25
Feb

HIV ကူးစက်နိုင်သည့်အတွက် သွေးရည်ကြည်မှ ထုတ်သည့် ဘီပိုး ကာကွယ်ဆေးကို ပိတ်ပင်သင့်ဟုဆို

လူ့သွေးရည်ကြည်မှ ထုတ်လုပ်သော အသည်းရောင်အသားဝါ ဘီပိုး ကာကွယ်ဆေးများမှ တစ်ဆင့် အခြားရောဂါများအပြင် HIV ရောဂါများ ကူးစက်နိုင်သည့် အတွက် အဆိုပါဆေး ထုတ်လုပ်မှုကို ပိတ်ပင် ရပ်နားသင့်သည်ဟု ကုလသမဂ္ဂ အသိအမှတ်ပြု အတိုင်ပင်ခံ သမားတော်ကြီး ပါမောက္ခ ခင်မောင်ဝင်း(အသည်း) က ပြောကြားသည်။

ဖေဖော်ဝါရီလ နောက်ဆုံး ပတ်အတွင်းက UMFCCI ၌ ပြု လုပ်ခဲ့သည့် အသည်းရောင်အသား ၀ါရောဂါအကြောင်း သိကောင်းစရာ ဟောပြောပွဲတွင် ၄င်းက အထက်ပါအတိုင်း ပြောဆိုလိုက် ခြင်းဖြစ်သည်။ ဘီပိုး ကာကွယ်ဆေးကို ရောဂါရှိသူ၏ သွေးရည်ကြည်ဖြင့် ထုတ်လုပ်မိပါက အသည်းရောင် အသားဝါ ကာကွယ်ဆေးထိုးသူ များအားလုံး သွေးမှတစ်ဆင့် ကူးစက်နိုင်သည့် ရောဂါများ ကူးစက် နိုင်သည့်အတွက် ရပ်ဆိုင်းသင့် ခြင်းဖြစ်ကြောင်းကိုလည်း အဆိုပါ ပညာရှင်က ဆိုသည်။

၎င်းကိုယ်တိုင် အဆိုပါဆေး ကို ထုတ်လုပ်ခဲ့ဖူးကြောင်း၊ ထုတ်လုပ်ရန်အတွက် ကုလသမဂ်္ဂရန်ပုံ ငွေမှ ဒေါ်လာ တစ်သန်းဖြင့် ထုတ်လုပ်ခဲ့ကြောင်း၊ ရရှိလာသည့်သွေးများကို အမေရိကန်သို့ စစ်ဆေးရန် တင်ပို့ခဲ့ကြောင်း၊ စစ်ဆေးခ အဖြစ် ဒေါ်လာ ၂ သိန်း ကုန်ကျကြောင်း၊ ကုန်ကျစရိတ် ကြီးမြင့်သည့်အတွက် မစစ်ဆေးနိုင်ပါက ထိုဆေးကို မထုတ်လုပ်သင့်တော့ကြောင်း ၄င်းက ဆက်ပြောသည်။

“ဘီပိုး ကူးမှာစိုးလို့ ကြိုတင် ကာကွယ်ဆေးထိုးထားတယ်။ ထိုးသာထိုးရတယ် ဘယ်ကထုတ် လုပ်မှန်းမသိဘူး။ နောက်တော့ ဆရာကြီးကို မေးလိုက်တော့မှ လူ့သွေးရည်ကြည်က ထုတ်တဲ့ ဆေးဖြစ်နေမှန်း သိရတယ်” ဟု ဘီပိုး ကာကွယ်ဆေး ထိုးခဲ့သူတစ်ဦးက ပြောသည်။

ကာကွယ်ဆေးမှ ရောဂါပြန် လည်ကူးစက်တတ်သည်ကို ၄င်း အနေဖြင့် ယခင်က မသိရှိကြောင်း၊ ထိုသို့ ကာကွယ်ဆေးမှ အခြား ရောဂါများ ပြန်လည် ကူးစက်နိုင် သည်ဆိုပါက ဆေးအသုံးပြုသည့် ပြည်သူများကို သေချာနား လည်စေရန် အသိပညာပေး ဟောပြောမှုများ ပိုမိုလုပ်သင့်ကြောင်း ၄င်းကဆိုသည်။

“အုပ်ချုပ်သူတွေကတော့ ဘယ်သိမလဲ။ ပညာရှင်တွေက ပြောရမှာ။ သွေးရည်က ထုတ်တဲ့ဆေးက ဘယ်လိုမှ မထုတ်သင့်ဘူး၊ ပညာရှင်တွေက အုပ်ချုပ်သူ တွေကို ရဲရဲဝံ့ဝံ့ ပြောသင့်ပါတယ်” ဟု ပါမောက်္ခ ခင်မောင်ဝင်း (အသည်း) က ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် သွေးရည်ကြည်မှ ထုတ်လုပ်သော အသည်းရောင် အသားဝါကာကွယ် ဆေးနှင့် တဆေးမှတစ်ဆင့် မျိုးရိုး ဗီဇနည်းပညာသုံး၍ ထုတ်လုပ် ထားသည့် အသည်းရောင် အသားဝါ ဘီကာကွယ်ဆေး နှစ်မျိုး ရှိပြီး သွေးရည်ကြည်မှ ထုတ်လုပ်သည့် ကာကွယ်ဆေးကို ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်) က ထုတ်လုပ်လျက်ရှိပြီး တဆေးမှ ထုတ်လုပ်သည့် ကာကွယ်ဆေးကို စက်မှု (၁) ၀န်ကြီးဌာနက ထုတ်လုပ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံတွင် သွေးရည်ကြည်မှ ထုတ်လုပ်သော အသည်းရောင်အသားဝါ ဘီပိုး ကာကွယ်ဆေးကို ၁၉၉၂ ခုနှစ်မှ စတင်ကာ သုံးစွဲခွင့်ကို ပိတ်ပင်ထားကြောင်း သိရသည်။ သွေးရည်ကြည်မှ ထုတ်လုပ်သည့် ကာကွယ်ဆေးနှင့် စပ်လျဉ်း၍ ဆေးသုတေသန ဦးစီးဌာန (အောက် မြန်မာပြည်) ကို ဆက်သွယ်ရာ ပြန်လည်ဖြေကြားခဲ့ခြင်းတော့ မရှိ သေးပေ။

ချမ်းငြိမ်း(မြစ်မခ)

Myanmar Online News - HIV ကူးစက်နိုင်သည့်အတွက် သွေးရည်ကြည်မှ ထုတ်သည့် ဘီပိုး ကာကွယ်ဆေးကို ပိတ်ပင်သင့်ဟုဆို

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top