10
Oct

HIV ကူးစက် ခံနေရပြီလား (၃) (အမေးအဖြေ)

မေး။    ။ ကျွန်တော် လွန်ခဲ့တဲ့ August လ 15 ရက်နေ့က ပြည့်တန်ဆာ တစ်ယောက်နဲ့ ပျော်ပါးခဲ့မိပါတယ်။ ကွန်ဒုံးသုံးပေမယ့် ပေါက်သွားခဲ့ပါတယ်။ ဒါနဲ့ နောက်ကွန်ဒုံး တစ်ခုနဲ့ ဆက်ပြီး ပျော်ပါးခဲ့ပါတယ်။ နောက်တစ်ခု ကတော့ မပေါက်ပါဘူး၊ အဲဒီ အချိန်က ဘီယာလည်း သောက်ထားတော့ ဘယ်အချိန်က ပေါက်သွားမှန်းလည်း မသိခဲ့ပါဘူး။ ဒီလိုနဲ့ 20  ရက်နေ့ရောက်တော့ ကျွန်တော့်ရဲ့ ပေါင်က ယားလာပါတယ်။ ပြီးတော့ အနီဖုလေး တစ်စက်၊ နှစ်စက်ကိုလည်း တွေ့ရပါတယ်။ 25 ရက်နေ့ ရောက်တော့ မေးစေ့ အောက်က အကျိတ် တစ်ခုကို ထပ်ပြီးတွေ့ရပါတယ်၊ အခုတော့မရှိတော့ပါဘူး။ ပြီးတော့ အဲဒီရက်ထဲမှာပဲ ကျွန်တော့်ရဲ့ လျှာမှာ နာပြီးတော့ အစက်အပျောက်လေးလို တွေ့ရပါတယ်။ ကျွန်တော်လည်း 15 ရက်နေ့နောက်ပိုင်း ကစလို့ အရက်နဲ့ ဘီယာကို သာအဖော်ပြုနေခဲ့ ပါတယ်။ ကျွန်တော့်ရဲ့ဘ၀ ကဆုံးသွားပြီလို့ပဲ အောက် မေ့လိုက်တော့ တာပါ။

အရင်တုန်းက သူငယ်ချင်းတွေနဲ့မှ သောက်ဖြစ်ပေမယ့် အခုတော့ နေ့တိုင်း သောက်ဖြစ်ပါတယ်၊ ဆေးလိပ်ကိုတော့ ဟိုကတည်းက စွဲလမ်းစွာ သောက်ဖြစ်ပါတယ်။ ကျွန်တော်ခံစားရတဲ့ လက္ခဏာတွေက hiv စွဲကပ်ခံနေ ရပြီလို့ ဖော်ပြနေတာလား။ ကျွန်တော် အရမ်းကြောက်နေလို့ပါ။ နောက်မှ Website တွေကို ကြည့်ဖြစ်တာပါ။ တချို့က  Female ကနေ  Male ကို ကူးစက်တာ ရာခိုင်နှုန်း နည်းပါးတယ်ဆိုတာ တွေ့ဖူးလို့ပါ။ သူတို့ ပြောတာက ကွန်ဒုံး မပါတဲ့ အခြေအနေမှာပါ။ ဒါပေမယ့် ကျွန်တော် အရမ်းကို ကြောက်နေလို့ပါ။ ပြီးတော့ သုံးလနေမှ confirm ဖြစ်မှန်းသိပေမယ့် အခုအချိန်မှကိုပဲ သွေးစစ်ချင်ပါတယ်။ ကျွန်တော်ဖတ်ခဲ့ဖူး တာတွေက တစ်လ ဆိုရင် ဘယ်နှစ်ရာခိုင်နှုန်းဆို တာမျိုးတွေ့ဖူးလို့ပါ။ အဲဒီလိုမျိုး ကျွန်တော်တို့ဆီမှာ စစ်လို့ရသလား။ အကယ်၍ ရနိုင်တယ်ဆိုလျင် မည်သည့်နေရာတွေမှာ စစ်ရပါမလဲ။ ယုံကြည် အားကိုးစွာဖြင့် စောင့်မျှာ်နေပါမည်။

ဖြေ။    ။ မေးထားတဲ့ မေးခွန်းတွေ အတွက် တစ်ပိုင်းချင်း ဖြေပေးပါ့မယ်ခင်ဗျာ။

၁) HIV ပိုး ရှိ/မရှိ သွေးစစ်ခြင်း
HIV ပိုးအတွက် သွေးစစ်မယ်ဆိုရင် အန္တရာယ်ရှိတဲ့ အပြုအမူ (ဥပမာ-အကာကွယ်မပါဘဲ လိင်ဆက်ဆံခြင်း၊ သွေးသွင်းခြင်း၊ ဆေးထိုးအပ်မျှဝေသုံးစွဲခြင်း...) ကို ပြုလုပ်ပြီး အနည်းဆုံး ၃ လနေမှ စစ်ဆေးတာက အဖြေ အတွက် စိတ်ချရပါတယ်။ ၃ လ အကြာစစ်လို့ ပိုးမရှိကြောင်း အဖြေထွက်ရင် နောက် ၆ လမှာ သေချာအောင် ထပ်စစ်နိုင်ရင် ပိုကောင်းပါတယ်။ ပိုစိတ်ချရအောင်ပါ။ သွေးမစစ်ခင် ကြားထဲအချိန်မှာတော့ အထက် ကပြောခဲ့တဲ့ အပြုအမူတွေကို ရှောင်ရပါမယ်။ သွေးစစ်တာကတော့ အစိုးရဆေးရုံး၊ အန်ဂျီအိုဆေးခန်း၊ ပြင်ပ ပုဂ္ဂလိကဆေးခန်းတွေမှာ စစ်နိုင်ပါတယ်။

၂) HIV ပိုး  စတင်ကူးစက်ခါစ လက္ခဏာများ
ပိုးကူးစက်ခံရသူတွေမှာ ဖြစ်တတ်တဲ့ လက္ခဏာတွေကတော့ -
- အပြင်းဖျားဖျားခြင်း
- အဆစ်အမြစ် ကိုက်ခဲခြင်း၊ ကြွက်သားနာကြင်ခြင်း
- လည်ပင်း၊ ဂျိုင်း၊ ပေါင်းရှိ အကြိမ်များ ယောင်ခြင်း.. စတာတွေပါ။ အတော်များများက တုတ်ကွေးဖြစ်သလိုမျိုးနဲ့ တူတဲ့ အတွက် ဒီလို ခံစားရတာကို လုံးဝ သတိမထားမိတတ်ပါဘူး။

အခုမိတ်ဆွေပြောတဲ့ ပေါင်ခြံက အဖုလေးတွေက သာမန် အရေပြားပြဿနာလို့ မြင်ပါတယ်။ လျှာမှာဖြစ်တဲ့ အစက်တွေကလည်း ကူးစက်ခါစမှာ မဖြစ်ပါဘူး။ ရောဂါပိုးကူးစက်ပြီး နှစ်အတော်ကြာမှ ခုခံအားကျလာပြီး အာခံတွင်းမှာ အနာ၊ မက်ခရု၊ အဖုလေးတွေ ပေါက်တာပါ။ ဒီတော့ စိတ်မပျက်ပါနဲ့၊ ၃ လ အကြာမှာ သွေးစစ်ဖို့ကိုသာ ပြင်ဆင်ပါ။

၃) လက်တလော ပြုလုပ်စရာ
မိတ်ဆွေက ဘီယာ၊အရက်၊ဆေးလိပ်တွေ တိုးသောက်နေတယ်ပြောတော့ ဒါတွေက ကျန်းမာရေးကို ပိုထိခိုက်စေပါတယ်။ စိတ်သောကတွေက ဒါတွေသောက်လို့ မပျောက်သွားပါဘူး။ ဒါတွေသောက်ရင် ကျန်းမာရေး ချူခြာလာပြီး ပိုမို စိတ်ထိခိုက်လာနိုင်ပါတယ်။ ဒီတော့ အရက်၊ ဆေးလိပ်တွေကို လျော့ပါ။ ကျန်းမာအောင် နေပြီး သွေးစစ်ဖို့ အတွက် ပြင်ဆင်ပါ။

လမင်းကို

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top