7
Dec

HIV ကူးစက်နှုန်း ၃ ပုံ ၁ ပုံထိ လျော့ကျလာပြီ

ကမ္ဘာတစ်ဝန်းတွင် HIV ကူးစက်မှုနှုန်းမှာ ၂၀၀၁ ခုနှစ်ကထက် သုံးပုံတစ်ပုံ လျော့ကျသွားကြောင်း အဓိကအားဖြင့် ကလေးငယ်များတွင် ထက်ဝက်ကျော် လျော့ကျသွားကြောင်း ကုလသမဂ္ဂက ပြောကြားသည်။ ကမ္ဘာတစ်ဝန်းတွင် ယမန်နှစ်စာရင်းများအရ AIDS ရောဂါဖြစ်ပွားသူ ၂.၃ သန်းရှိခဲ့ရာ ၂၀၀၁ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၃၃ ရာခိုင်နှုန်း လျော့ကျသွားခြင်းဖြစ်သည်။ ယမန်နှစ်က ကလေးငယ် ၂၆၀,၀၀၀ မှာ AIDS ကူးစက်ခံခဲ့ရပြီး ထိုအရေအတွက်မှာ ၂၀၀၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက သုံးပုံတစ်ပုံ လျော့နည်းသွားခြင်းဖြစ်ပြီး ၂၀၀၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၅၂ ရာခိုင်နှုန်း လျော့ကျသွားခြင်းဖြစ်ကြောင်း သိရသည်။

HIV ပိုး ကူးစက်မှု အရေအတွက်မှာ ဆက်လက် လျော့နည်းသွားပြီး အထူးသဖြင့် ကလေးငယ်များတွင် HIV ပိုး ကူးစက်ခံရမှုမှာ သိသာစွာလျော့နည်းသွားကြောင်း UNAIDS ၏ အမှုဆောင်ဒါရိုက်တာ မိုက်ကယ် ဆစ်ဒီဘီက ပြောကြားသည်။ HIV ပိုး မိခင်မှ သန္ဓေသားသို့ ကူးစက်မှုကို ကာကွယ်နိုင်သည့် ART (Antiretroviral drugs) ဆေးများ ကမ္ဘာတစ်ဝန်း ဖြန့်ဖြူးပေးနိုင်ခဲ့မှုအပေါ် ၎င်းက ဂုဏ်ပြုလိုက်သည်။ ကုလသမဂ္ဂ အနေဖြင့် ကလေးငယ်များ HIV ပိုး ကူးစက်ခံရမှုကို လာမည့် ၂ နှစ်အတွင်း ၉၀ ရာခိုင်နှုန်းအထိ လျှော့ချသွားနိုင်ဖွယ် ရှိကြောင်းလည်း ဆစ်ဒီဘီက ပြောကြားသည်။ ကုလသမဂ္ဂက ထုတ်ပြသည့် အစီရင်ခံစာတွင် မိခင်မှ သန္ဓေသားသို့ HIV ပိုး ကူးစက်မှုကို ကာကွယ်သည့် ART ဆေးများက ကလေးငယ် ၆၇၀,၀၀၀ ကျော်တွင် HIV ကူးစက်ခံရမည်ကို ကာကွယ်နိုင်ခဲ့ကြောင်း ဖော်ပြသည်။

ကုလသမဂ္ဂအစီရင်ခံစာအရ အာဖရိကဒေသများတွင် HIV ပိုး ကူးစက်မှုလျော့ကျစေရန် အထူးအလေးထား ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။ ယမန်နှစ်က ဂါနာနိုင်ငံတွင် HIV ပိုး သယ်ဆောင်ထားသည့် မိခင်လောင်း ၉၀ ရာခိုင်နှုန်းမှာ ART ဆေးများ ရရှိခဲ့သည်။ ထိုသို့ ARTများ ပိုမို ဖြန့်ဖြူးပေးလာနိုင်ခြင်းကြောင့် ဂါနာတွင် HIV ပိုးရှိသူ မိခင်မှ သန္ဓေသားထံ ကူးစက်မှုကို ၂၀၀၉ ခုနှစ်တွင် ၃၁ ရာခိုင်နှုန်းရှိခဲ့ရာမှ ယမန်နှစ်က ၉ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့ကြောင်း UNAIDS က ပြောကြားသည်။ လွန်ခဲ့သည့် ၃ နှစ်ကမူ ထိုသို့သော မိခင်လောင်းများ၏ ၃၂ ရာခိုင်နှုန်းသာ ART ဆေးများရရှိခဲ့ခြင်းဖြစ်သည်။

HIV ပိုး ကူးစက်မှုကို ကာကွယ်နိုင်သည့် ART ဆေးများ ပိုမိုရရှိလာနိုင်မှုကြောင့် AIDS ရောဂါနှင့် ဆက်နွယ်သည့် သေဆုံးမှုများကို ၃၀ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့သည်။ AIDS ကြောင့် သေဆုံးသူ အရေအတွက်မှာ ၂၀၀၅ ခုနှစ်တွင် အမြင့်ဆုံးဖြစ်ခဲ့သည်။ HIV ကူးစက်မှုကို ဟန့်တားနိုင်သည့် ART ဆေးမှာ AIDS ရောဂါကို ကုသနိုင်ခြင်းမရှိသော်လည်း အဆိုပါရောဂါဖြစ်ပွားမှုနှုန်းကို သိသာစွာ ကျဆင်းစေခဲ့သည်။ AIDS ရောဂါကြောင့် ကမ္ဘာတစ်ဝန်း သေဆုံးသူအရေအတွက်မှာ ယမန်နှစ်က ၁.၆ သန်းရှိခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ၁.၈ သန်းဖြစ်သည်။ ၂၀၀၅ ခုနှစ်ကမူ ထိုရောဂါကြောင့် သေဆုံးသူ ၂.၃ သန်းရှိပြီး အများဆုံး အရေအတွက် ဖြစ်ခဲ့သည်။

ကုလသမဂ္ဂ အစီရင်ခံစာအရ HIV ကူးစက်မှု များပြားသော ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနိမ့်ပါးသည့် နိုင်ငံများမှ HIV ပိုး သယ်ဆောင်ထားသူ ၉.၇ သန်းမှာ ယမန်နှစ်အတွင်းက ART ဆေးများ ရရှိခဲ့သည်။ လွန်ခဲ့သည့် ၇ နှစ်ကမူ အဆိုပါနိုင်ငံများမှ HIV ပိုး သယ်ဆောင်ထားသူ ၁.၃ သန်းကိုသာ ART ဆေး ဖြန့်ဖြူးပေးနိုင်ခဲ့သည်။ ကုလသမဂ္ဂသည် ၂၀၁၅ ခုနှစ်တွင် HIV ပိုး သယ်ဆောင်ထားသူ ၁၅ သန်းကို ART ဆေးများ ဖြန့်ဖြူးပေးနိုင်ရန် ရည်ရွယ်ထားသည်။ လက်ရှိစာရင်းဇယားများအရ ART ဆေး လိုအပ်သူ ၂၈.၃ သန်း၏ ၃၄ ရာခိုနှုန်းကို အဆိုပါဆေးများ ပေးဝေနိုင်ပြီဖြစ်ကြောင် သိရသည်။ ကုလသမဂ္ဂသည် HIV, AIDS တိုက်ဖျက်ရေးအတွက် ၂၀၁၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၂ ဘီလျံမှ ၂၄ ဘီလျံအထိ သုံးစွဲသွားရန် ရည်မှန်းထားသည်။

Nwe Myanmar News - HIV ကူးစက်နှုန်း ၃ ပုံ ၁ ပုံထိ လျော့ကျလာပြီ 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top