4
Dec

HIV ကူးစက်မှု လျှော့ချနိုင်သော်လည်း သေဆုံးနှုန်း မြင့်မားဆဲ

ကမ္ဘာပေါ်ရှိ HIV ကူးစက်မှုလျော့ချနိုင်သည့် နိုင်ငံ (၁၀) နိုင်ငံတွင် မြန်မာနိုင်ငံ ပါဝင်လာနိုင်သည်ဟု ဒီဇင်ဘာ (၂) ရက်နေ့ ပြည်သူ့ရင်ပြင်၌ ကျင်းပပြုလုပ်ခဲ့သော ကမ္ဘာ့ AIDS အထိမ်းအမှတ်နေ့တွင် UNAIDS မှတာဝန်ရှိသူ တစ်ဦးက ပြောကြားလိုက်သည်။

“မြန်မာနိုင်ငံက HIV ရောဂါ ကူးစက်မှုကို လျော့ချနိုင်တဲ့ နိုင်ငံ (၁၀) ခုမှာ တစ်ခု အပါအ၀င်ဖြစ်ပါတယ်” ဟု UNAIDS မှ တာဝန် ရှိသူတစ်ဦးက ဆိုသည်။ လက်ရှိ အချိန်တွင် မြန်မာနိုင်ငံ၌ HIV ရောဂါ ကူးစက်မှုနှုန်းသည် အနည်းငယ်လျော့ကျ သွားသော်လည်း ART ဆေးရရှိမှု အခက်အခဲကြောင့် သေဆုံးမှုအပိုင်းတွင် ပိုမိုများပြားလျက် ရှိသည်ဟု တောင်ဒဂုံတွင် HIV ကူးစက်ခံရသူ များအား   စောင့်ရှောက် ပေးနေသူ မဖြူဖြူသင်းက ဆိုသည်။

“ ကျွန်မတို့ ဆီမှာ AIDS ရောဂါ ဝေဒနာသည် သုံးရာ လောက်ရှိတယ်။ UNAIDS အဖွဲ့အစည်း အနေနဲ့က အချက်အလက်တွေ အရ ဘယ်လောက်ကျဆင်းတယ်ဆိုတာ နှစ်တိုင်း ဖော်ပြပေး နေတာပဲလေ၊ ကျွန်မတို့ ဆီမှာကတော့ HIV ကူးစက်မှုနှုန်းက အနည်းငယ် ကျဆင်းတယ်လို့ မြင်ပေမဲ့ ART ဆေးနဲ့ ပတ်သက်လို့ကတော့ ရရှိမှု ခက်တဲ့ ဒေသတွေမှာ ဆေးမြီးတိုနဲ့ ကုသနေ ရတော့ သေဆုံးမှုနှုန်းကတော့ တက်နေတယ်” ဟု HIV ကူးစက်ခံရသူများအား စောင့်ရှောက်ပေးနေသူ မဖြူဖြူသင်း က ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီးရှိ ကျန်းမာရေးဝန်ကြီးဌာနတွင် HIV ခံစားနေရသူများအား ခွဲခြား၍ နှိမ်ချ ဆက်ဆံခြင်းမျိုး မပြုလုပ်စေရန်၊ လူသားချင်းစာနာကာ လက်တွဲ ကူညီပံ့ပိုးပေးရန်၊ ART ဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးရန်တို့ကိုလည်း ၄င်းက တိုက်တွန်းပြောကြားသည်။

“HIV ရောဂါ ကူးစက်ခံရသူတိုင်းကို မိသားစုဝင်တွေနဲ့ ခွဲခြားနှိမ်ချဆက်ဆံမှုမျိုး မရှိစေဖို့၊ နွေးထွေး ကြည်ဖြူစွာနဲ့ လူသားချင်း ကိုယ်ချင်းစာနာပြီး လက်တွဲ ကူညီပံ့ပိုးစောင့်ရှောက်စေဖို့ရယ်၊ ARTဆေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးပြီး AIDS ရောဂါ အဆင့်ကို မရောက်တော့ပဲ အသက်ရှည်ပြီး ကျန်းမာစွာ နေနိုင်ရေးကို တိုက်တွန်းထားပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဝန်ကြီးဌာနမှ ဒုဝန်ကြီး ဒေါက်တာမြင့်သိန်းက ပြောသည်။

ကျန်းမာရေး ၀န်ကြီးဌာနအနေဖြင့်လည်း ၂၀၁၁မှ ၂၀၁၅ ခုနှစ်အတွင်း HIV ရောဂါကူးစက်မှုနှုန်း (၀) အဆင့်အထိလျော့ ချနိုင်ရေးနှင့် AIDS ရောဂါဖြင့် သေဆုံးမှုနှုန်းကိုလည်း သုံညအထိ လျော့ချနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု ၄င်းက ဆက်ပြောသည်။ မြန်မာနိုင်ငံတွင် HIV ကူးစက်ခံရသူ ရှစ်ထောင်ကျော်ရှိပြီး ART ဆေးရရှိမှုသည် ၃၂ ရာခိုင်နှုန်းသာ ရှိသည်ဟု PMG မှ တွဲဖက် ဥက္ကဌ ဒေါ်ခိုင်မာဆွေထံက သိရှိရသည်။

“ HIV ကူးစက်ခံရသူတွေက ရပ်ရွာတွေမှာဆိုရင် ပါဝင်ခွင့်မရတာ ၃၀ ရာခိုင်နှုန်း ၊ မိသားစုနဲ့ ပြောကြဆိုကြတဲ့အခါ ပါဝင်ခွင့် မရရှိကြတာပေါ့ အဲ့ဒီမှာဆိုရင် ၁၅ရာခိုင်နှုန်း ၊ အလုပ်ထုတ်ခံရတာက ၄၁ ရာခိုင်နှုန်း လောက်ရှိနေတယ် “ ဟု PMG မှ တွဲဖက်ဥက္ကဌ ဒေါ်ခိုင်မာဆွေက ပြောသည်။

မြစ်မခ - HIV ကူးစက်မှု လျှော့ချနိုင်သော်လည်း သေဆုံးနှုန်း မြင့်မားဆဲ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top