TheMordernWeekly, No. 142
05/01/2009
မြန်မာနိုင်ငံတွင် HIVကူးစက်ခံထားရသူ အများစုမှာ
လူငယ်များဖြစ်ကြောင်း မကြာသေးမီက ထုတ်ပြန်ခဲ့သည့် HIV ကာကွယ်တားဆီးရေး လုပ်ကိုင်နေသည့် အဖွဲ့အစည်းများ၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။ ၂၀၀၇ ခုနှစ် စာရင်းဇယားများအရ မြန်မာနိုင်ငံတွင် HIVကူးစက်ခံထားရသူပေါင်း
၂၄၀,၀၀၀ခန့်ရှိပြီး ထိုအရေအတွက်မှာ ယခင်ကထက်
ကျဆင်းသွားခြင်းဖြစ်သည်ဟု WHO, UNAIDS,
UNICEFတို့ ပူးပေါင်းပြီး ၂၀၀၈ ခုနှစ် အောက်တိုဘာလအတွင်း
ထုတ်ပြန်ခဲ့သည့် ကပ်ရောဂါဗေဒဆိုင်ရာ အချက်အလက်စာတမ်းတွင် ဖော်ပြထားသည်။ ၂၀၀၁ ခုနှစ်တွင် မြန်မာနိုင်ငံ၌ HIVကူးစက်ခံထားရသူပေါင်း ၃သိန်းခန့် ရှိခဲ့ရာမှ ၂၀၀၇ ခုနှစ်တွင် ယခုကဲ့သို့ ကျဆင်းသွားခြင်းဖြစ်သည်။
လက်ရှိစာရင်းများအရ HIVကူးစက်ခံထားရသူ ၂၄၀,၀၀၀၏ သုံးပုံနှစ်ပုံမှာ အသက် ၂၄ နှစ်အောက် လူငယ်များဖြစ်ကြောင်း UNICEFက ထုတ်ပြန်သည့် ကြေညာချက်တစ်ခုတွင်ပါရှိသည်။ လူငယ်များအကြားတွင် HIV ကူးစက်ခံရနိုင်သည့် အန္တရာယ်ရှိ အပြုအမူများ လုပ်မိဖို့ အခြေအနေ အများဆုံးရှိနေပြီး ကွန်ဒုံးသုံးစွဲမှု အသိနည်းပါးခြင်းကလည်း HIVကူးစက်မှုကို မြင့်တက်စေကြောင်း သုံးသပ်ကြသည်။ ထို့အပြင် အမျိုးသမီးအရေအတွက် ခန့်မှန်းခြေ ၁သိန်းခန့်သည် HIVကူးစက်ခံထားရပြီး ၎င်းတို့မှ မွေးဖွားလာမည့် ကလေးငယ်များမှာလည်း HIVကူးစက်ခံရမှု အန္တရယ်ရှိနေကြောင်း UNICEF ၏ ကြေညာချက်တွင် ဖော်ပြထားသည်။ ၂၀၀၇ ခုနှစ်အတွင်း AIDS ရောဂါနှင့်ဆက်နွှယ်သည့် ဖျားနာမှုများကြောင့် လူပေါင်း ၂၅,၀၀၀ခန့် သေဆုံးခဲ့သည်ဟု နယ်စည်းမခြား
ဆရာဝန်များအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဒေသတော်တော်များများတွင်
AIDS တိုက်ဖျက်ရေးနှင့် ပတ်သက်၍ တိုးတက်မှုများရှိနေသော်လည်း အခက်အခဲများနှင့်ရင်ဆိုင် နေရဆဲဖြစ်ကြောင်း သိရသည်။
သတင်း - TheMordernWeekly, No. 142




