19
Dec

HIV ကူးစက် ခံနေရပြီလား (၄) (အမေးအဖြေ)

မေး။    ။ ကျနော် တခုလောက်မေးချင်လို့ ပါ။ လွန်ခဲ့တဲ့ ၂၀၁၃၊ ၁ လပိုင်းလောက်က လိင်တူ ဆက်ဆံဖူးခဲ့ပါတယ်။ ၁၀ လပိုင်း ၂၀၁၃ မှာတော့ ကျနော် ဆေးစစ်ပါတယ်။ ဘာမှမရှိပါဘူး။ ဒါပေမယ့် ကျနော်နဲ့ ဆက်ဆံဖူးတဲ့ သူကတော့ ပိုးရှိနေပါတယ်။ ကျနော် ဆေးစစ်ပြီးနောက်ပိုင်းမှာ အလုပ်က ညမအိပ်ပဲ လုပ်ရတာဆိုတော့ နောက်တနေ့ မနက် အလုပ်က ပြန်လာပြီး ကျနော် ဖျားခဲ့ပါတယ်။ အဲဒါကလဲ ဒီနေ့ဖျား နောက်နေ့ ပျောက်ပါတယ်။ ဒါပေမယ့် ချောင်းဆိုးတာတော့ သုံးရက် လေးရက်လေး ခံရတယ်။ ပြီးတော့ အခု ၇က်ပိုင်းတွေမှာ ကျနော် ဟိုနား ဒီနား ယားတာလေးတွေရှိပါတယ်။ ကျနော် ပိုးရှိနေမှာ စိုးရိမ်တကြီး ဖြစ်နေပါတယ်။ အခု ဘာဆက် လုပ်သင့်လဲ။

ဖြေ။    ။ မိတ်ဆွေရဲ့ မေးခွန်းကို မဖြေခင်မှာ ကျနော်တို့ဘက်က မေးခွန်း အနည်းငယ် မေးချင်ပါတယ် ခင်ဗျာ။ လိင်ဆက်ဆံဖူးခဲ့တဲ့ လူမှာ ပိုးရှိတာ သေချာပါသလား။ ပထမ အကြိမ်ဆေးစစ်တာ ဘယ်နေရာမှာ စစ်ခဲ့ ပါသလဲ၊ ဥပမာ ပြင်ပဆေးခန်းလား၊ အန်ဂျီအိုဆေးခန်းလား၊ အစိုးရဆေးရုံမှာလား။ ပထမအကြိမ်စစ်ဆေးတဲ့ နည်းကိုရော သိပါသလား။ အခုဖြစ်နေတာတွေက HIV ပိုးရှိတဲ့ လက္ခဏာနဲ့တော့ မတူပါဘူး။ ဒါပေမယ့် စိတ်ချရအောင် ထပ်ပြီး သွေးစစ်စေချင်ပါတယ်။ လိင်တူ ဆက်ဆံမယ်ဆိုလည်း ကွန်ဒုံးကို စနစ်တကျသုံးစေချင်ပါတယ်။

မေး။    ။ သူမှာ ပိုးရှိတာ သေချာပါတယ်။ ၁၀ လပိုင်းတုန်းက ဆေးစစ်ခဲ့တာ ဆေးရုံးက ခြောက်လ တကြိမ် လာစစ်ပေးတာပါ။ ဘာနဲ့ စစ်လဲတော့ မသိပါဘူး။ သူတို့က သွေးဖောက်ပြီး ယူသွားတာပါ။ နောက်တပတ်နေမှ အဖြေသိတာပါ။ အခုကျနော်ဖြစ်နေတဲ့ လက္ခဏာတွေကတော့ မဖျားပါဘူး။ ခေါင်းမူးနေသလို ဖြစ်တာပါ။ လူကလဲ လန်းလန်းဆန်းဆန်းပါ။ ဒါပေမယ့် ထိုင်နေတာတို့ လဲနေတာတို့ဆိုရင် နဲနဲလေး မူးသလို ခံစား ရပါတယ်။ ပြီးတော့ တခါတလေ အဆစ်တွေ နာတာရှိတယ်။ မနက်ခင်း အိပ်ယာထလို့ ဆီးသွားရင်လဲ ဆီးက ပူပြီး ၀ါညစ်ညစ် အရောင်ရှိနေပါတယ်။ ဆီးလဲ ခဏခဏ သွားပါတယ်။ ၁၅ မိနစ်ကို တကြိမ်ခန့် သွားနေပါတယ်။ ဆီးခုံ တ၀ိုက်မှာလဲ တခါတလေ အောင့်တယ်။ လက်သည်းတွေ အရောင်းပြောင်းတာ ဘယ်မျိုးလဲဆိုတာ ကျနော်သိချင်ပါတယ်။ အရောင် ဘယ်လိုပြောင်းလာတယ်ဆိုတာ ရှင်းပြပေးပါစေချင်ပါတယ်။

ဖြေ။    ။ ဟုတ်ကဲ့ အခုပြောပြပုံအရ HIV  လက္ခဏာနဲ့တော့ သိပ်မတူပါဘူး။ ဒါပေမယ့် အခုလို အဆစ်တွေနာတာ၊ ဆီးလမ်းကြောင်း လက္ခဏာတွေက ကာလသားရောဂါနဲ့ တူနေပါတယ်။ အကြံပြုချင်တာကတော့ နီးစပ်ရာ ဆေးခန်း၊ သို့မဟုတ် အန်ဂျီအို ဆေးခန်းတွေမှာ ကာလသားရောဂါပိုးနဲ့ HIV ပိုး ရှိ/မရှိကို စစ်ဆေးစေချင်ပါတယ်။ တတ်နိုင်ရင်တော့ အသည်းရောင် အသားဝါ ဘီပိုးနဲ့ စီပိုးပါ စစ်ဆေးပါ။ လိုအပ်ရင် အထူးကု သမားတော်နဲ့ ဆွေးနွေးတိုင်ပင်ပါ။

မေး။    ။ လွန်ခဲ့သောနှစ်လခန့်က အကာအကွယ်မဲ့ လိင်ဆက်ဆံ မိပါသည်။ နောက် အရေပြားများ ယားယံပြီး အဖုလေးများ ထွက်ပြီးပျောက်သွားပါသည်။ ရက်အတန်ကြာသော် လိင်အင်္ဂါတွင် အနာပေါက်ခြင်း၊ ပေါင်ခြံတွင် အကျိတ်ခိုခြင်း၊ ခေါင်းခဲခြင်း၊ ညဘက် အချိန်အခါမဟုတ် အိပ်ယာနိုးခြင်း တို့ကြောင့် ဆေးခန်းပြသော် ဆေးများသောက်ရပါသည်။ ထို့နောက် ပါးစောင်တွင် အနာဖြစ်နေပြီး လက်ထိပ်ဖျားလေးများ တခါတလေ ထုံခြင်း၊ အဆက်မပြတ် မဟုတ်ဘဲ ချောင်းဆိုးနေခြင်း၊ ရင်ဘတ်တခါတလေ တင်းကျပ်ပြီးအောင့်ခြင်း တို့ဖြစ်၍ ဆေးခန်းပြသော် ဓါတ်မှန်ရိုက်ခြင်း သွေးချို ဆီးချိုစစ်ပါသည်။ထို့နောက် သွေးစစ်ရန်လည်း သွေးဖေါက် ထားလိုက်ပါသည်။ မည်သို့သော ရောဂါဖြစ်နိုင်ပါသနည်း။ HIV လက္ခဏာများ ဖြစ်နိုင်ပါသလား။

သွေးစစ်သောအခါ wbc rbc များမှာ အားလုံးကောင်းသော်လည်း Reactive Protein ဆိုသည်မှာ ဘေးမှာပြထားသော normal ထက် များနေပါသည်။ 9.23 ဖြစ်ပါသည်။ ဆရာဝန်က အဆုတ်ရောဂါဟု ပြောပါသည်။ ပြန်ပြရန်မပြောပါ။ ဆေးများမှာ -
Gelvo500mg(tab)
bronchest(tab)
deslor 5mg
becozinc(csp) တို့ဖြစ်ပါသည်
ကျွန်တော့်အသက်မှာ ၂၂ ဖြစ်ပါသည်။ ပါးစပ်အတွင်း ပါးစောင်တွင် ပြည်တည်နာ အနည်ပေါက်နေပါသည်။ ချောင်းဆိုးသည်မှာ တခါတရံသာဖြစ်ပါသည်။ တခါတလေ အရေပြား ယားပါသည်။ လက်အဖျားလေးများ ထုံကျင်နေတတ် ပါသည်။ ညောင်းညာ ကိုက်ခဲခြင်းများတော့ မဖြစ်ပါ။ လက်ထိပ်ကို သွေးဖေါက်၍ သွေးချို စစ်သော် 85 ပြပါသည်။ ပေါင်ချိန် 103 ကျမသွားပါ။ သွေးပေါင်လည်း မကျပါ။ ဆေးစာအုပ်တွင် wbc 6.1
hg 12.0  crp 9.23 high ဟုရေးထားပါသည်။ ထိုအရာမှာ ဘာအတွက် ဖြစ်ပါသနည်း။ ကောင်းဆိုး ဖြေကြားပေးပါ။ HIV အတွက် အရမ်းစိုးရိမ်နေပါသည်။

ဖြေ။    ။ မိတ်ဆွေစစ်ထားတဲ့ သွေးအဖြေက C-reactive Protein ဆိုတာက ဘာကိုပြသလဲဆိုတာ တိတိကျကျမရှိပါဘူး။ ကိုယ်ထဲမှာ မည်သည့် ကူးစက်မှုတစ်ခု ဖြစ်တိုင်း C-reactive protein တက်ပါတယ်။ ဆိုလိုတာက အာသီးရောင်လည်း တက်မယ်၊ ပါးစပ်မှာ အနာပေါက်လည်း တက်မယ်၊ မျက်စိနာလည်း တက်မယ်။ ဒီအဖြေအတွက် မစိုးရိမ်ပါနဲ့။ HIV ပိုးနဲ့ ဒီစစ်ဆေးမှုက တိုက်ရိုက် မသက်ဆိုင်ပါဘူး။ ဆရာဝန်က အဆုတ်ရောဂါလို့ ပြောတာလည်း ယေဘုယျ ပြောတာပါ။ ဥပမာ အဆုတ်ရောင်တာ/လေပြွန်ရောင်တာလည်း ဖြစ်နိုင်ပါတယ်။ ဆရာဝန် ပေးထားတဲ့ ဆေးတွေကို ကြည့်ပြီး ပြောတာပါ။ လက်ထိပ်ကို သွေးချိုဖောက်စစ်တာ 85 ဆိုတာ ပုံမှန်ပါ။ WBC ဆိုတာ သွေးဖြူဥ အရေအတွက်ကိုပြောတာပါ။ Hb ဆိုတာ သွေးထဲမှာ အောက်ဆီဂျင်ဓာတ်ကို သယ်ဆောင်တဲ့ ဟေမိုဂလိုဘင် ပရိုတင်းကို ပြောတာပါ။ ဒါက သွေးအား (သံဓာတ်) နဲ့ သက်ဆိုင်ပါတယ်။

Crp ဆိုတာက C-reactive Protein ပါ။ ဒါတွေ အကုန်လုံးက လူတစ်ယောက် သွေးစစ်တိုင်း ပုံမှန် စစ်ဆေးတာတွေပါ။ HIV နဲ့ တိုက်ရိုက် မသက်ဆိုင်ပါဘူး ခင်ဗျာ။ တကယ်တမ်း မိတ်ဆွေအတွက် ဆရာဝန် စစ်ဆေးသင့်တာက ကာလသား ရောဂါပိုးနဲ့ HIV ပိုးပါ။ ကာလသားရောဂါပိုးက အခုနေ စစ်လို့ရပေမယ့် HIV ပိုးကတော့ အကာအကွယ်မဲ့ လိင်ဆက်ပြီး ၃ လနေမှ စစ်လို့ရမှာပါ။

လမင်းကို

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top