9
Aug

HIV ကုထုံးဆိုင်ရာ ဆွေးနွေးဖွယ်ရာအဖြာဖြာ

၁) မကြာသေးခင်က HIV ကုထုံးအသစ်ကိုထပ်ပြီး ကြေညာလိုက်တယ်နော်… ဘာလို့ ကုထုံးတွေက ခဏခဏပြောင်းလဲနေတာလဲ?

HIV/AIDS ရောဂါဟာ တကယ်တော့ ရောဂါသစ်တစ်ခုပါပဲ။ ဒီရောဂါအကြောင်း အခုထိလေ့လာလို့မကုန်သေးပါဘူး။ AIDS ရောဂါကို ၁၉၈၁ မှာစတင်တွေ့ရှိပြီး HIV ပိုးကို ၁၉၈၃ မှာ  အတည်ပြုခဲ့တာပါ။ အဆင့်မြင့် ရောဂါကုထုံး (Highly Active Antiretroviral Therapy-HAART) ကို ၁၉၉၆ မှာ စတင်ခဲ့တာပါ။ ဒီဆေးတွေကို ရှာဖွေတွေ့ရှိပြီး မကြာခင်မှာပဲ အမြန်ဆုံး အသုံးပြုနိုင်ခဲ့လို့ ရောဂါသည်တွေအတွက် မသေမီ ဆေးရရှိခဲ့ကြတာပါ။ ဆေးအသစ်တွေကိုလဲ အချိန်နဲ့အမျှ တီထွင်နေကြပါတယ်။ ဒီလို ဆေးဝါးတွေရှာဖွေ တီထွင် ထုတ်လုပ်မှုကနေ ပိုမိုအစွမ်းထက်တဲ့ဆေးဝါးပေါင်းစပ်မှုတွေနဲ့ ဆေးတစ်မျိုးချင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို ပိုပြီး သိလာရပါတယ်။

ဆေးပညာဆိုင်ရာ သုတေသနတွေက ဆေးတွေကို အများပြည်သူအတွက် ပိုမိုစိတ်ချရစေဖို့နဲ့ ပိုကောင်းမွန်တဲ့ ဆေးကုထုံးတွေပေါ်လာစေဖို့ ဦးတည်နေပါတယ်။ ရောဂါသည်တွေက ဆရာဝန်နဲ့ ရေရှည် တိုင်ပင်ပြ သခြင်း (follow-up) ဟာ ရောဂါသည်တွေ အတွက်ထိရောက်တဲ့ ဆေးကုထုံးတွေရဲ့ ထိရောက်မှု အာနိသင်ကို သိရှိစေရုံမျှမက ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုး (side effects) တွေကိုပါ သိရှိစေပါတယ်။ ဒါကြောင့် ကုထုံးအသစ်တွေကို အမြဲတစေ ပြောင်းလဲရတာ အမှားမရှိဘူးလို့ပြောလို့ ရပါတယ်။ ဒါ့အပြင် ကုထုံးအသစ်တွေကို ပြောင်းလဲပြီး အနာဂတ်မှာ လူနာအားလုံးအတွက် ပိုမိုပြည့်စုံတဲ့ ကုထုံးတွေပေါ်ပေါက်ရေးက ကျနော်တို့ရဲ့ ရည်မှန်းချက် တစ်ခုဖြစ်သင့်ပါတယ်။

၂) နောက်ဆုံးထွက်ရှိတဲ့ ကုထုံးအရ ဘယ်အချိန်မှာ ART ဆေးကိုစသောက်ရမှာလဲ?

၂၀၁၀ မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဆယ်ကျော်သက်လူငယ်တွေနဲ့ လူကြီးတွေအတွက် ART ကုထုံးအသစ်ကို ဖော်ပြခဲ့ပါတယ်။ ဒီမှာဖော်ပြတာတွေက ပြည်သူ့ကျန်းမာရေး ရှုထောင့်ကနေကြည့်ရင် ကျနော်တို့လို ဆင်းရဲတဲ့ နိုင်ငံတွေအတွက် အသင့်တော်ဆုံး ကုထုံးဖြစ်ပါတယ်။ နောက်ဆုံးပေါ် ကုထုံးကတော့ စီဒီဖိုးဆဲလ် (CD4 cells) အရေအတွက် ၃၅၀ ကုဗမီလီမီတာ နှင့်အောက်ဆိုရင် ရောဂါလက္ခဏာ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ART ဆေးကို စသောက်ရမှာပါ။ ပြင်းထန်ရောဂါ လက္ခဏာ ရှိတဲ့ လူနာတွေ (ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ရောဂါသတ်မှတ်ချက် အဆင့် ၃ (သို့) ၄ ရှိသူများ) ကတော့ စီဒီဖိုးအရေအတွက်ကို ကြည့်စရာ မလိုပဲ ART ဆေးကို စ သောက်ရမှာဖြစ်ပါတယ်။ ဆိုလိုတာက ရောဂါလက္ခဏာမရှိတဲ့ HIV ပိုးရှိသူတွေဟာ ဆေးမသောက်မီ စီဒီဖိုး အရေအတွက်ကို စစ်ဆေးရမှာဖြစ်ပါတယ်။ စီဒီဖိုးက ၃၅၀ ၀န်းကျင်အထိ လူအတော်များများမှာ ရောဂါလက္ခဏာ မပြတတ်ပါဘူး။

ယခင် ကုထုံးဟောင်းတွေက စီဒီဖိုးအရေအတွက် ၂၀၀ မှာ ART ဆေးစသောက်ဖို့ ပြောခဲ့ပါတယ်။ သုတေသနအရ စီဒီဖိုးအရေတွက် ၃၅၀ မှာ ဆေးစသောက်ရင် သေးဆုံးနိုင်ချေ ကျဆင်းပြီး ရောဂါတိုးပွားမှု (ဥပမာ တီဘီရောဂါဝင်ခြင်း) ကို ဟန့်တားနိုင်ပြီး ဆိုးဝါးတဲ့ ရောဂါအခြေနေကို ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။

၃) ဒါဆို ရောဂါလက္ခဏာ မရှိသေးတဲ့အခုမှ HIV ပိုးရှိတာကိုသိတဲ့သူတွေကို ART ဆေး တိုက်သင့်သလား?

မတိုက်ရပါဘူး။ HIV ပိုးရှိတာသိသိချင်း ရောဂါလက္ခဏာမရှိတဲ့သူကို ဆေးမတိုက်သင့်ပါဘူး။ အဓိကလုပ်ရမှာက စီဒီဖိုးဆဲလ်အရေအတွက်ကို စစ်ရမှာပါ။ စစ်လို့ ၃၅၀အထက်ရှိနေရင် ဆေးသောက်ဖို့မလိုပါဘူး။ ၃၅၀နဲ့အောက်မှာဆိုရင်တော့ ကုထုံးသစ်အရ ဆေးစသောက်ရမှာပါ။ (၂၀၀၉ခုနှစ်လောက်တုန်းက ကုထုံးတစ်ခုကတော့ စီဒီဖိုး ၅၀၀ အောက်ဆို ဆေးသောက်ဖို့ ညွှန်းဖူးပါတယ်။ ဒါပေမယ့် အဲလောက် စီဒီဖိုး အများကြီးရှိချိန်မှာ ပုံမှန်တော့ ဆေးမလိုပါဘူး)

စီဒီဖိုးဆဲလ် အတက်အကျဟာ တစ်ဦးနဲ့ တစ်ဦး မတူညီပါဘူး။ HIV ပိုးပမာဏပေါ် မူတည်ပါတယ်၊ ဆိုလိုတာက ပိုးအရေတွက် များများရှိတဲ့သူမှာ စီဒီဖိုးကျတာမြန်နိုင်ပါတယ်။ စီဒီဖိုးအရေတွက် ၁၀၀၀ ကနေ ၃၅၀ ထိကျဖို့ တစ်ချို့လူတွေက ၁၀နှစ်လောက်ကြာပေမယ့် တစ်ချို့ကတော့ ၂ နှစ်အတွင်း အမြန်ကျတတ်တာလည်း ရှိပါတယ်။ HIV ပိုးရှိသူတစ်ချို့ (၅%)မှာ နှေးကွေးတဲ့ တုန့်ပြန်မှုကြောင့် HIV ပိုးကူးစက်ပြီး ၁၅ နှစ်ကြာ တာတောင် စီဒီဖိုးအရေတွက် မကျတတ်ပါဘူး။ ဒီလူတွေမှာ ကျန်းကျန်းမာမာနဲ့ ဘာရောဂါ လက္ခဏာမှ မပြတတ်ပါဘူး။

ART ကုထုံးမှာ အမြဲတမ်းတွေ့ရတဲ့ ပြဿနာတစ်ခုက ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေပါ၊ အနည်းနဲ့ အများ ရှိတတ်ပါတယ်။ ဆေးတွေက ဈေးကြီးတဲ့အပြင် ဆေးမတိုးတာ (သို့) ဆေးယဉ်ပါးတာမျိုးတွေလဲ ရှိတတ်ပြန် ပါတယ်။ လက်ရှိလေ့လာချက်တွေအရ ဘာရောဂါလက္ခဏာမှ မရှိဘဲ စီဒီဖိုး အရေတွက်ကောင်းနေသူတွေကို ART ဆေးပေးလဲ ဘာမှ မထူးပါဘူးတဲ့။ ဒါကြောင့် ဒီလူတွေမှာ စီဒီဖိုးကို ၃ လ (သို့) ၄ လ တစ်ကြိမ် စစ်ဆေးခြင်းသာ အကောင်းဆုံးပါတဲ့၊ စစ်ဆေးလို့ စီဒီဖိုး ၃၅၀နဲ့အောက်ရောက်နေရင်တော့ ART ဆေးစရမှာပါ ဖြစ်ပါတယ်။

၎) တခြား ဘယ်လိုအကြောင်းရာတွေက ART ဆေးသောက်ဖို့လိုကြောင်း အကြောင်းဖန်စေမလဲ?

၎-က) HIV နဲ့ တီဘီရောဂါ (TB) ပူးတွဲ ရှိနေခြင်း
HIV ပိုးရှိသူမှာ တီဘီပိုးရှိနေကြောင်း အတည်ပြုလိုက်ရင် ဒီလူနာကို အမြန်ဆုံး ART ဆေးပေးရမှာပါ။ ဒီနေရာမှာ စီဒီဖိုး အရေတွက်ကို ထည့်တွက်စရာ မလိုပါဘူး။ တီဘီကုထုံးကို အ၇င် စ ရမှာပါ။ တီဘီဆေး ရဲ့ ပြင်းအားကို ခံနိုင်ပြီဆိုမှ ART ဆေးကို လိုက်သောက်ရမှာပါ၊ အများအားဖြင့် တီဘီဆေးသောက်ပြီး ၂ ပတ်လောက်အကြာ (၈ ပတ်ထက်နောက်မကျစေပဲ) ART ဆေးကို စတင် ပေးလေ့ ရှိပါတယ်။

ဒီကုထုံးမှာ Efavirenz ဆိုတဲ့ဆေးကို သုံးသင့်တယ်လို့ ပညာရှင်တွေက ညွှန်ပြထားပါတယ်။ တီဘီဆေးထဲက Rifampicin က ART ဆေးတစ်ခုဖြစ်တဲ့ Navirapine နဲ့အတူ တွဲမပေးသင့်ပါဘူး။ ဘာလို့လဲဆိုတော့ Rifampicin က Navirapine ဆေးယဉ်ပါးမှုကို အားပေးလို့ပါတဲ့။

ART ကုထုံးက လူတစ်ဦးချင်းအတွက် တီဘီဖြစ်ပွားမှုကို ၉၀%အထိလျော့ချနိုင်ပြီး လူထုအတွင် တီဘီဖြစ်ပွားမှုကို ၆၀%အထိလျော့နိုင်ကာ တီဘီပြန်လည်ဖြစ်ပွားမှုကို ၅၀% အထိလျော့ချနိုင်တယ်လို့ လေ့လာ ချက်တွေက ပြောပါတယ်။

၎-ခ) HIV နဲ့ အသည်းရောင်အသားဝါ ဘီ (HBV) ပိုး  ပူးတွဲ ရှိနေခြင်း
HIV ပိုးရှိသူတွေမှာ အသည်းရောင် အသားဝါ ဘီပိုးရှိနေရင် သာမန်လူထက် နာတာရှည်အသည်းရောဂါဖြစ်ဖို့ အလားလာ ၃ ဆကနေ ၆ဆအထိရှိနိုင်ပါတယ်။ ဒါ့အပြင် အသည်းကြွတ်ဆက်ခြင်းလည်း ဖြစ်နိုင်ပါတယ်။ HIV ပိုးရှိသူတွေမှာ သာမန်လူထက် အသည်းခြောက်ရောဂါနဲ့ သေနိုင်ခြေက ၁၇ ဆ ပိုများတယ်တဲ့လေ။

ဒါကြောင့် HIV ပိုးရှိသူတွေမှာ အသားဝါဘီပိုးအတွက် ကုသဖို့လိုနေရင် (နာတာရှည် အသည်းရောင်အသာဝါ လက္ခဏာတွေစလာရင်) ART ဆေးစတင်ကုသဖို့လိုပါပြီ။ ဒီနေရာမှာ စီဒီဖိုးကို ထည့်မတွက်ပါဘူး။ ဒီလို  ကုသရင် Tenofovir, Lamivudine, Emtricitibine စတဲ့ ဆေးတစ်မျိုးမျိုးကို ထည့်သွင်း ကုသသင့်ပါတယ်။ ဒီဆေးတွေက အသည်းမှာရှိတဲ့ ဘီပိုးကိုလဲ တိုက်ခိုက်နိုင်လို့ပါဘဲ။

လမင်းကို

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top