အေအိုင်ဒီအက်(စ်)ရောဂါကို ထိရောက်စွာ ကာကွယ်နိုင်စွမ်း ရှိသည့် ပဋိဇီဝ ပစ္စည်း(antibody) တစ်ခုကို ဓာတ်မတည့်ခြင်းနှင့် ကူးစက်ရောဂါများ ဆိုင်ရာ အမေရိကန် အမျိုးသား တက္ကသိုလ် (National Institute of Allergy and Infectious Diseases) မှ သုတေသီများက တွေ့ ရှိခဲ့ကြသည်။
ထိုပဋိဇီဝ ပစ္စည်းကို တွေ့ရှိလိုက်ခြင်းသည် ကုရာနတ္ထိ ဆေးမရှိဖြစ်သော ခုခံအားကျဆင်းမှု ကူးစက်ရောဂါကြီးအတွက် ထိရောက်သော ကာကွယ်ဆေးနှင့် ကုသဆေးများ ပေါ်ပေါက်လာစေရန် သေချာသွားခဲ့ပြီဟု သုတေသီများက မှတ်ချက်ပြုကြသည်။ ထိုစွမ်းရည်မြင့်ပဋိဇီဝပစ္စည်း (Super Antibodies) ကိုအခြေခံ၍ ထုတ်လုပ်သော ကာကွယ်ဆေးသည် လူတိုင်း၏ ခန္ဓာကိုယ်တွင် အလားတူ စွမ်းရည်မြင့် ပဋိဇီဝပစ္စည်းများ ထွက်ပေါ် လာစေကာ HIV ပိုး ကူစက်မှုကို ခံနိုင်ရည် ရှိစေမည်ဟု မျှော်လင့်ထားကြောင့် အဆိုပါ ပညာရှင်များက ပြောကြားခဲ့ကြသည်။
ရှေးယခင်ကတည်းက HIV ဗိုင်းရပ်(စ်)ကို သတ်နိုင်မည့် ပဋိဇီဝ ပစ္စည်းအမျိုးမျိုးကို ပညာရှင်များ ကြိုးစားဖော်ဆောင် ခဲ့သော်လည်း HIV ပိုးကို သတ်နိုင်သော ပဋိဇီဝ ပစ္စည်းများ ပေါ်ပေါက် လာခဲ့သော်လည်း အဆိုပါပိုး၏ ဗီဇမျိုးစိတ် (Strain) ၂ ခုခန့်ကိုသာ ချေမှုန်းနိုင်မည် ဖြစ်သောကြောင့် ရလဒ်များမှာကျေနပ်ဖွယ် မထူးခြားခဲ့ပါ။ လွန်ခဲ့သော နှစ်အနည်းငယ် အတွင်းကမူ ဗီဇမျိုးစိတ်ပေါင်း မြောက်မြားစွာအထိ ဖယ်ရှား သုတ်သင်နိုင်မည့် ပဋိဇီဝ ပစ္စည်းများ ပေါ်ပေါက် လာခဲ့ ပြန်သော်လည်းထိုပဋိဇီဝ ပစ္စည်းများ၏ အစွမ်းသည် ကာကွယ်နိုင်သော ဗီဇမျိုးစိတ် အရေအတွက် ၄၀% လုံးဝ မကျော်ခဲ့သဖြင့် ဆေးဝါးတစ်စုံတစ်ရာ ထုတ်လုပ်နိုင်ရန် မဖြစ်နိုင်သော အနေအထား ရှိခဲ့သည်။
ယခုတွေ့ရှိရသော စွမ်းရည်မြင့် ပဋိဇီဝပစ္စည်း ၃ ခုကမူ HIV ဗိုင်းရပ်(စ်) အားလုံး၏ ၉၁% ဗီဇမျိုး စိတ်များကို ဖျက်ဆီး ဟန့်တားနိုင်ကြောင်းနှင့် အဆိုပါ ပဋိဇီဝ ပစ္စည်းများ၏ အသေးစိတ် အကြောင်း အရာများကို ယခုလ ၉ ရက်နေ့ထုတ် Science ဂျာနယ်တွင် ဖော်ပြပါရှိခဲ့သည်။ ယခုလေ့လာမှု၏ သုတေသီတစ်ဦး ဖြစ်သော ဒေါက်တာ ဂရေးနေဘယ်လ်က အဆိုပါ ဆောင်းပါးတွင် “ပိုးကို ပြန်တိုက်နိုင်တဲ့ ပဋိဇီဝပစ္စည်း ဆိုတာဟာ ပိုးဝင်ပြီးနောက်မှ ခန္ဓာကိုယ်က ထုတ်လို့ရတာ ဖြစ်ပါတယ်။
ရောဂါ တော်တော်များများမှာ ပဋိဇီဝ ပစ္စည်းက ပိုးကို နောက်ဆုံးမှာတော့ သတ်ပစ် လိုက်နိုင်တာပါပဲ။ ဒါပေမယ့် HIV ပိုးဟာ တခြားဗိုင်းရပ်(စ်) တွေနဲ့ မတူပဲ။
ပြင်းထန်လွန်းတဲ့အတွက် သူက ခုခံအားစနစ် (Immune System) ထက် လက်ဦးမှု ရယူကာ ခုခံအားစနစ်ကိုပါ ဖျက်ပစ်လိုက်တဲ့အတွက် သူ့ကူးစက်မှုဟာ ရာသက်ပန် ဖြစ်သွားရတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ HIV ဗိုင်းရပ်(စ်) အရင် လက်ဦးမှု ရယူကာ ပဋိဇီဝ ပစ္စည်း အရင် ထုတ်နိုင်မယ့် ကာကွယ်ဆေးကို ထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်ပြီး ကြိုးစား နေကြပါတယ်” ရေးသား ဖော်ပြထားသည်ကို တွေ့ရပါသည်။
လက်ရှိ ဗြိတိန် တစ်နိုင်ငံတည်းတွင်ပင် HIV ပိုး ရှိပြီး AIDS ရောဂါအဖြစ် ကူးပြောင်းနေသူ ၇၃,၀၀၀ ရှိနေပြီး ထိုလူများထဲမှ ၃၀%သည် ၄င်းတို့၌ ပိုးရှိမှန်းပင် မသိကြသေးကြဟု ကျန်းမာရေး ပါရဂူများက ခန့်မှန်းထားကြသည်။
ထို့ပြင် ယနေ့ကမ္ဘာပေါ်၌ လူပေါင်း ၃၃ သန်းတွင် HIV ပိုး ရှိနေကြပြီး အဆိုပါ ပိုး စတင်ပေါ်ပေါက် လာခဲ့သော ၁၉၈၀ ပြည့်နှစ် များကတည်းမှ ယနေ့အထိ လူပေါင်း ၂၅ သန်းကျော် AIDS ရောဂါကြောင့် သေဆုံးခဲ့ပြီး ဖြစ်ကြသည်။
လက်ရှိ အခြေအနေတွင် AIDS ဝေဒနာသည်များသည် ကာကွယ်ဆေးရော ကုသဆေးပါ မရရှိ နိုင်သေးဘဲ ရှုပ်ထွေးသော ဓာတုဆေးဝါး အပြင်းစားများနှင့်သာ အသက်ဆက်နေရသည်သာ ဖြစ်ပြီး ကမ္ဘာ တစ်ဝန်းတွင်လည်း ကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေသည့် ကြားမှ ပိုးကူးစက်နှုန်းများ တစ်နှစ်ထက်တစ်နှစ် များပြား လာနေရာ ယခုတွေ့ရှိချက်မှ ဆေးဝါးတစ်စုံတစ်ရာ ရရှိခဲ့လျှင်တော့ အထက်ပါ အရေအတွက် နှုန်းထားများကို သေချာပေါက် လျှော့ချနိုင်မည် ဖြစ်ပါသည်။
HIV ပိုးသည် တည်ဆောက်ပုံအားဖြင့် လူသား၏ ခုခံအားစနစ်မှ တိုက်ထုတ်ရန် မှတ်သားနိုင်ခြင်းစွမ်း လုံးဝ မရှိသော သကြားဓာတ်ဖြင့် ဖုံးအုပ် ကာကွယ်ထားသည့် ဆူးချွန်လေးများ ရှိပြီး သူ၏ မျိုးရိုးဗီဇကိုလည်း အချိန်နှင့်အမျှ ပြောင်းလဲပစ်နိုင်စွမ်း ရှိသလို ခုခံအားစနစ်ကိုလည်း ထိရောက်စွာ ဖျက်ဆီးပစ်နိုင်စွမ်း ရှိခြင်းတို့ကြောင့် ၄င်းကို သတ်ရန် ထွင်လိုက်သမျှ ဆေးများ၏ ပစ်မှတ်ကို လွဲချော်စေခဲ့သည်။
ထိုအကြောင်း အချက်များကြောင့် ၄င်းပိုးအတွက် ကာကွယ်ဆေး ဖော်စပ်နိုင်ရန်မှာ လုံးဝနီးပါး မဖြစ်နိုင်ဟု ပညာရှင်အများစုက ထင်မြင် ယူဆခဲ့ကြသည်။ ပြီးခဲ့သော စက်တင်ဘာ လ က ထိုင်းနိုင်ငံ အခြေစိုက် ကျန်းမာရေး သုတေသနအဖွဲ့ တစ်ခု၏ HIV ပိုး ကူးစက်မှုကို ၃၀% အထိ တားဆီးနိုင်သည့် ဆေးဝါး ပေါ်ထွက်လာသည်ဆိုသော သတင်းကို ကမ္ဘာတစ်ဝန်းလ ကြားသိခဲ့ရသော်လည်း တကယ့်တကယ်တော့ သိပ္ပံနည်းကျ စာရင်းဇယားတကျ အစွမ်းမထက်ပါဟု ခွဲခြမ်းစိတ်ဖြာ လေ့လာချက်များအရ တွေ့ရှိခဲ့ရသည်။
ယခု ပဋိဇီဝ ဆေးကို တွေ့ရှိရခြင်းမှာ HIV ပိုး၏ ဗီဇမျိုးစိတ် တည်ဆောက်ပုံသည် မည်မျှပင် အချိန်နှင့်အမျှ ပြောင်းလဲနေစေကာမူ လုံးဝ မပြောင်းလဲဘဲ ကျန်နေတတ်သော အစိတ်အပိုင်းများကို ဗြိတိန် သုတေသီများက တွေ့ရှိခဲ့ရာမှ အဆိုပါ မပြောင်းလဲသော ဗီဇမျိုးစိတ် အပိုင်းများကို တိုက်ခိုက်ရန်
စွမ်းရည်မြင့် ပဋိဇီဝပစ္စည်းကိုပါ ထပ်မံ တွေ့ရှိခဲ့ခြင်း ဖြစ်ပါသည်။
ထိုစွမ်းရည်မြင့် ပဋိဇီဝ ပစ္စည်းများ၏ ပိုးကို တိုက်ခိုက်ပုံသည် ခုခံအားစနစ် ခေါင်းဆောင် CD4 ဆဲလ်များ၏ တိုက်ခိုက်ပုံနှင့် တစ်စိတ် တစ်ပိုင်းအားဖြင့် တူညီမှု ရှိပြီး အစွမ်းထက်မြက်မှု ရှိလှကြောင်း သုတေသီများက ပြောကြားကြသည်။ အဆိုပါ ပဋိဇီဝ ပစ္စည်းများသည် ဗိုင်းရပ်(စ်)၏ မပြောင်းလဲနိုင်သော မျိုးရိုးဗီဇ အပိုင်းများကို တွယ်ကပ် တိုက်ခိုက်နိုင်ပြီး များပြားလှစွာသော ဗီဇမျိုးကွဲများကို သုတ်သင် ဖယ်ရှားနိုင်ကြောင်း လေ့လာမှုကို ဦးဆောင်ခဲ့သူ သုတေသီများထဲမှ တစ်ဦးဖြစ်သော ဒေါက်တာဂျွန်မက်(စ်)ကိုလာက ယခုလ ၉ ရက်နေ့က ရှင်းလင်းပြောဆို သွားခဲ့သည်။
၎င်းတို့အဖွဲ့သည် အခြားစမ်းသပ်မှု တစ်ခု အနေဖြင့်လည်း အဆိုပါ ပဋိဇီဝပစ္စည်းက HIV ဗိုင်းရပ်(စ်) ကို တွယ်ကပ် သတ်ဖြတ် နိုင်ပုံကို x-ray crystallography ခေါ် အိတ်(စ်) ရောင်ခြည်သုံး ပုံဖော်စက်ဖြင့် အနုမြူ အရွယ်အစား အထိ ရှုမြင် လေ့လာနိုင်ကြပြီး အဆိုပါ တွေ့ရှိချက် အမျိုးမျိုးတို့သည် HIV နှင့် တကွ ကူးစက်ရောဂါများ တိုက်ဖျက်ရေး ဆေးပညာအတွက် ပညာအလင်း မွေးဖွားခြင်း (Renaissance) တစ်ခု ဖြစ်ခဲ့ပြီဟု ဆိုနိုင်ခဲ့ပြီ ဖြစ်ပါသည်။
Ref – mutdfam.com
Thursday, July 15, 2010
Kyawkyawthet - HIV ကာကွယ် ကုသဆေးဆိုတာ နောက်ဆုံးတော့ တကယ်ပေါ်လာခဲ့ပါပြီ




