်းက ရောဂါပိုးရှိတဲ့ လူသုံးပုံ တစ်ပုံကို ကာကွယ်နိုင်တာတွေ့ရ တယ်။ နောက်တစ်ခုက New England Journal of Medicine မှာ ပါလာတာ တစ်ခုရှိတယ်။ Truvada ဆိုတဲ့ ဆေးကိုသုံးပြီး ကုတဲ့အခါ ရောဂါကူးစက်နှုန်းကို ၄၄ ရာခိုင်နှုန်း လျှော့ချပေးနိုင်တာတွေ့ရတယ်တဲ့''

''အပြည့်အဝ အောင်မြင်မှုတော့ မရသေးဘူးပေါ့နော်''

''ဟုတ်တယ်ဗျ။ မရသေးဘူး။ ဒါပေမယ့် လမ်းစရလာပါပြီ။ ကာကွယ်ဆေးဖော်တယ်ဆိုတာက အဆင့်တွေအများကြီးပဲဗျ။ တိရစ္ဆာန်မှာ အရင်စမ်းတယ်။ ပြီးတော့ လူမှာ စမ်းတယ်။ အာနိသင်လဲ ထက်မြက်တယ်။ ပြီးတော့ အန္တရာယ်လဲ ကင်းတယ်ဆိုမှ လူနာတွေမှာ ကျယ်ကျယ် ပြန့်ပြန့် သုံးနိုင်မှာ။ အတော်လက်ဝင် တဲ့ လုပ်ငန်းဗျ''

''ဒါပေါ့ဆရာရယ်။ လွယ်လွယ် နဲ့ ဘယ်ရပါ့မလဲ။ ခုလို လမ်းစရလာ ပြီဆိုရင်ပဲ အားရစရာကောင်းနေပါ ပြီ''

''မှန်တယ်ဗျ။ မျှော်လင့်ချက် ရှိလာပါပြီ''

''ကာကွယ်ဆေး ပေါ်လာရင် စောစောက သင်္ဘောသား မိသားစု လို ဒုက္ခရောက်တာမျိုး မရှိတော့ဘူး ပေါ့ဆရာရယ်''

''ဟုတ်တယ်။ အပြစ်မဲ့တဲ့ လူတွေကို ကာကွယ်နိုင်ပြီဗျ''

''ကာကွယ်ဆေး မဖော်နိုင်ခင် စပ်ကြား ဘာတွေ ဆင်ခြင်ရမလဲ ဆရာ''

''ဒီလိုဗျ။ အပျော်အပါး မလိုက်စားရဘူး။ တစ်လင်တစ်မယား စနစ် ကျင့်သုံးရမယ်။ ဇနီးနဲ့ ခင်ပွန်း အပြန်အလှန် သစ္စာရှိရမယ်။ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို လိုက်နာရမယ်။ မလိုအပ်ဘဲ သွေးမသွင်းရဘူး။ မလိုအပ်ဘဲ ဆေးမထိုးရဘူး။ တစ်ခါသုံးအပ် သုံးရမယ်။ မူးယစ်ဆေးဝါး ရှောင်ကြဉ်ရမယ်။ ဆေးမင်ကြောင်မထိုးရဘူး။ ခေါင်းရိတ်ရင် သင်တုန်းဓား သီးခြားသုံးရမယ်။ အဲဒါတွေ လိုက်နာရမယ်''

''ဟုတ်ကဲ့ဆရာ။ ဒါတွေကို အများပြည်သူတွေ သိအောင် ပညာ ပေးသင့်တာပေါ့နော်''

''ဒါပေါ့ဗျာ။ ပညာပေးသင့်တာပေါ့''

ကယားကြီးတို့ အုပ်စု ဆွေးနွေးနေကြစဉ် ဒေါက်တာ ကျော်ဆွေသိန်း ရောက်ရှိလာ၏။

''ဆရာဆွေ၊ ဆရာဆွေ စောစောက ပြောနေတာ ကြားလိုက်တယ်။ တစ်ခုတော့ရှိတယ်ဗျ၊ ပုထုဇဉ်တွေဆိုတော့ လုံးလုံးရှောင်ဖို့ ခက်တယ်ဗျာ''

''လွယ်ပါတယ်ဗျာ။ ကွန်ဒုံးရှိ တယ်လေ။ ကွန်ဒုံးသုံးပေါ့''

''ဆရာဆွေမှာ ခုပါလား။ တစ်ခုလောက်မျှပါဗျာ''

''ဟာ-ဆရာကျော်ကလဲ အရေးပေါ်ပါလား''

''ဆရာကျော် အရေးပေါ်က ကျွန်တော်သိတယ်။ သူက ကွန်ဒုံးယူပြီး ဘာဘူဆိုတဲ့ ကောင်လေးကို သွားပေးမှာ။ ဘာဘူက သူနာပြု ဆရာမလေး နွဲ့ယမင်းရဲ့ မောင်တစ်ဝမ်းကွဲဗျာ။ ကျွန်တော်က ညောင်ရမ်းဆေးခန်းကနေ ကြားပြီးပြီ။ ဟုတ်တယ်မဟုတ်လား ဆရာကျော်''

ဓာတ်ခွဲခန်းမှူး ဦးဥာဏ်အုန်းက ဖော်ကောင်လုပ်လိုက်သဖြင့် ဒေါက်တာကျော်ဆွေသိန်း ရှက်ကိုး ရှက်ကန်းဖြစ်သွား၏။

''ဟာ- ဦးဥာဏ်အုန်းကလဲ၊ ဟဲဟဲ၊ မဟုတ်ပါဘူးဗျာ''

ဒေါက်တာကျော်ဆွေသိန်း၏ အမူအရာကြောင့် တစ်ဝိုင်းလုံး တဝါးဝါး တဟားဟား ပွဲကျသွားလေ၏။

ရည်ညွှန်းချက်။ ။ BBC News မှ Monkey HIV Vaccine Effective, Say Researchersဆေးပညာဆောင်းပါးကို မှီငြမ်း ကိုးကားပါသည်။

အောင်(ဆေး-၁)

ဈေးကွက် - HIV ကာကွယ်ဆေး မျောက်များတွင် စမ်းသပ်အောင်မြင်
 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top