8
Sep

HIV ကုထုံးဆိုင်ရာ ဆွေးနွေးဖွယ်ရာအဖြာဖြာ…. အပိုင်း (၃)

က) ၂၀၁၀ ခုနှစ်မှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ထုတ်ပြန်ခဲ့တဲ့ ART ကုထုံးမှာ HIV ပိုးပမာဏ (viral load) ကို စစ်ဆေးဖို့ တိုက်တွန်းထားတာ တွေ့ရပါတယ်၊ ပိုးပမာဏကို ပုံမှန်စစ်ဆေးခြင်းကြောင့် ART ကုထုံးအတွက် ဘယ်လိုမျိုး အကျိုးရှိတဲ့ လေ့လာစောင့်ကြည့်မှုမျိုး ဖြစ်လာနိုင်ပါသလဲ?

ART ကုထုံးရဲ့ ရည်မှန်းချက်ပန်းတိုင်က လူနာတွေ အသက်ရှည်စေဖို့နဲ့ လူနေထိုင်မှု ဘ၀အရည်သွေး (Quality of Life) မြင့်မားရေးပါ။ ဒီပန်းတိုင်းကို ရဖို့ဆိုရင် HIV ပိုးပမာဏကို အနည်းဆုံးအထိ (သွေးတစ်စက်မှာ အကောင် ၅၀ အောက်နည်းခြင်း) လျော့ကျအောင် လုပ်နိုင်ရင် ရနိုင်ဖွယ်ရှိပါတယ်။ ဒီလိုစစ်ဆေးခြင်းအားဖြင့် ရောဂါပိုမဆိုးဝါးလာအောင်လဲ ထိန်းသိမ်းနိုင်ပါတယ်။ HIV ပိုးပမာဏကို တိုင်းတာခြင်းဟာ ART ကုထုံး ဆေးမတိုးခြင်း/ကုသမှု မအောင်မြင်ခြင်း (Treatment Failure) ကို တိုင်းတာရာမှာ လူနာရဲ့ ရောဂါလက္ခဏာကို စမ်းသပ်ခြင်း/ ကိုယ်ခံစွမ်းအားကို စောင့်ကြည့်တိုင်းထာခြင်းတို့ထက် ပိုမို ထိရောက်ပါတယ်။ ဥပမာ CD4 အရေအတွက် လျော့နည်းလာပြီး အလွန် အချိန်ကြာမှ လူနာရဲ့ ရောဂါလက္ခဏာတွေက ပြပါတယ်၊ HIV ပိုးပွားတာ အလွန်များလာပါမှ CD4 အရေအတွက်ကလည်း လျော့နည်းလာတာပါ။ ဒါကြောင့် လက္ခဏာတွေ မပြခင်၊ CD4 ကျတဲ့အထိ မစောင့်ချင်ဘူးဆိုရင်တော့ HIV ပိုးပမာဏ ကို ဦးစွာစစ်ဆေးရမှာပါ။

HIV ပိုးပမာဏကို ART ကုထုံးစတာနဲ့ ပထမဆုံး စစ်ဆေးသင့်ပါတယ်၊ နောက်ကာလတွေမှာတော့ (၆)လ တစ်ခါ ပုံမှန် စစ်ဆေးသင့်ပါတယ်။ ပိုးပမာဏကို ပုံမှန် စစ်ဆေးရခြင်းအကြောင်းရင်းတွေကတော့ -
- HIV ပိုးပွားနှုန်းများ၍ ART ဆေးမတိုးခြင်းကို စောလျင်စွာသိပြီး ကုထုံးအပေါ် လူနာမှ လိုက်နာစေရန်
- ကုထုံးကို ပြောင်းလဲပြီးနောက် HIV ပိုးပွားနှုန်းများခြင်းကို ကာကွယ်ရန်
- HIV ပိုး၏ ဆေးယဉ်ပါးမှု မျိုးရိုးဗီဇပေါင်းစည်းမှုကို လျော့ချရန်
- ဒုတိယတန်းစား ဆေးဝါးများ (Second Line Drugs) ကို ဆေးမတိုးခြင်းမှ ကာကွယ်ရန် တို့ဖြစ်ကြပါတယ်။

ငွေကြေးကုန်ကျစရိတ်ကို ချွေတာချင်တယ်ဆိုရင်တော့ HIV ပိုးပမာဏ တိုင်းတာခြင်းကို ဦးတည်အုပ်စုကိုသာ စစ်ဆေးသော နည်းလမ်း (targeted approach)ကို လုပ်ပေးသင့်ပါတယ်။ ဦးတည်အုပ်စုဆိုတာ အန္တရာယ်ရှိတဲ့ အပြုမူတွေရှိတတ်တဲ့သူများ  ဥပမာ- မူးယစ်ဆေး သွေးထဲထိုးသွင်းသူ၊ လိင်လုပ်သား၊ အမျိုးသားအချင်းချင်းဆက်ဆံသူ၊ လိင်ဆက်ဆံဘက်များသူ စတဲ့သူများကို ခေါ်ပါတယ်။  ဒီလို ဦးတည်အုပ်စုကို စစ်ဆေးရခြင်း ရည်ရွယ်ချက်တွေကတော့ -
- ဆေးပညာ (သို့) ကိုယ်ခံစွမ်းအား ကြောင့် ဆေးမတိုးခြင်းဟု သံသယရှိသူများကို အတည်ပြုရန်
- ပထမတန်းစား ဆေးဝါးများ (First line drugs) ၏ ဆေးပညာဆိုင်ရာ အကျိုးရှိပုံများကို အများဆုံး ရရှိစေရန်
- မလိုအပ်ပဲ ပထမတန်းစားဆေးများပေးခြင်းကို ရပ်၍ ဒုတိယတန်းစားဆေးဝါးများ ပြောင်းပေးခြင်းမျိုးကို ရှောင်ရှားရန် တို့ဖြစ်ပါတယ်။

ဦးတည်အုပ်စုကို ပိုးပမာဏ စစ်ဆေးခြင်းကို ART ဆေးသောက်စမှာ တစ်ခါ စစ်သင့်ပါတယ်၊ ထို့နောက် ၄ လ (သို့) ၆ လခြားလျှင် တစ်ခါ ထပ်စစ်ပေးသင့်ပါတယ်။ ဒီလိုစစ်သလို ဆေးသောက်ပုံ မှန်/ မမှန်ကိုပါ စစ်ဆေးရပါတယ်။ ဆေးသောက်တာမမှန်ရင် (သို့မဟုတ်) သတ်မှတ် ညွှန်ကြားထားတဲ့အတိုင်း မသောက်ဘူးဆိုရင် ဆရာဝန်းက ကြပ်မတ် ပြင်ဆင်ပေးရမှာပါ။ ဒီလိုမလိုက်နာဘူးဆိုရင် လူနာအတွက် ပိုးတွေ မျိုးဗီဇပြောင်းဖို့ အခွင့်ရေး များသွားပြီလေ၊ ဆေးမတိုးနိုင်အောင် ဖြစ်သွားနိုင်ပါတယ်။

CD4 အရေအတွက်ကို စစ်ဆေးခြင်း (ကိုယ်ခံအား) ဟာ ပိုးပမာဏများပြီး ဆေးမတိုးတာ (ကုသမှု မအောင်မြင်တာ) ကို ပြတဲ့ သင်္ကေတကောင်း တစ်ခုမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ်ခံအားကျလို့ ဆေး မတိုးတဲ့ လူနာတော်တော်များများမှာ ပိုးပမာဏ အလွန်နည်းနေတာကို တွေ့ရပြီး ဒါဟာ လူနာအတွက် မလိုအပ်ပဲ ဒုတိယတန်းစားဆေးတွေကို ပြောင်းသောက်ရတဲ့အထိ အန္တရာယ်များပါတယ်။ ရောဂါအလွန် ကျွမ်းနေတဲ့ လူနာတွေမှာ CD4 အရေအတွက် အလွန်နည်းနေတတ်ပြီး ဘယ်လောက်ပဲကောင်းတဲ့ ARTကုထုံးကို ရထားသည်ဖြစ်စေ သူတို့ရဲ့ CD4 အရေအတွက်က ပုံမှန်ကို ပြန်မရောက်နိုင်တော့ပါဘူး။ ဒီလို လူနာတွေမှာ CD4 အရေအတွက်ကိုကြည့်ပြီး ကုသမှု အောင်မြင်တယ်/ကျရှုံးတယ်ဆိုတာကို မသိနိုင်ဘူးလေ။ ဒီလူနာတွေမှာ HIV ပိုးပမာဏက စမ်းသပ်လို့မရအောင် နည်းနေရင်တော့ ဒုတိယတန်းစား ဆေးတွေ  ကို ပေးဖို့မလိုအပ်သေးပါဘူး။

ပုံမှန်အားဖြင့် ဆေးဝါးတွေကို အတိအကျလိုက်နာ သောက်သုံးနေတဲ့ လူနာတစ်ဦးရဲ့ သွေးတစ်စက်မှာ HIV ပိုးအရေအတွက် ၅၀၀၀ ရှိပြီဆိုရင်တော့ ဆေးမတိုးခြင်း (ကုသမှု ရှုံးခြင်း) လို့ သတ်မှတ်နိုင်ပါတယ်။
ကိုယ်ဝန်ဆောင်သည် အမျိုးသမီးတစ်ဦးမှာ သွေးတစ်စက်မှာ ပိုးအကောင်ရေ ၅၀ ထက်နည်းတယ်ဆိုရင် သန္ဓေသားဆီကို HIV ပိုးကူးစက်ဖို့က လုံးဝနီးပါး မဖြစ်နိုင်တော့ပါဘူး။ အကယ်၍ ပိုးအရေတွက် ၁၀၀၀ အောက် နည်းတယ်ဆိုရင်တော့ ကလေးကို ဗိုက်ခွဲမွေးစရာ မလိုပါဘူး။ (ဒါပေမယ့် ဒါက လှေနံဓားထစ်မဟုတ်ပါဘူး… အကာကွယ်တွေတော့ ယူသင့်ပါတယ်) HIV ပိုးပမာဏကို တိုင်းတာခြင်းအတွက် ကုန်ကျစရိတ်က ၅၀၀၀၀ ကျပ်ကနေ ၁၀၀၀၀၀ ကျပ်အတွင်းရှိပါတယ်၊ ဥပမာ ပိုးကောင်ရေ အများ - ၅၀၀ အောက်ကို စစ်ချင်ရင် ၅၀၀၀၀နဲ့ ရပေမယ့် ပိုးကောင်ရေ အနည်း- ၅၀ အောက်ဆိုရင်တော့ ၁ သိန်း လောက်ကုန်ကျပါတယ်။ ဒါကလည်း အသုံးပြုတဲ့ စမ်းသပ်မှုအပေါ် မူတည်ပါတယ်။

(ခ) ဒါဆိုရင် ဘယ်လိုအကြောင်းရာတွေက ART ဆေးဝါး ပြောင်းလဲ ကုသဖို့  (ပထမတန်းစားဆေးကနေ ဒုတိယတန်းစားဆေးဝါးများသို့) ညွှန်ပြနေပါသလဲ၊ ဘယ်လိုအခြေနေကို ကုသမှု မအောင်မြင်ခြင်း (Treatment failure)လို့ သတ်မှတ်ပါသလဲ?

ART ဆေးတွေကို ပထမတန်းစားဆေးကနေ ဒုတိယတန်းစား ဆေးတွေကို ပြောင်းလဲ ပေးရတဲ့ အဓိကကြောင်းအချက်တွေကတော့ -
1. ဆေးအာနိသင် ပြင်းခြင်း (ဆေးဒါဏ် မခံနိုင်ခြင်း) Drug toxicity
2. ဆေးကုသမှု မအောင်မြင်ခြင်း ဥပမာ- ဆေးပေးသော်လည်း HIV ပိုးပွားမှု မလျော့နည်းခြင်း Virologic failure
3. အခြားကိစ္စများ… ဥပမာ ငွေကြေး၊ ဆေးရရှိနိုင်မှု၊ သက်တောင့်သက်သာရှိမှု စသည့် အချက်တွေပဲဖြစ်ပါတယ်။
၁. ဆေးဒါဏ်ကို မခံနိုင်လို့ ဆေးပြောင်းပေးရတယ်ဆိုရင် ဆေးတစ်မျိုးတည်းကိုပဲ အစားထိုးပြောင်းလဲပေးလို့ ရပါတယ်။ ဥပမာ လူနာက Stavudine ပါတဲ့ဆေးပေါင်းကို သောက်နေလို့ ဒီဆေးဒါဏ်ကို မခံနိုင်ဘူးဆိုရင် AZT ဆိုတာနဲ့ အစားထိုးပေးလို့ရပါတယ်။ တစ်ချို့ လူနာတွေမှာ Azidothymidine ဆေးကြောင့် သွေးအားနည်းရောဂါ ရလာရင် အဲဒီဆေးအစား Tenofovir ဆေးကို အစားထိုးပြောင်းလဲ ပေးရပါတယ်။ တစ်ခါ တစ်လေမှာ လူနာက တစ်နေ့ ဆေးသုံးလုံးသောက်ရတာ စိတ်ပျက်လို့ ဆေးတစ်လုံးတည်းနဲ့ အာနိသင် သုံးမျိုးပါတဲ့ ဆေးကို  တစ်နေ့တစ်ခါသာ သောက်ချင်ရင်လဲ ကုသမှုပုံစံပြောင်းပေးရတာမျိုး ရှိတတ်ပါတယ်။

ဆေးကုသမှု မအောင်မြင်ခြင်း (ART Failure) ဆိုတာကို အမျိုးစား (၃)ခုခွဲခြားထားပါတယ်။
A. ဆေးပညာအရ ကုသမှု မအောင်မြင်ခြင်း (Clinical failure)- ART ဆေးသောက်နေပါလျက် လူနာမှာ အခွင့်ကောင်းစောင့်သော ရောဂါအသစ်များ ဖြစ်ပေါ်လာခြင်း(သို့မဟုတ်) အေအိုင်ဒီအက်စ် ဝေဒနာသည် ဘ၀ရောက်သွားခြင်း ကို ဆိုလိုပါတယ်။
B. ကိုယ်ခံစွမ်းအားနည်း၍ ကုသမှု မအောင်မြင်ခြင်း (Immunological failure) ART ဆေး ပုံမှန်သောက်နေတဲ့ လူနာမှာ CD4 အရေအတွက်က ဆေးစသောက်စဉ် မူလရှိတဲ့ ပမာဏထက် တဖြည်းဖြည်း နည်းပါး  သွားခြင်း (သို့မဟုတ်) ဆေးစသောက်စဉ် CD4 အရေတွက်၏ ၅၀% အောက်ရောက်သွားခြင်း (သို့မဟုတ်) စစ်ဆေးလိုက်တိုင်း CD4 အရေတွက်က ၁၀၀ အောက်တွင် အမြဲရောက်နေခြင်းကို ဆိုလိုပါတယ်။
C. HIV ပိုးမျိုးပွားမှုများ၍ ကုသမှု မအောင်မြင်ခြင်း (Viral failure) ART ဆေးသောက်နေပါလျက် လူနာရဲ့ သွေးတစ်စက်ထဲမှာ HIV ပိုး ကောင်ရေ ၅၀၀၀ အထက်ရှိနေခြင်း ကိုဆိုလိုပါတယ်။

အထက်ပါ အခြေနေတွေထဲက တစ်ခုခုရှိနေရင်တော့ လူနာကို ဒုတိယတန်းစားဆေး ၀ါးတွေကို ပြောင်းပေး၇မှာပါ။ အထူးသဖြင့် ပိုးပွားနှုန်းများသူတွေကို စောစောစီးစီး ပြောင်းလဲပေး သင့်ပါတယ်၊ ဆေးပြောင်း သောက်တာ နောက်ကျတာနဲ့ ပိုးတွေရဲ့ မျိုးဗီဇပြောင်းလဲ မှုမြန်ပြီး ဆေးမတိုးတာ ပိုဆိုးစေတတ်ပါတယ်။

လမင်းကို

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top