ကျမနာမည် သီရိမာ ပါ။ အသက် ၃၇ နှစ် ရှိပြီ။ ကျမဟာ HIV ပိုးနဲ့ ဆက်လက် အသက်ရှင်သန်နေသူ တစ်ယောက် ဖြစ်ပါတယ်။ ကျမ ဒီပိုးကို စတွေ့တာ ၂၀၀၇ ခု၊ ၁ လပိုင်းတုန်းကပါ။ သွေးအဖြေကို ဆရာဝန် ဦးအောင်သန်း ဆီက ရခဲ့တဲ့ အချိန်ကဆိုရင် ကျမရဲ့ ရင်ထဲမှာ တလောကလုံးကို ရန်သူ တစ်ယောက်လို မြင်ခဲ့ပါတယ်။ ၀မ်းနည်းစိတ်၊ ကြောက်လန့်တဲ့စိတ်၊ အစိုးမရတဲ့ ဒေါသတွေနဲ့ ဆောက်တည် ရာမရဖြစ်ပြီး မိသားစုနဲ့လဲ အဆင်မပြေ ဖြစ်ခဲ့ရပါတယ်။
ကိုယ့်ရဲ့ လိင်ဆက်ဆံဘက်ကိုလဲ သတ်ပစ်ချင်လောက်အောင် မုန်းတီးပေမဲ့ ကျမရဲ့ဘ၀က အဲဒီလို လုပ်ပိုင်ခွင့် မရခဲ့ပါဘူး။ ကျမရဲ့ သားနဲ့သမီးရဲ့ မျက်နှာကိုကြည့်ပြီး ကိုယ့်ကိုယ်ကို သတ်သေမဲ့ အစီ အစဉ်လဲ ပျက်ခဲ့ ရပါတယ်။ ဒီပိုး ငါ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေမှတော့ သေမှာဘဲ ဆိုတဲ့ ၀မ်းနည်းကြေ ကွဲမျက်ရည်ကျခဲ့ရတဲ့ ရက်တွေ တွက်ကြည့်မယ်ဆိုရင် မိန်းမတွေထဲမှာ ကျမလောက် မျက်ရည်ပေါသူ ရှိမယ်တောင် မထင်ပါဘူး။
ကျမရင်ထဲမှာ တယောက်ယောက်ကို ရင်ဖွင့်ချင်နေတယ်။ မိသားစုကိုတော့ ပြောမပြချင်ဘူး။ ကျမမှာ အိမ်သားကလဲဆုံးတာ ၅ နှစ်လောက် ရှိပြီဆိုတော့ ကျမ ဒီစကားတွေကို ရင်ဖွင့်နိုင်မဲ့သူ၊ ကျမရဲ့ မိတ်ဆွေ အပေါင်းအသင်းတွေ ထဲက ကျမကို နားလည်နိုင်မယ်ထင်တဲ့ “အောင်” ဆိုတဲ့ လူတစ်ယောက် ကို ဖွင့်ပြောခဲ့မိတယ်။ ကျမငိုတာမြင်တော့ “အောင်” ကဘာပြောတယ်ထင်လဲ၊ “မငိုပါနဲ့ဟာ၊ ခုဆိုရင် နင့်မှာ ဒီပိုးရှိတယ်ဆိုတာ ငါတစ်ယောက်ဘဲ သိတာ၊ နင့်ကို ဘယ်သူကမှ မသိ ဘူး” တဲ့။
“ငါအားပေးချင်တာက ကျန်းမာရေးကို နင် ဒီထက် ပိုဂရုစိုက်၊ ဒီရုပ် ဒီခန္ဓာကို ဆက်ပြီး ဒီတိုင်းဖြစ် နေဖို့က နင် စိတ်ချမ်းသာ ပျော်ရွှင်နေမှ ဖြစ်မှာ” တဲ့။ “နင် ဘာလုပ်ချင်လဲ၊ ဘာဖြစ်ချင်လဲ၊ နင့်ရဲ့မျက်နှာ ပြုံးရီပြီး လှပနေမယ်ဆိုရင် ငါ ဘာကူညီရမလဲ၊ ငါ တတ်နိုင်တာ ကူညီမယ်၊ နင်ငိုပြီး စိတ်ဓာတ်ကျရင် ငါလဲ စိတ်မချမ်းသာဘူး” တဲ့။
ကျမကို အမျိုးမျိုး အားပေးခဲ့တယ်။ ကျမလဲ ခဏစဉ်းစားပြီး အငိုတိတ်ခဲ့ရတယ်။ “အောင်” နဲ့ စကား ပြောနေရတဲ့ အချိန်တွေ ကျမ ဒီ HIV ဆိုတာကို မေ့နေခဲ့တယ်။ သူပြန်သွားလို့ တစ်ယောက်ထဲ ရှိတဲ့ အခါ ဒါကြီးက အသိစိတ်ထဲကို ပြန်ဝင်လာပြီး စိတ်ဓာတ်ကျခဲ့ရတယ်။ ဒီလိုနဲ့ ၅ လလောက်ကြာတော့ ဆေးရုံ တက်ရလောက်အောင် ဖြစ်ခဲ့တယ်။ ဆေးရုံရောက်မှ ပညာ တတ်ပြီး လုံးဝ အသိစိတ်မရှိ အောက်တန်းကျတဲ့ အလှည့်ကျ ဆရာဝန်မတစ်ယောက်ကြောင့် ဆေးရုံ ကုတင်နားက လူတွေ အကုန်သိသွားခဲ့တယ်။
ဒီအချိန်မှာ မိသားစုလို ယူကျုံးမရတဲ့သူရှိသလို မထိမကိုင်ချင်လို့ ရှောင်ဖယ်သွားသူလဲ ရှိခဲ့ပါတယ်။ ကျမရဲ့ရင်ထဲမှာ ဒီဆရာဝန်မမျက်နှာကို မမြင်ချင်လောက်အောင် မုန်းသွားခဲ့တယ်။ အစာလဲမစား ၊ ဘယ်သူနဲ့မှလဲ စကားမပြောချင်တော့ဘူး။ အဲဒီအချိန်မှာ ကျမ မသိတဲ့ လူနှစ်ယောက် ထမင်းဘူးလေးတွေနဲ့ လာမိတ်ဆက်ခဲ့တယ်။ သူတို့လဲ ကျမလို ဘ၀တူဘဲ၊ စိတ်ဓာတ် မကျဘို့၊ အစာစားဘို့ ပြောတယ်။ သူတို့မှာလဲ ဒီပိုးရှိတာ တစ်ယောက် က ၁၀ နှစ်၊ တစ်ယောက်က ၃ နှစ်ရှိပြီး အခုထိ septrim ဆိုတဲ့ဆေးဘဲ စားနေတာတဲ့။ HIV တားဆေး ဖြစ်တဲ့ ARV တောင် မစားရသေးဘူးဆိုတော့ စိတ်ဓာတ်တွေ ပြန်ပြီးတက်လာခဲ့ပါတယ်။ သူတို့ ပို့တဲ့ ထမင်းတွေကိုလဲ စားဖြစ်ခဲ့တယ်။ သူတို့လဲ တစ်နေ့ ၁ နာရီလောက် ရင်းရင်းနှီးနှီး ရောက်တတ်ရာ ရာတွေနဲ့ အေအိုင်ဒီအက်စ်အကြောင်းတွေ ပြောဖြစ်ကြတယ်။
သူတို့ဟာ ကျမတို့မြို့မှာ PLHA ပြုစု စောင့်ရှောက်ရေးနဲ့ ဘ၀တူများ လက်တွဲပြီး အကူအညီပေးရေး အဖွဲ့က ဆိုတာသိခဲ့ရတယ်။ အဖွဲ့နာမည်က ရွှေခြင်္သေ့တဲ့။ စေတနာ့ ဝန်ထမ်းတွေက ဘ၀တူတွေကို စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်း ဆိုင်ရာမြှင့်တင်ပေးပြီး ကျန်းမာရေး အတွက် ဆေးဝါးနဲ့ အဟာရတွေကို သင့် တော် သလို ထောက်ပံ့ ပြုစုစောင့်ရှောက်ပေးတယ်လို့လဲ သိခဲ့ရပြီး ဆေးရုံမဆင်းခင် ဆရာဝန်မသိအောင် အဲဒီကို ည ၈ နာရီလောက် သွားပြီး သွားတွေ့ခဲ့မိတယ်။ အဲဒီက ဆရာဝန်က စိတ်ရှည်လက် ရှည်ရှင်းပြဆွေးနွေးပေးတယ်။
ကျမလဲ ကျန်းမာလာပြီး ၂ ရက်လောက်နေတော့ ဆေးရုံဆင်းခဲ့ရပါတယ်။ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်း ဆိုင်ရာပါ ပြောင်းလဲလာခဲ့ပါတယ်။ ပတ်ဝန်းကျင်က ကျမကို AIDS နဲ့ သေတော့မှာလို့ဘဲ သိထား ကြတယ်။ ဆေးရုံက ဆင်းလာကထဲက ကျမ အရင် ကျန်းမာရေးကောင်းတုန်းကလိုဘဲ ၀တ်စားသွား လာ၊ ဆေးတွေကိုလဲ စနစ်တကျသောက်၊ ဆရာဝန်တွေရဲ့ ညွန်ကြားမှုကိုလဲ လိုက်နာပြီး ကျမARV ဆိုတဲ့ HIV ထိန်းထားနိုင်တဲ့ ဆေးကို သောက်ခဲ့ပါတယ်။
ကျမရဲ့စိတ်မှာ ဟိုတုန်းကလို အားမငယ်တော့ဘူး၊ စိတ်ဓာတ်မကျတော့ဘူး၊ ပျော်ပျော်ဘဲ နေလိုက် တော့တယ် ။ ပတ်ဝန်းကျင်ကလဲ ကျမကို ကွယ်ရာမှာတော့ ပြောကြမှာပေါ့။ ကျမရဲ့ ရှေ့မှာတော့ မပြောခဲ့ကြပါဘူး။ အဲဒါကလဲ ကျမအကြောင်းကို သတ္တိရှိရှိ ရင်ဆိုင်ဖွင့်ဟပြောခဲ့လို့ဘဲ။ ပြီးတော့ ကိုယ် က ပညာပေးအဖွဲ့တွေ၊ ဘ၀တူတွေနဲ့ လက်တွဲလိုက်တော့ HIV နဲ့ AIDS အကြောင်း ဘယ်လိုနား လည်အောင် ရှင်းလင်းပြရမယ် ဆိုတာလဲ သိလာတယ်၊ ရဲရဲရင့်ရင့် ရင်ဆိုင်ပြောရဲတဲ့ သတ္တိလဲရှိလာ တာရယ်ကြောင့်ပါ။
တချို့ဆိုရင် ကျမမှာ ဒီပိုးရှိတာ မယုံကြဘူး။ ကျမကလဲ ကျန်းမာရေးကို ဂရုစိုက်တယ်။ ဘ၀တူတွေကို လဲ တတ်နိုင်တဲ့ဘက်က ကူညီလုပ်ကိုင်ပေးတယ်။ သင်တန်းတွေကလဲ ခဏခဏ တက်နေရတော့ တချို့လူတွေက ကျမကို တမျိုးအထင်ကြီးလာကြတယ်။ သီရိမာ နင်က ဘာသင်တန်းတွေ တက်ရတာလဲ၊ လစာရော ရလားတောင် လာမေးခံခဲ့ရပါတယ်။ ကျမကလဲ ရဲရဲဘဲ ဖွင့်ပြောပြခဲ့သလို ကြုံရင် ကြုံသလိုဘဲ HIV ဘယ်လို ကူးနိုင် မကူးနိုင်၊ သားဆက် ခြားနည်းတွေ အမျိုးမျိုးရှင်းပြခဲ့လို့ ပတ်ဝန်းကျင်နဲ့ ကျမ အတော်အဆင်ပြေ နေပါတယ်။ ခွဲခြားနှိမ့်ချ ဆက်ဆံမှုတွေ သိပ်ခံစားရလောက်အောင်တော့ မကြုံရပါဘူး၊တွေ့ခဲ့ကြုံခဲ့ရရင်လဲ ကျမက လူတွေကို အကဲခတ်ပြီး ဝေ့၀ိုက်ပြောတတ်တယ်။ ပြောလို့မရတဲ့ သူဆိုရင် “နင်တို့ ဒီလောက်တောင် ဖြစ်နေရင် ငါ့လို သွေးစစ်ရဲလား” မေးတယ်။ သူတို့ မစစ်ရဲကြဘူး၊ ဘာ့လို့လဲဆိုတော့ “မစစ်ချင်လို့” တဲ့။
“ရှင်းရှင်းလေးပါ၊ မစစ်ရဲတာ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိသူတွေမို့ပေါ့၊ နောင်ကို သူများရဲ့ အားနည်း ချက်ကို ဖွင့်ဟ မဝေဖန်သင့်ဘူးဆိုတာ သိပြီ မဟုတ်လား” လို့ ရှင်းပြပေးနိုင်ခဲ့တယ်။ ပတ်ဝန်းကျင်နဲ့ မိသားစုတွေဟာ ဆက်ဆံရေးပြောင်းလဲလာပြီး ကျမအပေါ်မှာ ဘာလို့ တစ်နေ့ထက် တစ်နေ့ ခွဲခြား ဆက်ဆံမှုတွေ လျော့နည်း လာရတာလဲဆိုတော့ အဓိက ကတော့ ကျန်းမာရေးဗဟုသုတကို သေချာ ရှင်းပြနိုင်ပြီး လက်ရှိ ကျမနဲ့ နှိုင်းယှဉ်ပြပြီး ပညာပေးနိုင်လို့ပါဘဲ။
လက်ရှိ ကျမရဲ့ အခြေအနေကတော့ ပိုက်ဆံကို ကျမတတ်ကျွမ်းတဲ့ နည်းနဲ့ ရှာပြီး မိသားစုနဲ့ သား သမီးတွေကို အများနည်းတူ ထားနိုင် ကျွေးနိုင်ခဲ့သလို ကျမလို ဘ၀တူမိန်းခလေးတွေကိုလဲ အစား အသောက် ငွေ အ၀တ်က အစ ကူညီပေးနိုင်ခဲ့ ပါတယ်။ ကျန်းမာရေး မကောင်းလို့ အကူအညီလိုတဲ့ ဘ၀တူတွေကို ဆေးကအစ ကူညီနိုင်ခဲ့ ပါပြီ။ ဘ၀တူတွေကလဲ ကျမကိုဆို အရမ်းခင်ကြတယ်၊ ကျေးဇူးတင်ကြောင်းလဲ ခဏ ခဏပြောခံရလို့ ဂုဏ်ယူ ရမဲ့အစား ရှက်တောင်လာ မိပါတယ်။
တကယ်တော့ PLHA တစ်ဦး ဖြစ်ခဲ့မယ်ဆိုရင် ကျမလို အဖြေသိပါပြီဆိုကထဲက တစ်ယောက်ထဲ ကျိတ်ခံစားပြီး ရှက်နေကြောက်နေစရာမလိုဘဲပွင့်ပွင့်လင်းလင်း တိုင်ပင်နိုင်တဲ့ ဆရာဝန်၊ စိတ်ကို ပြောင်းလဲပေးမဲ့ ဘ၀တူတွေ နဲ့ရင်းရင်းနှီးနှီးတွေ့ဆုံ၊ ပြီးတော့ CBO အဖွဲ့တွေနဲ့ အမြန်ဆုံးတွေ့ပြီး ကျန်းမာရေး ကူညီစောင့်ရှောက်မှုတွေ ရယူစေချင် ပါတယ်။ ကျမ ဒီလို ပြောရဲဆိုရဲ လုပ်နိုင် ငွေရှာနိုင် ခဲ့တာဟာလဲ အဲဒီ ကူညီစောင့်ရှောက်မှုတွေ အများကြီး ရယူခဲ့လို့ပါ။
လွန်ခဲ့တဲ့ ၁ နှစ် ၆ လလောက်ကဆို ကျမဟာ ပိုက်ဆံရှာတဲ့ အလုပ်လုပ်ရင်း အဖမ်း ခံခဲ့ရပါတယ်။ ထောင်ထဲမှာ ၁ လကျော်လောက် အချုပ် ခံခဲ့ရပါတယ်။ ကျမ အရမ်းစိတ်ညစ်သွားတာက ကျမသောက် နေတဲ့ ARV ဆေးဟာ ၂ ရက်စာဘဲ ကျန်တော့တာပါ။ ထောင်ထဲရောက်နေချိန် ပိုက်ဆံရှာလို့က မရ၊ မိသားစုကလဲ ကိုယ်ရှာကျွေးမှ စားရတာဆိုတော့ ဒီဆေး ၁ ဗူးက ၃၂၀၀၀၊ ဘယ်ဝယ်ပို့နိုင်မှာလဲ၊ ကျမလဲ သူတို့ကို ပြောမပြဘဲ စိတ်အရမ်း ညစ်နေခဲ့တယ်။ ဒီဆေးသာ ငါ ဆက်မသောက်ရရင် ငါ HIV ကနေ AIDS ဖြစ်ပြီး ရုပ်ပျက်ဆင်းပျက် သေရတော့မှာဘဲဆိုပြီး ကျိတ်ငိုခဲ့ရတယ်။
အဲဒီအချိန်မှာဘဲ မိသားစုထောင်ဝင်စာ လာတွေ့တော့ ဆေး ၇ ရက်စာ ပါလာခဲ့တယ်။ အဲဒီတစ်ပတ် ပြည့်ပြီး နောက်ရက်မနက် သောက်စရာဆေး မရှိတော့ဘူး ဆိုတဲ့ အသိက အဲဒီညက လုံးဝအိပ်မပျော် ခဲ့ဘူး။ ကျမ ကံကောင်းတယ် သိလား။ မနက်ကျတော့ ရွှေခြင်္သေ့က စေတနာ့ ၀န်ထမ်းတွေ ARV ဆေးတစ် ဗူးဝယ်ပြီး လာပို့ကြတယ်။ ကျမရဲ့ဝမ်းသာမှုဟာ ဘာနဲ့မှ မလဲနိုင်အောင်ပါဘဲ။ ဆေးလာပို့တဲ့ စေတနာ ၀န်ထမ်းတွေ ခမျာ ထောင်ထဲ ဆေးမသွင်းရလို့ ထောင်မှုးထောင်ပိုင်တွေကို မျက်နှာငယ်လေးတွေနဲ့ ရှင်းပြနေတာကိုလဲ ဒီတသက် မေ့နိုင်မယ် မထင်တော့ဘူး။
ဒါ့ကြောင့် ကျမတို့လို ငွေရှာတဲ့ မိန်းခလေးတွေ အချုပ်ထဲ ထောင်ထဲရောက်တော့ ဒီဆေးမသောက် နိုင်မှာကိုဘဲ အရမ်းစိတ်ဆင်းရဲရတာ။ အဲဒါကြောင့် ငွေရှာနေတဲ့ ဘ၀တူတွေကို ကိုယ့်ရဲ့အတွေ့အကြုံ တွေကို ပြောပြပြီး ကွန်ဒုံးသုံးဖို့ အမြဲသတိပေးနေမိတယ်။ အဖွဲ့က အမြဲသတိပေးတာက ပိုက်ဆံများ များရှိရင် ဆေးပိုဝယ်ထားဖို့၊ အဲလိုဝယ်ဖို့ကို အဆင်မပြေပါဘူး။ ပိုက်ဆံရှာရင်း အဖမ်းခံရလို့ ငွေကုန်ရ တာနဲ့ ကျန်းမာရေး အတွက် ငွေကုန်ရတာနဲ့ ရှာလိုက် ကုန်လိုက်ပါဘိ။ မထင်မှတ်တဲ့အဖြစ်တွေ ဆက် တိုက် ဖြစ်လာတဲ့အခါ ကျမလို ARV သောက်နေရသူအဖို့ အမြဲတမ်းလဲ စိတ်မချမ်းသာ နိုင်ခဲ့ ပါဘူး။
အဲဒီတော့ ဆေးအလကားပေးတဲ့ အဖွဲ့တွေကို ကျမ အမြဲ စုံစမ်းနေရပါတယ်။ ဘ၀တူတွေထဲက တချို့လဲ ရွှေခြင်္သေ့ရဲ့ အကူအညီနဲ့ မန္တလေးမှာ ဆေးတွေရနေပါပြီ။ တချို့ကိုတော့ လားရှိုးညွန်း တယ်။ ကျမကတော့ အဖွဲ့ထဲက ဆေးရနေသူတွေနဲ့ လားရှိုးကို လိုက်သွားတယ်။ သွားခါစကတော့ ပိုက်ဆံကလဲကုန် ၊ ဆေးကလဲ ၁၄ ရက်စာဘဲ ပေးနေတော့ စိတ်ဓာတ်ကျမိတယ်။ ရွှေခြင်္သေ့ရဲ့ အားပေးမှုနဲ့ ဆက်ပြီး ကုသမှုယူခဲ့တာ ခုဆို ၂ လစာတောင် ရနေပါပြီ။ ပြန်လာရင် သတင်းအချက် အလက်တွေကို ပြန်လည်ဖောက်သည်ချပြီး မျှဝေပေး နိုင်နေပါပြီ။




