23
Nov

HIV ကို အန်တုလို့ အသက်ဆက်ရှင်သန်အောင် နေထိုင်ကာ ချစ်ရသူ ယောင်္ကျားလေးနှင့် လက်ထပ်ခွင့်ရခဲ့တဲ့ မိန်းကလေး တစ်ဦး၏ အာဂသတ္တိ (နောက်ဆက်တွဲ)

တကယ်တန်းဆိုရင် ကျမ HIV စတွေ့တဲ့ ၂၀၀၇ တုန်းကဆိုရင် ဒီ HIV ဆိုရင်ကို လူတွေက အလိုလို ရှောင်ဖယ် ပြီး ခွဲခြားဆက်ဆံခဲ့ကြတာ အရှိန်တောင် ရနေပါပြီ။ ကိုယ်တိုင်ခံစားရမှ ဒါဟာ သိသာ မြင်သာ ဖြစ်လာခဲ့ ပါတယ်။ သီရိမာက AIDS တဲ့၊ လေးလုံး ဖြစ်နေတာတဲ့၊ ကိုယ့်ရဲ့ တူတွေ၊ တူမနဲ့ ညီမ၊ အမေအမတွေကပါ အစားအသောက်ကလေး ကျွေးတာတောင် စားလိုက်ဦး၊ မစားဘဲ လုပ်မနေနဲ့လို့ ပါးစပ်ကသာ ကြားကောင်းအောင် ပြောကြတာ၊ ကျမနား ကြာကြာတောင် ရပ်မနေနိုင်ကြဘူး။ ကျမအမေက ကျမသားကို ကျမနား မသွားဖို့ ကူးလိမ့်မယ်တို့၊ ကျမညီမက သမီးကို နင့်အမေနား ခဏ ခဏမ သွားနဲ့၊ သူ့ရောဂါတွေသမီးကို ကူးလိမ့်မယ်နဲ့ နားနဲ့ ဆတ်ဆတ် ကြားခဲ့ရတယ်။

ကျမ စိတ်မဆိုးပါဘူး။ အဲဒီလို ပြောတော့ ငါ့သား ငါ့သမီးကိုတော့ ချစ်ကြသားဘဲဆိုပြီး မျက်ရည်ဝိုင်းပြီး ကြည်နူးမိပါတယ်။ ကျမကိုယ်ကျမလဲ သေလူလို့ တွက်ထားပြီးသားကိုး။ အိပ်မရခဲ့တဲ့ ညပေါင်း မရေတွက်နိုင်ခဲ့ပါဘူး။ ညနေစောင်းလာရင် ကျမနား ဘယ်သူမှ မရှိဘူး။ အရမ်း အထီးကျန် ဆန်ခဲ့ရတယ်။ ကျမကလဲ အဲဒီတုန်းက ဘယ်လိုနေရင် ကိုယ်ခံအားပြန်တက်လာမယ်၊ အစားအသောက်ကို မျှအောင် စားရမယ်၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးရမယ်၊ စိတ်ဓာတ်မကျရဘူး ဆိုတာကို နားလည်အောင် ရှင်းပြပေမဲ့လဲ မယုံရဲသေးဘူးလေ။ လက်တွေ့လဲ ကျမလုပ်မကြည့်ခဲ့ဘူး။

ညဆိုရင် ကျမနားကို လာထိုင်ပြီး အားပေးရင်း စကားပြောတာဆိုလို့ “အောင်” တစ်ယောက်ပါ။ တစ် နေ့ သူမလာခဲ့ဘူး ။ မိုးတွေ အရမ်း ရွာလာတယ်။ ကျမ ငှက်ဖျား ဖျားပြီး တစ်ကိုယ်လုံး တုန်နေတာ။ ကျမနားမှာ ဘယ်သူမှ မရှိခဲ့ဘူး။ ခေါ်တော့လဲ မကြားကြဘူး။ ဒီအချိန်မှာ ၆ နှစ်ကျော်လေးဘဲ ရှိတဲ့ ကျမသမီးလေးက ကျမတဲလေးထဲ ထီးလေးနဲ့ ၀င်လာခဲ့တယ်။ “သမီး မေမေချမ်းလွန်းလို့ မီးမွှေးပေးဘို့ ပြောပေးပါ”

လို့ ပြောတော့ သမီးလေးက ထန်းရွက်ဖတ်လေးတွေ လက်နဲ့စုပြီး မီးမွှေးတာ ကလေးဆိုတော့ မမွှေး နိုင်ရှာဘူး။ ကျမကလဲ နတ်ပူးသလို တုန်နေတာဆိုတော့ လူကြီးတွေကို လှမ်းခေါ်တာ သူ့အသံကို ဘယ်သူမှ မကြားဘူး။ မိုးသံလေသံ တွေနဲ့လေ။ တကယ်က အမေအမတွေနေတဲ့အိမ်နဲ့ကျမရဲ့တဲ လေးက ၀ါးတစ်ပြန်လောက်ဘဲ ဝေးတာပါ။ ကျမသမီးက သူခေါ်တာ ထူးမဲ့သူမရှိ၊ မအေကိုလဲ စိုးရိမ်ပုံရ တယ်။ မျက်ရည်တွေ ကျလာပြီး သူဆဲတတ်သလို အကုန်ဆဲပြီး “ငါ့အမေသေတော့မှာ မလာကြဘူးလား”ဆြိုပီး မိုးရေထဲထွက်၊ အသားကုန်အော်ငိုတော့မှ လူကြီးတွေ ရောက်လာပြီး မီးမွှေး၊ ရေနွေးတိုက်၊ဆေးတိုက်လုပ်ကြတာ။

ကျမ အဖျားကျသွားတော့ သမီးရဲ့မျက်နှာလေးကို စိုက်ကြည့်ပြီး ၀မ်းနည်းဝမ်းသာဖြစ်သွားခဲ့မိတယ်။ အဲဒီညက တညလုံးစဉ်းစားပြီး တွေးနေခဲ့တယ်။ ငါ့သမီးလေး ငါ့ကို စိုးရိမ်နေပုံလေး အရမ်းသနားဘို့ ကောင်းတာဘဲ။ ငါ ဒီလို လုပ်နေလို့ မဖြစ်တော့ဘူး။ ငါ သေလို့ မဖြစ်သေးဘူးဆိုပြီး မနက်ကျ အစား တွေကို အတင်းဝင်အောင်စား၊ တကိုယ်ရေသန့်ရှင်းရေးကိုလဲထလုပ်၊ သနပ်ခါးတွေလိမ်း၊ ဆေး သောက်ချိန်ကိုလဲ အမြဲသတိနဲ့ ပြန်ဂရုစိုက် လိုက်တော့ ပြန်လည် ကျန်းမာ လာခဲ့တယ်။ ပြန်စဉ်းစားမိတာကတော့ ငါ့ဘ၀မှာ စိတ်ဓာတ်ကြံ့ခိုင်မှဖြစ်မယ်ဆိုတာရယ်၊ ဆရာတွေပြောသလို အာဟာရဖြစ်မဲ့ အသီးအနှံတွေ၊ ခွန်အားဖြစ်မဲ့ အသားငါးတွေ၊ အသားဓာတ်ပေးနိုင်တဲ့ အစာတွေကို စားရမယ် ဆိုတာရယ်၊ စားချိန်အိပ်ချိန်မှန်မှန်နဲ့ ကိုယ်လက်လှုပ်ရှားမှုတွေပါ တကယ်လုပ်ကြည့်ခဲ့တယ်။ လုပ်ခဲ့လို့လဲ ကျမဟာ ပြန်လည်ကျန်းမာလာခဲ့တာပါ။

HIV ကာကွယ်ရေး ကုသရေးနဲ့ ပြုစုစောင့်ရှောက်ရေးဆိုတာတွေကို လူတိုင်းလက်လှမ်းမှီနိုင်ဖို့၊ သတင်း အချက်အလက် အားလုံးဟာ မရှိမဖြစ်ရသင့်တဲ့ အခြေခံလိုအပ်ချက်တွေ ဖြစ်တယ်ဆိုတာကို နားလည် ခံစားတတ် ခဲ့ပါတယ်။ လိုအပ်တဲ့ ကုသပြုစုစောင့်ရှောက်ရေးတွေ ရဖို့ဆိုတာ သူမှရယ် ငါမှ ရယ် မဟုတ်ပါဘူး၊ လူတိုင်းရဲ့အခြေခံ လိုအပ်ချက်တစ်ခုဆိုတာ အားလုံးသိထားရမှာလို့လဲ အမြင်မှန် ရခဲ့ပါတယ်။ ဒါဟာ PLHA တွေ သိထားသင့်တဲ့ အရေးအကြီးဆုံးအချက်လဲ ဖြစ်ပါတယ်။

ကျမရဲ့အမြင်သဘောထားတွေဟာ အဲဒီအချိန်ကစပြီး ပြောင်းလဲသွားလို့ ခုလက်ရှိ ဒီအခြေအနေထိ ဆက်လက် အသက်ရှင်နေနိုင်ခဲ့ရတာပါ။ ကျမဟာ ဘယ်လောက်ထိ ပြုပြင်ပြောင်းလဲ သွားသလဲဆိုရင် ဟိုအရင်က အရမ်း စိတ်ဆတ်ပြီး အရာရာတိုင်း သည်းမခံတတ်၊ ဘယ်သူ့အပေါ်ကိုဘဲဖြစ်ဖြစ် ကိုယ်က သာရမှ၊ နိုင်ရမှဆိုတဲ့ မာနနဲ့ ကိုယ်ချင်းမစာနာတတ်ခဲ့ဘူး၊ ဘယ်သူ့ရဲ့စကားကိုမှလဲ ပြောတိုင်း မယုံတတ်၊ စိတ်ကြမ်းကိုယ်ကြမ်း ရက်စက် တတ်တဲ့ ကြောက်ဖို့ကောင်းတဲ့ မိန်းမစာရင်းထဲမှာ ကျမထိပ်ဆုံး က ဖြစ်မှာ။ ခုတော့ ဘ၀နဲ့ရင်းပြီး စာနာနားလည် တတ်ပြီဆိုတော့ ကျမကိုယ်ကျမ အရမ်းကြည်နူးမှု တွေ ရလာတယ်။

HIV နဲ့ ပတ်သက်လို့ ရပ်ထဲရွာထဲကစ အပေါင်းအသင်းမိတ်ဆွေတွေကပါ သူတို့သိချင်တာလေး တွေကို အိမ်တိုင်ရာရောက် လာမေးတတ်ကြတယ်။ ယုံယုံကြည်ကြည်နဲ့လဲ အကူအညီတောင်းခံခဲ့ ဘူးသလို ARV ဆေးနဲ့ ပတ်သက်တဲ့ အကြောင်းတွေကိုလဲ စိတ်ဝင်တစား လာမေးကြပါတယ်။

တချိန်က HIV နဲ့ အသက်ရှင်နေသူမို့ ကူးစက်ခံရမှာကြောက်လို့ ရှောင်ဖယ်သွားကြတာတွေ ကျမဘ၀ မှာ ပျောက်ကွယ်သလောက်ရှိပြီး သီရိမာဟာ ရွှေခြင်္သေ့က PLHA တစ်ယောက်ဆိုတာကို သိသော်လဲ လူရာသွင်းပြီး ယုံကြည်မှု အပြည့်နဲ့ သိချင်တာလေးတွေကို မေးမြန်းကြတဲ့အခါ ပြန်လည်ပြောပြပေး ခဲ့ရတဲ့ ကျန်းမာရေး ဗဟုသုတတွေကို စိတ်ဝင်တစားနားထောင်ပြီး တဖြည်းဖြည်း ခွဲခြားဆက်ဆံမှုတွေ လျော့နည်းလာတာကို တွေ့ရလို့ ကျမ ကြည်နူးမဆုံးပါဘူး။

အဲဒီလို ယုံကြည်မှုတွေ မရခင်က ကျမဟာ ဘ၀တူငွေရှာနေတဲ့ မိန်းခလေးတွေကို ကျန်းမာရေးပညာ ပေးနဲ့ ဆေးသောက်ချိန် မှန်မမှန်ကအစ အချင်းချင်း သတိပေးတယ်။ သူတို့တွေ အဖမ်းခံ အချုပ်ကျတဲ့ အခါ တတ်နိုင် တဲ့ အကူအညီတွေပေးပြီး ရင်းနှီးမှုနဲ့ ယုံကြည်မှုကို ရယူနိုင်ခဲ့သလို နာရေးကိစ္စနဲ့ အခြားလူမှုရေးတွေကိုပါ ကူညီ ပေးနိုင်လို့ ဘ၀တူမိန်းခလေးတွေရဲ့ အားကိုးယုံကြည်မှု ပိုရခဲ့ပါတယ်။ ရပ်ကွက်ထဲမှာလဲ အကူအညီလိုလာရင် သီရိမာဆီသွား၊ သူက ဒို့ထက် ပိုသိတယ်၊ နားလည်တယ်၊ သူ့အရင် မေးပြီးမှ လုပ်တာကောင်းတယ်လို့ပြောကြပြီး သူတို့ မိသားစု အတွင်းရေးတောင် လာရောက် တိုင်ပင်ကြပါတယ်။

ဒီလို တိုင်ပင်ခံရတာကလဲ ကိုယ်ကိုယ်တိုင်က ဘယ်သူဖြင့် ကျန်းမာရေး မကောင်းဘူးလို့သိရင် ကိုယ် ကလဲ ဒီလူမမာရဲ့ ရာဇ၀င်ကို သိထားတယ်ဆိုရင် လူမမာကြည့်ရင်း လူမမာရဲ့ ပြင်ပလက္ခဏာနဲ့ လက်ရှိ ခံစားနေရတာ တွေကို သွယ်ဝိုက်မေးမြန်းပြီး - ဥပမာ မှက်ခရုလိုဟာမျိုးတွေ ရှိတယ်ဆိုရင် ငါ့မှာ ဆေးရှိတယ် ဆိုပြီး လိမ်းပေး လိုက်တယ်။ ပျောက်သွားတော့ သီရိမာ ဒီဆေးဗူး ဘယ်လောက်ပေးရလဲ မေးရင် ငါလဲ ရွှေခြင်္သေ့ကဆရာဝန် တွေ ညွှန်းလို့ လိမ်းတာ၊ သက်သာရင် ဒို့ဆရာနဲ့ လိုက်ပြကြည့်ဆိုပြီး ကိုယ်တိုင် လိုက်ပို့ပေးပါတယ်။ ဒါက သူ ကြိုက် မကြိုက်မသိ၊ ဒဲ့ကြီးလဲ မေးလို့မဖြစ်တဲ့ အခါမျိုးပေါ့။ တချို့က မပွင့်လင်းကြဘူးလေ။

တစ်ယောက်ဆိုပါတော့။ ဓာတ်ဆားလေးတိုက်၊ အစာဝင်အောင်ကျွေး၊ အနာတွေ သန့်ရှင်းရေးလုပ်၊ ဆေးလိမ်း ပေးနဲ့ သက်သာလာတဲ့အချိန်မှာ သွေးစစ်ဖို့၊ ဆရာဝန်ပြဖို့ကျ သူတို့မှာ အရမ်းဝန်လေး နေတယ်။ ဒီလိုနဲ့ အဲဒီလူမမာဟာ ဆေးရုံတက်ရတယ်။ ဆေးရုံကိုလဲ လိုက်ပြီး တတ်နိုင်တာ လုပ်ပေး တယ်။ အောက်စီဂျင်ဘူး လိုတယ်ဆိုလို့ ရွှေခြင်္သေ့ကနေ ငှားပေးတယ်၊ ဆေးရုံဆင်းတော့လဲ အိမ်လိုက်ကြည့်တယ်။ မုန့်တွေ ၀ယ်ကျွေး၊ ရေချိုးပေးဘို့တွေ အားလုံးကူညီတယ်၊ သူတို့ ကျေးဇူးတင် ကြတယ်။ ဒါပေမဲ့ အဲဒီလူ ၁ လ လောက်နေတော့ ဆုံးသွားတယ်။ ကျမ စိတ်မကောင်းဘူး။ သူတို့ မိသားစုက ဒီရောဂါဆိုတာကို လုံးဝ သိသိကြီးနဲ့ လက်မခံကြဘူး။ ပွင့်လဲ မပွင့်လင်းကြဘူး။ စိတ်ခံစားမှုကို ကြိတ်ပြီး သူတို့ဘာသာဖြေရှင်းနေလို့ အသက်ဆုံးရှုးံခဲ့ရတယ်။

အိမ်တိုင်ရာရောက်ပြုစုပေးနေတာဟာ သူများက ခိုင်းထားလို့ ငွေပေးထားလို့ မဟုတ်ပါဘူး။ ကိုယ်လို ဘ၀တူ များ ဖြစ်နေရင် ငါဖြစ်သလို မဖြစ်ခင် အချိန်မှီ လက်လှမ်းမှီရာ အချိပ်အဆက် လုပ်ပေးနိုင်ဘို့၊ ပြန်လည်ကျန်းမာ လာဘို့ စိတ်ရင်းအမှန်နဲ့ ကူညီခဲ့တာပါ။ ငါ့လိုဖြစ်ရင် ငါ့လို မခံစားရအောင်၊ ငါလုပ် ပေးရင် ငါကျမ်းမာသလို ငါငွေရှာနိုင်သလို သူတို့မိသားစုလေး ပြန်လည် စိတ်ချမ်းသာစေချင် တဲ့ရည် ရွယ်ချက်နဲ့ လုပ်ပေးခဲ့တာဖြစ်လို့ နောင် ဒီလို မပွင့်လင်းသူတွေ ရှိခဲ့ရင် သီရိမာရဲ့ ရင်ထဲကလာတဲ့ စေတနာတွေကို အများကြီး နားမလည်ပေးချင် နေပါ၊ လူနာရဲ့အသက်နဲ့ မိသားစုရဲ့ကျန်းမာရေး လူမှု ရေး စီးပွားရေးတွေကိုတော့ သိထားပါလို့။ အခုဆိုရင် လားရှိုးမှာ ကိုယ်ခံအားစစ်ထားခဲ့တာ ၈၂၂ တဲ့။ လူကောင်းတွေနဲ့တန်းတူ ကျမမှာလဲ အားအင်တွေ ရှိလာပါပြီ။

အခုကျမ အဖမ်းခံရတဲ့ ဥပဒေနဲ့မကင်းတဲ့ငွေကိုလဲ ရှာစရာမလိုတော့ဘူး။ ARV အတွက်လဲ ကျမကို လားရှိုးက ထောက်ပံ့ထားလို့ ဆေးဖိုးမကုန်တော့ဘူး။ ကျမကို တန်ဖိုးထားပြီး လက်ထပ်ယူ ပေါင်းသင်း တဲ့ အိမ်သားတောင် ရနေပါပြီ။ သူ့မိသားစု အသိုင်းအ၀ိုင်းကလဲ ကျမကို မပစ်ပယ်တဲ့အပြင် ရင်းရင်း နှီးနှီး ဆက်ဆံကြပါတယ်။ သူတို့သွေးသားအတွက် စိုးရိမ်မှုတော့ရှိတယ်။ ဖွင့်မေးကြတယ်လေ။ ကျမ ကလဲ အကာအကွယ်မဲ့ လိင် ဆက်ဆံမှုမပြုတဲ့အကြောင်း၊ အိမ်သားကို နားလည်အောင်ရှင်းပြပြီးသွေးစစ်ဆေးမှု ပြုလုပ်ခဲ့ပြီး သူ့မှာ HIV ကာလသားကအစ ဘာပိုးမှ မတွေ့တဲ့အကြောင်းပြောပြတော့မိသားစုတွေက ကျမကို ပိုပြီးတော့ ယုံကြည် လာပါတယ်။

ကျမဟာ လူ့ပတ်ဝန်းကျင်မှာ အများသူငါလိုဘဲ လုပ်နိုင်ကိုင်နိုင် အိမ်သားနဲ့ သားသမီးတွေကိုလဲ ပြုစုနိုင် ပါပြီ။ ဒါဟာ ကျမဘ၀ရဲ့ ပြောင်းလဲဖြစ်တည်မှုပါ။ ကျမပြောချင်တာက HIV လဲ ကျန်းမာရေးမကောင်း သူ၊ ငှက်ဖျားလဲ ကျန်းမာရေး မကောင်းသလို၊ တီဘီ အခြားရောဂါတွေလဲ ကျန်းမာရေး မကောင်းလို့ ဖြစ်ကြတာပါ။ အနာရှိ ဆေးရှိတယ်၊ ရောဂါဖြစ်ရင် ဆရာဝန်ပြရမှာဆိုတာကိုလဲ အများသိအောင် ပြော ပြနိုင်မယ်ဆိုရင် လူတွေအရမ်း ကြောက်လန့်နေတဲ့ HIV /AIDS ဆိုတာ ချောင်းဆိုး ရင်ကျပ်ရောဂါ ဖြစ်သလိုဘဲ ကုသမှုခံယူမယ်ဆိုရင် ခုလက်ရှိ သီရိမာဆိုတဲ့ ကျမလိုဘဲ လူ့လောကကြီးထဲမှာ အများ နည်းတူ ဆက်လက် အသက် ရှင်နိုင်သေးတာကို ကမ္ဘာသိအောင် ကြေငြာလိုက်ချင်ပါတယ်။

(ခက်ဆစ် - PLHA=People Living with HIV/AIDS )
မိုးမခ

မြဝတီ - HIV ကို အန်တုလို့ အသက်ဆက်ရှင်သန်အောင် နေထိုင်ကာ ချစ်ရသူ ယောင်္ကျားလေးနှင့် လက်ထပ်ခွင့်ရခဲ့တဲ့ မိန်းကလေး တစ်ဦး၏ အာဂသတ္တိ (နောက်ဆက်တွဲ) 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top