နမီးဘီးယားဆိုတာက
လူဦးရေ တစ်သန်းခွဲ သာသာတာရှိတဲ့၊ ကမ္ဘာမှာ လူဦးရေ အနည်းဆုံး၊ သက်တမ်း အားဖြင့်လည်း
အငယ်ဆုံးနိုင်ငံထဲက တစ်ခုပါ၊ ဒါပေမဲ့ သူ့မှာ ထူးခြားတာလေးတွေ ရှိပါတယ်၊ ဥပမာ ပညာရေးနဲ့
ကျန်းမာရေးတွက် ဘတ်ဂျက် အသုံးစရိတ်မှာ အတော့်ကို မြင့်မားတာမို့ ကမ္ဘာမှာ ထိပ်တန်း တစ်ဆယ်
(Top 10) စာရင်းဝင်ပါတယ်၊ ဒါကြောင့်မို့ ဒီမှာ အခမဲ့ ပညာရေး၊ အခမဲ့ ဆေးကုသရေး ဆိုတာ
တွေဟာ အပြောသက်သက် မဟုတ်ပါဘူး၊ ကြိုးစားချင်တဲ့ သူတွေ ထူးချွန်တဲ့သူတွေဖို့ အစိုးရရဲ့
အထောက်ပံ့ကို ကောင်းကောင်း ရကြပါတယ်၊ ဒီနိုင်ငံက တက္ကသိုလ်မှာပဲ ဆက်တက်မလား၊ အနောက်နိုင်ငံက
တက္ကသိုလ်တခုခုမှာပဲ ဆက်တက်ချင်လား အခွင့်အရေး အတော် ကောင်းကြပါတယ်၊ အစိုးရ အလုပ်တစ်ဖက်နဲ့ပဲ
နိုင်ငံခြားကို ရေတို ရေရှည် သင်တန်းတွေ သွားသွားတက်ကြတဲ့ လူတွေကို မြင်မြင်နေရတာ အားကျစရာပါ။
ကျန်းမာရေး
တွက်ဆိုရင်လည်း တောကြို အုံကြား ဇနပုတ် ကျေးရွာလေးက လူနာတစ်ယောက်အဖို့ မြို့ပေါ်တက်
ဆေးကုရမလား၊ မြို့တော်မှာပဲ ဆေးရုံ သွားတက်ရမလား နိုင်ငံတော် စရိတ်နဲ့ အားလုံး အခမဲ့
ရနိုင်ပါတယ်၊ ဒီနိုင်ငံမှာ မကုသနိုင်တဲ့ ရောဂါမျိုးဆိုရင်လည်း တောင်အာဖရိက နိုင်ငံထိ
ပို့ပေးပါတယ်။ ဥပမာ နှလုံးရောဂါ ခွဲစိတ်ကုသမှုမျိုးလို အစားမျိုးပေါ့၊ ကျွန်တော်တို့
ဆေးရုံကြီးနဲ့ မြို့နယ် ဆေးရုံလေးတွေ အကြား၊ ကျွန်တော်တို့
ဆေးရုံနဲ့ မြို့တော်ဝင်း ဟုတ်ဆေး ရုံကြီးအကြား မှာ လူနာတွေကို အခမဲ့ပို့ ဆောင်ပေးနေတဲ့
ဘတ်စကားကြီးတွေ သူ့ရက်နဲ့ သူအချိန် မှန်မှန်ရှိပါတယ၊် ဆေးဖိုးဝါးခ စရိတ် သယ်ယူပို့ဆောင်ရေး
စရိတ်တွက် လူနာရဲ့ အိတ်ထဲမှ တစ်ပြားမှ ထုတ်စရာမလိုပါ၊ အတော့်ကို အားကျ စရာ ကောင်းပါတယ်။
ဒါပေမဲ့
ဒီလိုပဲ Top 10 မှာဝင်နေပြီး အားကျစရာ မကောင်းဆုံး တခုကတော့ HIV ရောဂါ အဖြစ်နှုန်းမှာလည်း
ထိပ်တန်း ၁ဝ မှာ ရှေ့နားလောက် မှာရှိနေတာပါပဲ၊ သူ့ထက်သာတာက ဆွာဇီလန်တို.၊ ဘော.စဝါးနားတို.၊
ယူဂန်ဒါတို့ တန်ဇန်းနီးယား တို့လောက်ပဲ ကျန်တော့မယ် ထင်ပါတယ်၊ ဒီရောဂါ ပိုးရှိတဲ့ လူတွေဟာ
လေးယောက်မှာ တစ်ယောက်နှုန်းမို့ ဒီနိုင်ငံမှာ HIV က နံပါတ်တစ် လူသတ်တရားခံပါ၊ သိပြီးတဲ့
အတိုင်းပါပဲ ဒီပိုးဝင်လို့ ကတော့ အနှေးနဲ့
အမြန် တမလွန် ဘဝကူးရဖို့ သေချာနေပါပြီ၊ ဒီအတွက် ကတော့ နိုင်ငံတော်ရဲ့ စရိတ်ပင် စောင့်ရန်
မလိုပါ။
HIV
ရောဂါရယ်လို့ အမေရိကန်မှာ စတင်တွေ့ ရှိခဲ့တာ ခုဆိုအနှစ် (၂ဝ) နီးနီးရှိသွားပါပြီ ကာကွယ်
ဆေး ကုသဆေး မတွေ့ သေးတာမို့ (တွေ့တဲ့ ကုသဆေးကလည်း မီလျံနာတွေမှသာ တတ်နိုင်တာမို့) ခုဆိုရင်
ဒီရောဂါနဲ့ လွတ်ကင်းတဲ့ နိုင်ငံရယ်လို့ မရှိ တော့ပါဘူး၊ ကမ္ဘာနာ ဖြစ်နေပါပြီ၊ ကာကွယ်ရေး
အတွက် အနေထိုင်ဆင်ခြင်ဖို့ ပညာပေး အစီစဉ်တစ်ခုထဲ သာရှိတာမို့ ပညာ ဗဟုသုတ အရာမှာ အစစအရာရာသာတဲ့
အနောက်နိုင်ငံတွေ မှာတော့ ကျွန်တော်တို့အာရှ အာဖရိက နိုင်ငံတွေထက် လိင်ကြောင့် ဒီရောဂါ
ကူးစက်နှုန်းကို ထိန်းထိန်းသိမ်းသိမ်း လုပ်လာနိုင်ပြီလို့ ဆိုပါတယ်။
ဒါပေမယ့်
လူ့စိတ်ဆိုတာက အခက်သားလား၊ ဒီတိုးတက်ပါတယ်ဆိုတဲ့ အနောက်နိုင်ငံ တွေထဲက လူတွေပါပဲ မိမိရဲ့
ချစ်သူမှာ ဒီရောဂါပိုး ရှိမှန်းသိသိကြီးနဲ့ လက်ထပ်ကြတဲ့ စုံတွဲတွေအကြောင်း ဓါတ်ပုံတွေ
ဝေဝေဆာဆာနဲ့ မဂ္ဂဇင်း တစ်စောင်မှာ ဖတ်လိုက်ရတော့ ကျွန်တော် အတော့ကို ဖျားသွားမိပါတယ်၊
တို့ရဲ့အချစ်က စွမ်းအားကြီးတယ်၊ အရာရာကို ဖြတ်ကျော်နိုင်တယ်၊ သေမင်းကို မမူဘူး ဆိုတဲ့
အဲ့ဒီလူတွေကို အချစ်သူရဲကောင်း ကြီးတွေလို့ ပဲခေါ်ရမလား၊ မိုက်တွင်းနက် လွန်းတဲ့လူတွေ
လို့ပဲ ကင်ပွန်းတတ် ရမလားပဲ။ လူဆိုတာ မိမိရဲ့အသက်ထက် ဘယ်အရာကိုမှ ပိုပြီး တန်ဖိုး ထားနိုင်တာ
မဟုတ်တာမို့ ယုံရမှာပင်ခပ်ခက်ခက်၊ ဒါပေမဲ့ ပေါ(လ်) Paul ဆိုတဲ့ ဗြိတိသျှ အမျိုးသား
တစ်ယောက်ရဲ့ ဇာတ်လမ်းလေး တစ်ပုဒ် ဒီမှာဟိုးလေးတကျော် ဖြစ်သွားတာ ကိုယ်တွေ့ ကြုံလိုက်ရတော့
အတော်လေး တရားကျ သွားမိပါတယ်။ (လောကကြီးမှာ အားလုံး ဖြစ်နိုင်တာချည်း ပါပဲလားလို့)
Paul
ဆိုတာက ၁၉၉၄ ခုနှစ်က ကျွန်တော် UNV ဆရာဝန် အနေနဲ့ ဒီကို ရောက်လာပြီးနောက် မရှေးမနှောင်း
ရောက်လာတဲ့ ယူကေနိုင်ငံသား ဆေးဘက်အင်ဂျင်နီယာ Clinical Engineer (VSO Volunteer
Service Over Sea) အဖွဲ့စည်းမှနေ ဗော်လန်တီယာ တစ်ယောက် အနေနဲ့ လာတာပါ၊ သူ့တာဝန်က ဒီဆေးရုံကြီးမှာ
ရှိသမျှ လျှပ်စစ်ပိုင်းဆိုင်ရာ ကိရိယာတွေ၊ အီလက်ထရောနစ် စနစ်တွေကို ပြုပြင် ထိန်းသိမ်းရတာပါ၊
ကျွန်တော်တို့ ဆေးရုံ ဆိုတာကလည်း လုပ်ငန်း နေရာ အတော်များများမှာ အီလက်ထရောနစ် စနစ်၊
ကွန်ပျူတာစံနစ် တွေနဲ့ ထိန်းချုပ်ထားတာမို့ သူ့ရဲ့ အခန်းကဏ္ဍ မည်မျှ အရေးပါမယ် သိသာနိုင်ပါတယ်၊
ကျွန်တော် တို့ရဲ့ ခွဲခန်းက မေ့ဆေးစက်တွေ လူနာရဲ့ အခြေနေကို ပြတဲ့မီတာတွေ မော်နီတာတွေ
လေအေးစက်တွေ အားလုံးက ကွန်ပျူတာတွေနဲ့ချည်းမို့ သူနဲ့ ကင်းလို့ မရပါဘူး။
ဒါကြောင့်လည်း
သူနဲ့ လူချင်းလည်း ခင်နေကြပါတယ်၊ ယုတ်စွအဆုံး ဆေးရုံက မြက်ခင်းပြင်တွေ ရေဖြန်းတဲ့ကိစ္စမှာပင်
(ဒီမှာ ရေရှားလို့ ရေကိုချွေတာတဲ့ အနေနဲ့) မြေရဲ့ အစိုဓါတ် အနည်းအများအလိုက် ရေပန်းတွေကို
ကွန်ပျူတာ နဲ့ ထိန်းပြီး အလိုအလျောက် အဖွင့်အပိတ် လုပ်ပေးထားတာမို့ ပေါလ်တစ်ယောက်သာ
မရှိရင် ဆေးရုံက မြက်ခင်းတွေပင် မစိမ်းစိုနိုင်ဘူးလို့ ဆိုနိုင်ပါတယ်၊ ဒါပေမဲ့ ဝမ်းနဲစရာအတော်
ကောင်းတာကတော့ သူ့ရဲ့ ဘဝ ဇာတ်ကြောင်းကတော့ သူ့ရဲ့ မြက်ခင်းတွေလို မစိမ်းစို သွားခဲ့ပါဘူး။
၁၉၉၅
နှစ်ဦးပိုင်းလောက်မှာ ပေါလ်တစ်ယောက် လူမည်း အမျိုးသမီးတစ်ယောက်နဲ့ စတွဲနေတာ ကျွန်တော်တို့
သတိပြုမိ ခဲ့ကြပါတယ်၊ အဲဒီအမျိုးသမီးက ညကလပ်တစ်ခုမှာ စားပွဲထိုး လုပ်နေရာမှ သူနဲ့ ဆုံစည်းမိကြတာ
ဖြစ်ပါလိမ့်မယ်။ အဲဒီအချိန်တုန်းက ကျွန်တော်ကလည်း ဂျာမန် ဆေးကျောင်းသားတွေနဲ့ ဒီက ညကလပ်တွေ
အတော်လေးစုံအောင် ရောက်ဖူး နေတာမို့ (ဒါကလဲ ဗဟုသုတ အဖြစ်ပါ) ပေါလ်တို့ စုံတွဲကို မမြင်ချင်မှအဆုံးပါ၊
နမီးဘီးယား ဆိုတာက ဧည့်သည် နိုင်ငံခြားသား ပေါင်းစုံရှိတာမို့ ခုလိုဆုံတုန်းတွဲကြ ပျော်ကြပါးကြ၊
ပြီးအချိန် တန်တော့ လမ်းခွဲ သွားကြတာ ပါပဲ၊ ဒါမျိုးမဆန်းပါဘူး။
ဒါပေမဲ့ ဆန်းတာကတော့
ပေါလ်တစ်ယောက် မကြာမီ သူမနဲ့ လက်ထပ်တော့မယ် ဆိုတဲ့ သတင်းပါပဲ၊ သူကိုယ်တိုင် ကျွန်တော်တို့ကို
ဖွင့်ပြောလို့ သိရတာပါ၊ ဒီသတင်းနဲ့ မရှေး မနှောင်းမှာပါပဲ သူမမှာ HIV positive ဖြစ်နေတယ်၊”
HiV ပိုးရှိနေတယ် ဆိုတာနဲ့၊ သူက ဒါကိုပဲ သိသိကြီးနဲ့ လက်ထပ် ယူမယ်ဆိုတဲ့ သတင်းတွေပါပဲ။
ကြားရတဲ့ သူတိုင်းက ဟင်ကနဲ ဟာကနဲ ဖြစ်ကုန်ကြတယ်၊ သူ့တွက် နှမြောမိကြတာပါ၊ အသားရောင်
မတူတာ အဆင့်တန်း မတူတာတွေ ထားတော့။ ဒါတွေက ဂုဏ်ပကာသနတွေလို့ ပြောနိုင်ပါတယ်၊ ဒါပေမဲ့၊
ဒီလိုမိမိရဲ့ အသက်ကို နှုတ်ယူသွားမဲ့ ရောဂါကြီးကိုတော့ ဘယ်လိုလုပ် ခွင့်လွှတ် နိုင်မှာလဲ၊
သူကလဲ သူငယ်နှပ်စား မဟုတ် ဗဟုသုတ ခေါင်းပါးသူလဲမဟုတ်၊ သူကိုယ်တိုင်ကိုက ဘုရားသခင်က
သူ့ကို နောက်ထပ်ငါးနှစ်နေခွင့် ပေးရင်ကိုကျေနပ်ပါပြီ သေပျော်ပါပြီ ဆိုနေမှတော့ ဘေးက
လူတွေက ဘာတတ်နိုင်မှာလဲ။
ကြုံကြိုက်လို့
ဗဟုသုတအဖြစ် ပြောရရင် ဒီနိုင်ငံမှာ လိင်မှုကိစ္စ လွတ်လပ်လွန်း ပါတယ်၊ ဒါကြောင့် မို့လဲ
HIV ပြဿနာ၊ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင် ပြဿနာတွေက မသေးလှပါ၊ အတည်ယူတာ လဲမဟုတ်၊ မယူပဲ
အတူနေတဲ့ living together လဲမဟုတ် ဘယ်လို ပြောရမလဲ၊ “ဆန်ဆုံရင်စား ကံကုန်ရင်သွား” ကြတာမို့
ခလေးအဖေ လူပျိုတွေ ခလေးအမေ အပျိုတွေ တပုံကြီးပါ၊ ဒါက ထမင်းစား ရေသောက်လောက် ကိစ္စပါ
ရှက်စရာလဲ မဟုတ်ပါ၊ တစ်ခါက ခွဲခန်းက ကျွန်တော့် တပည့် အမျိုးသား နာစ် တစ်ယောက် သူနာမည်က
“နံဂပ်ကူ“ ပါ အလုပ်လဲမလာ ခွင့်တင်တာလဲ မတွေ့လို့ နောက်နေ့တော. မေးကြည့် မိပါတယ်၊ ဘာများ
အရေးပေါ်ဖြစ်လို့ လဲပေါ့၊ သူကအေးအေး ဆေးဆေး ပါပဲ၊ သူ့ရဲ့ အရင်ချစ်သူဟောင်းက ခုလအတွက်
ကလေးစရိတ် မထောက်လို့ ရဲတိုင်တာနဲ့ မနေ့က သူအချုပ်ထဲ ရောက်သွားလို့ ပါတဲ့။
သူကလဲ ခုလကျမှ
အလုပ်များလို့ မေ့သွားတာပါတဲ့၊ သူ့အဖြေကြားရတော့ ကျွန်တော် အတော့ကို ဖျားသွားမိပါတယ်၊
ဘာလို့ ဆိုတော့ ကျွန်တော့် အမြင်မှာ ဒီလူ့ကို ခွဲခန်းမှာ အရိုးသားဆုံး အလုပ်ကို အကြိုးစားဆုံးလို့
မြင်ထားတာကိုး၊ ဒါနဲ့ ကျွန်တော်ကပဲ ဆက်မေးမိပါတယ်၊ “မင်းက သူ့ကိုချစ်ခဲ့ မိတယ်၊ ကလေးလည်း
ရနေပြီပဲ” လက်ထပ်ဖို့တော့ ဘာလို့ မစဉ်းစားတာလဲလို့ ဆိုတော့၊ “တာတေစိုးရယ် လောကမှာ နွားနို့တွေ
အလကား ရနေမှတော့ ဘာလို့ဒုက္ခခံပြီး နွားတစ်ကောင် ဝယ်ထားဖို့ လိုမှာလဲ ” တဲ့၊ ကျွန်တော်ပိုလို့
ဖျားသွား မိပါတယ်။ ဒါကြောင့် မို့လည်း ဒီကတီဗွီမှာ အဖေတွေ မိမိရဲ့ သားသမီးတွေပေါ် တာဝန်ကျေပါ
ဆိုတဲ့ ပညာပေး ရုပ်ပြ ဇာတ်လမ်းတို လေးတွေ မကြာမကြာ ပြပေးနေတာအဓိပ္ပါယ် အတော် ရှိပါလားလို့
သဘောပေါက် လိုက်မိပါတယ်။ ဒီမှာက ကိုလူပျိုတွေ ခလေးရလာပြီးရင် ကိုယ်ချစ်ခဲ့တဲ့ သူကို
လှည့်မကြည့် ကြတော့တာ များလွန်းလို့ပါ။ ကျွန်တော်တို့ ဆေးရုံက သူတို့ လူမျိုး ဆရာဝန်
တစ်ယောက်ဆို တရားဝင်ဇနီး သာတစ်ယောက်မှ မရှိတာ သူ့မှာ သားသမီးစုစုပေါင်း ၁၆ ယောက်ရှိ
ပါတယ်တဲ့၊ အံ့ရောပဲ။
ဒါတွေကို
ရေးပြရတာက ဒီလိုပတ်ဝန်းကျဉ်မျိုးမှာ ပေါလ်က သူ့ချစ်သူကို ၁၉၉၆ မှာ သားမှတ် မှတ် မယားမှတ်မှတ်
တင့်တင့်တယ်တယ် လက်ထပ်ယူခဲ့တာမို့ တော်ရုံ မေတ္တာမျိုးထက် အဆပေါင်း ထောင်သောင်းမက သာတယ်လို့
ပြောချင်လို့ပါ၊ သူတို့လက်ထပ်ပြီး နောက်ပိုင်းမှာလည်း သူ့ဇနီးကို သူအတော် တန်ဘိုးထား
မြတ်နိုး ခဲ့ပါတယ်၊ ဗြိတိန်ထိ ဆွေပြ မျိုးပြ ခေါ်သွားခဲ့ပါတယ၊် ပေါလ် အမေ ကိုယ်တိုင်လည်း
ဒီနိုင်ငံထိ လိုက်လာပြီး သူမရဲ့ချွေးမနဲ့ အတူ လအတန် ကြာအောင် နေသွားခဲ့ ပါသေးတယ်။ သူတို့ရဲ့
မင်္ဂလာပွဲ မည်မျှ ခန်းနားခဲ့တယ်တော့ မရောက်ခဲ့လို့ ကျွန်တော်မသိပါ။ ဒါပေမဲ့ သူ့ဇနီးရဲ့
မွေးနေ့ ပါတီပွဲကိုတော့ ၁၉၉၇ မှာ တက်ခဲ့ ဘူးပါတယ်။ အတော်လေး ငွေကုန် ကြေးကျခံပြီး တင့်တင့်
တယ်တယ်လေး လုပ်ပေးခဲ့တာမို့ သူ့ဇနီးပေါ် သူမည်မျှ တန်ဘိုးထား မြတ်နှိုး တယ်ဆိုတာ သိသာလိုက်ပါတယ်။
ဒါပေမဲ့
ကံကြမ္မာက သူတို့ပေါ် မျက်နှာသာ မပေးခဲ့ပါ။ (ကံဆိုတာထက် ကံယုံပြီး ဆူးပုံနင်းခဲ့တာ ဆိုရင်
ပိုမှန်ပါလိမယ်) သူထင်ခဲ့သလို ဆုတောင်းခဲ့ သလို ဘုရားသခင်က သူမကို ၅ နှစ်နေခွင့် မပေးခဲ့ပါ၊
သူတို့ ၂ နှစ်ပဲ ပေါင်းလိုက်ရပါတယ်၊ ၁၉၉၈ နှစ်အတွင်းမှာပဲ သူမ HIV အခံနဲ့ တရှောင်ရှောင်
ဖြစ်ပြီး နှစ်ကုန်လောက်မှာ ဆုံးသွားရှာပါတယ်။ ဇာတ်လမ်းက ဒီတင်မဆုံး သေးပါ၊ ချစ်ဇနီး
ကျောခိုင်းသွားတဲ့နောက် ပေါလ် တစ်ယောက် နဂိုပုံမှန် မဟုတ်တော့ပါ၊ လူတွေကို အတွေ့မခံပဲ
ရှောင်နေ တတ်သလို တစ်ခါတစ်ခါ ၂ ရက်၊ ၃ရက်၊ အခန်းထဲက မထွက်ပဲ အောင်းနေတတ် ပါတယ်၊ ဖီးလိမ်း
ပြင်ဆင်မှုလဲ လုံးဝမရှိ မုတ်ဆိတ် မရိတ် ခေါင်းမညှပ်ပဲ အမွှေးစုတ်ဖွားနဲ့ ခပ်လှမ်းလှမ်းကပဲ
မကြာမကြာ လှမ်းတွေ့ ရတတ်ပါတယ်။ ကျွန်တော်တို့အဖို့ ဘေးမှနေ မြင်နေရတာကိုပဲ အတော် စိတ်ဆင်းရဲ
ရပါတယ်၊ ဒီထက်ပိုပြီး ဘာတတ် နိုင်မှာလဲ သူ့ဇာတ်လမ်း သူရွေးက ခဲ့တာပဲ မဟုတ်ပါလား။
မကြာပါဘူး
ချစ်သူမရှိ တော့တဲ့ အရပ်မှာ သူမနေလိုတော့ပြီ ဆိုပြီး မြို့တော်ဝင်း ဟုတ် Windhoek ဆေးရုံကြီး
ကို တောင်းပြောင်း သွားပါတယ်၊ ကျွန်တော်တို့လည်း ဟိုမှာ သူ့စိတ် သူဖြေသိမ့် နိုင်ပါစေလို့
ဆုတောင်း ပေးခဲ့ပါတယ်။ ဒါပေမယ့် ပေါလ်တစ်ယောက်ဝင်း ဟုတ်မှာပဲ သူ့ကိုယ်သူ သတ်သေ သွားပြီ
ဆိုတဲ့ သတင်းဆိုးကြီးကို ၁၉၉၉ မတ် မှာ နောက်ဆုံးကြား လိုက်ရပါတယ်၊ ချစ်သူကို တကယ်ပဲ
အသက်ပေးပြီး ချစ်သွားတာလား။ ဒါမှမဟုတ် သူကိုယ်တိုင်မှာပဲ HIV ပိုး ဝင်နေပြီ ဆိုတာ သိလို့ပဲ
အဆုံးစီရင် သွားတာလား၊ ဒါတွေကို အဖြေပေး နိုင်တဲ့သူက ။
စိုးမြင့် မေ့ဆေး
Sunday, November 15, 2009
(ခေတ္တ
အိုရှာခါတီ။ နမီးဘီးယား )
(၁၉၉၉
စက်တင်ဘာလထုတ် မဟေသီမှ)
(စာကြွင်း)
နံဂတ်ကူ လဲ HIV နဲ့ပဲ ၂၀၀၀ ခုနှစ်လောက်မှာ ဆုံးသွား ရှာပါပြီ။
အာဖရိကရောက် မြန်မာတစ်ယောက်(စိုးမြင့်
(မေ့ဆေး)) - HIV ကိုမှသွားစိန်ခေါ်မိတဲ့ အချစ်ကြီးသမား




