23
Sep

HIV ကူးစက် ခံနေရပြီလား (၂) (အမေးအဖြေ)

မေး။    ။ ကျွန်မ အသက် (၃၄) နှစ်ထဲမှာပါ။ လွန်ခဲ့တဲ့ (၇/၈) လပိုင်း ၂၀၁၂ မှာ လိမ်ညာချစ်ပြီးတော့ အတူနေ တာခံရဖူးပါတယ်။ ပြီးတော့ တားဆေးလို ဟာမျိုးသောက်ခိုင်းတယ်။ သူက ကျွန်မကို ချစ်ပေမယ့် ကျွန်မကတော့ သူကို မချစ်ခဲ့ပါဘူး။ သူက အခု  လှိုင်သာယာဆေးရုံမှာ တီဘီဆိုပြီး လည်ပင်းမှာ အကျိတ်ကြီးနှင့် ဆေးကုနေပါတယ်။ သူ့အလေးချိန်ကတော့ ပိန်လာတယ်။ မပိန်ခင်က ၀မ်းသွားတာ ရက်တော်တော် ကြာသွားတယ်။ ထမင်း စားလို့ မရဘူး။ လည်းချောင်းမှာ ဆို့နေတယ် ပြောတယ်။ စားပြီးရင် သွားအန်တယ်။ သူတို့ အိမ်ကလည်း တီဘီ လို့ပဲပြောကြတယ်။ တီဘီ ချည်းပဲဆိုရင် ကိစ္စမရှိ ပါဘူး ။ တချို့ ဆေးတွေက မနက် ၅ နာရီမှ ထသောက်ရတယ် ပြောတယ်။ သူက စကားလည်းပြောနိုင်တယ်။ သူအရင်က ဆေးလိပ်လည်းသောက်တယ်။ အရက်တို့ ဘီယာတို့လည်း ရံဖန်ရံခါ သောက်တက်တယ်။ ဒါကြောင့် သူက ရောဂါလက္ခဏာ မြန်မြန် ပြ တာလား။

တီဘီ နှင့် HIV ပိုးက ဆက်စပ် နေသလား ။ အဲဒါ HIV ရောဂါ လက္ခဏာများလား။ အဲဒါ ကျွန်မကိုမှာရော အဲဒီပိုး ရောက်နေပြီလား။ ကျွန်မ ဘာလုပ်ရမလဲ။ စိတ်ထဲမှာ ခံစားချက် ပေါင်းစုံနှင့်ပါ။ အဲဒီ စိတ်ညစ်တဲ့ ဒဏ်နှင့် ကျွန်မ ကိုယ်တောင် အလေးချိန်လျော့နေလို့ ထင်နေပါတယ်။ ကျွန်မ ထမင်းလည်း မစားနိုင်ပါဘူး။ ကျွန်မမှာတော့ အခုထက်ထိ ဘာလက္ခဏာမှ ကျွန်မ မှာတော့ မပြသေးပါဘူး။ သွေးစစ်ရမယ် ဆိုရင် အခုစစ်လိုက်၇င် လက္ခဏာပေါ်လာနိုင်သလား။ နောက်ကျမှ ပေါ်လာနိုင်သလား။ ကျွန်မက ၀န်ထမ်း တစ်ယောက်ပါ ။ ကျွန်မ သွေးသွားစစ်လိုက်လို့ ဘာလက္ခဏာမျှ မပြရင် ကျွန်မဆီမှာ အဲဒီရောဂါ မရှိဘူးပေါ့နော်။ ဟုတ်ပါသလား။ ကျွန်မနှင့် အတူနေပြီးမှ သူအပျော်အပါး လိုက်စားရင်းမှ ဖြစ်တာဆို၇င် ကျွန်မကို မကူးဖူးပေါ့နော်။ တစ်နှစ်ကျော်လည်း ကြာခဲ့ပြီ မို့  ကျွန်မမှာ သူနှင့် အတူနေပြီးမှာ တုတ်ကွေး မိတာတို့ ဘာမှ ဘာခံစားချက်မဖြစ်ခဲ့တဲ့ အတွက် ကျွန်မမှာ ရောဂါ မရှိတာ ထင်ပါတယ်နော်။ စိတ်ထဲလည်း ရှုပ်ထွေးနေတော့ တာပါပဲ ဆရာရယ်။  ကျွန်မက အခုလက်ရှိ အိမ်ထောင်ကျထားတာ သုံးလလာက်ပဲ ရှိပါသေးတယ်။ အခု ကလေးယူဖို့လည်း ကြိုးစားနေ ကြတော့လေ ကျွန်မ ဘာဆက်လုပ်ရမလဲ။

ဖြေ။    ။ အတူနေခဲ့တာ ၂၀၁၂ (၈) လပိုင်းတည်းကဆိုရင် အခု သွေးစစ်လို့ ရပါပြီ။ သွေးစစ်တာကို အန်ဂျီအိုဆေးခန်းတွေ၊ ပြင်ပ ပုဂ္ဂလိက ဆေးခန်းတွေနဲ့ အစိုးရ ဆေးရုံတွေမှာ စစ်နိုင်ပါတယ်။ အရေးကြီးတာက သွေး မစစ်ခင်မှာ နှစ်သိမ့် ဆွေးနွေးမှု လုပ်ဖို့လိုပါတယ်။ အများအားဖြင့် ဒီလိုလုပ်တာမျိုးက အန်ဂျီအိုတွေက ဖွင့်ထားတဲ့ ဆေးခန်းတွေ (ဥပမာ- AZG သဇင်ဆေးခန်း၊ PSI ရဲ့ QC ဆေးခန်း... စတာတွေ) မှာ လုပ်ပေး ပါတယ်။ အသေးစိတ် လိပ်စာတွေကို ကျနော်တို့ website (ရန်ကုန်ရှိ မေးမြန်းဆွေးနွေးနိုင်သော၊ သွေးစစ်နိုင်သော လိပ်စာနှင့် ဖုန်းနံပါတ်များ - http://www.hivinfo4mm.org/%E1%80%9B%E1%80%94%E1%80%B9%E1%80%80%E1%80%AF%E1%80%94%E1%80%B9%E1%80%9B%E1%80%BD%E1%80%AD-%E1%80%B1%E1%80%99%E1%80%B8%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%B8%E1%80%B1%E1%80%86%E1%80%BC%E1%80%B8/) မှာ ရယူပါခင်ဗျာ။

သွေးစစ်လို့ Negative ဆိုရင် စိတ်ချရပါပြီ။ အစ်မပြောပြတဲ့ ချစ်သူက တီဘီရောဂါသည် ဖြစ်တာ သေချာရင် အစ်မမှာလည်း တီဘီရှိ/မရှိ ဆေးစစ်စေချင်ပါတယ်။ မကြာမီ ကလေးယူမှာ ဆိုတော့ တီဘီပိုးပါ တစ်ခါတည်း စစ်သင့်ပါတယ်။

အိမ်ထောင်ကျတာ သုံးလဆိုတာက အရင်လူနဲ့လား၊ တခြား လူတစ်ယောက်နဲ့ ဆိုရင် အခုလောလောဆယ် သွေးစစ်ဖို့ ကိစ္စတွေ အတွက် အိမ်ထောင်ရေးကို ပက်သက်မှုတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် တတ်ကျွမ်းတဲ့ သူနဲ့ နှစ်သိမ့်ဆွေးနွေးမှု ခံယူပြီးမှ HIV သွေးစစ်ပါ။

ဆေးအဖြေရပြီးမှ ကလေးယူဖို့ ကြိုးစားတာ ပိုကောင်းမှာပါ။ ဒီအတောအတွင်းမှာ နီးစပ်ရာ ဆရာဝန်နဲ့ ပြပြီး ကလေးတားဆေး/ထိုးဆေး စတာတွေ သုံးဖို့ တိုက်တွန်းပါတယ်။

စိတ်ရှုပ်ထွေးနေတာတွေ အတွက် ကိုယ်ချင်းစာမိပါတယ်။ ဒီတော့ -
၁) HIV သွေးစစ်နိုင်ဖို့ ကြိုးစားပါ။ နှစ်သိမ့် ဆွေးနွေးမှုကို သေသေချာချာ လုပ်ပါ။
၂) ကလေးမရအောင် တစ်ခုခုနဲ့ တားပါ။ သွေးအဖြေ သိရမှ ကလေးယူပါ။
၃) ကလေးမယူခင် တီဘီ ရှိ/မရှိ စမ်းသပ် စစ်ဆေးပါ။

လမင်းကို

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top