မေး။ ။ ကျွန်တော့် အသက်က၂၆ နှစ်ပါ။ ကျွန်တော် လွန်ခဲ့တဲ့ ၉ လလောက်က အခကြေးငွေပေးပြီး မိန်းကလေး တစ်ယောက်နဲ့ အိပ်ခဲ့ဖူးပါတယ်။ အဲဒီနောက် ၅ ပတ်လောက်ကြာတော့ ဖျားပါတယ်။ နေက်ပြီး ချိုင်းနဲ့ ဆီးခုံအစပ်မှာ အနီရောင် အဖုလေး ၁ ဖုစီ ထွက်လာပါတယ်။ ခေါင်းလည်း ကိုက်ပြီး အာသီးရောင်လို့ ထမင်းတောင် မနည်း မျိုချရပါတယ်။ နောက် ၂ ရက်လောက်ကြာတော့ ပါးစပ်ထဲမှာ အနာလေးနှစ်ခု လည်း တွေ့ပါတယ်။ ကျွန်တော် အဲဒီအချိန်က ဆေးစာအုပ် ၁ အုပ် အမှတ်မထင် သွားဖတ်မိတော့ HIV လက္ခဏာနဲ့ တော်တော်တူနေပါတယ်။ ကျတော် စိတ်ဓာတ် အရမ်းကျပြီး သေရတော့မယ်လို့ ထင်ထားတာပါ။
ကျွန်တော့် အလုပ်အကိုင်က သင်္ဘောသားပါ။ အဲဒီတုန်းက ကျွန်တော် သင်္ဘောပေါ် ရောက်နေတာပါ။ အဲဒါနဲ့ ပြန်ရောက်ရောက်ချင်း ဆေးသွား စစ်ပါတယ်။ nonreactive လို့ ပြပါတယ်။ မသေချာမှာစိုးလို့ နောက် ၁ ကြိမ် ရန်ကုန်ဆေးရုံကြီးမှာ သွားစစ်ပါတယ်။ ကာလသားရော HIV ရော စစ်တာပါ။ မရှိဖူးလို့ ပြောပါတယ်။ ကျွန်တော်ဆေးစစ်တာ လိင်ဆက်ဆံပြီး ၉ လ အကြာမှာပါ။ အဲဒီ အဖြေက သေချာပါ့မလား။ အခု ကျွန်တော့ လက်ဖမိုးမှာ အနီအဖုလေးတွေ ပေလာပြီး ၁ ပတ်လောက်ကြာတော့ ပျောက်သွားပါတယ်။
ကျွန်တော် လိင်တံထိပ်ပိုင်း အောက်ဖက်မှာ အဖြူရောင် အဖုလေးတွေနဲ့ သေချာကြည့်မှမြင်ရတဲ့ အသားဖုလေး တစ်ခုလည်း အခု လက်ရှိတွေ့ပါတယ်။ အဲဒါတွေ့တာက ၆ လလောက်ကြာပါပြီ။ ပါးစပ်မှာလည်း အခုလက်ရှိ ရေယုံပေါက်နေပါတယ်။ ဆရာ ရန်ကုန်မှာ ဆေးခန်း ဖွင့်ထားရင် လာပြချင်ပါတယ်။ ဆေးခန်း လိပ်စာလေး ပေးပါခင်ဗျာ။ ဒါမှမဟုတ်လည်း ဆရာရဲ့ အသိဆရာဝန် လိပ်စာလေးရှိရင် လမ်းညွှန်ပေးပါခင်ဗျာ။ ကျွန်တော် ဒီလို ကိစ္စမျိုးကို ဘယ်မှာစုံစမ်းပြီး ဘယ်ဆရာဝန်ကို သွားပြရမယ်မှန်း တကယ်မသိလို့ပါ။ ရိုင်းတာပါရင်လည်း ခွင့်လွှတ်ပါခင်ဗျာ။ ကျေးဇူးလည်း အများကြီးတင်ပါတယ်။
ဖြေ။ ။ မိတ်ဆွေရဲ့ မေးခွန်းတွေကို မဖြေခင် ကျနော်တို့ကို ဒါလေးတွေ အရင်ဖြေပေးစေချင်ပါတယ်။
အခကြေးငွေပေးတဲ့ မိန်းကလေးနဲ့ အိပ်တုန်းက ကွန်ဒုံးသုံးခဲ့ပါသလား။ သူနဲ့ အတူတူနေစဉ် ပါးစပ်နဲ့ လိင်ဆက်ဆံပေးခဲ့ပါသလား (Oral Sex)။ သွေးစစ်တာ ပထမဆုံး ဘယ်နေရာမှာ စစ်ခဲ့တာလဲ။
လိင်ဆက်ဆံပြီး ၉ လကြာမှ HIV စစ်တာ စိတ်ချရပါတယ်။ စစ်တဲ့နေရာနဲ့ စစ်တဲ့ ပုံစံကို သိရရင် ပိုကောင်းပါမယ်။ အခု ပါးစပ်မှာ ရေယုံပေါက်နေတာနဲ့ လိင်အင်္ဂါ ရေယုံပေါက်နေတာတွေ အတွက် အရေပြား အထူးကု ဆရာဝန်နဲ့ ပြစေချင်ပါတယ်။ ပါးစပ်ရေယုံကတော့ စိတ်ဖိစီးမှုများရင် (ဥပမာ - အလုပ် အင်တာဗျူးခါနီး၊ သင်္ဘောတက်ခါနီး) ဖြစ်တတ်ပါတယ်။ လိင်အင်္ဂါရေယုံကတော့ ကာလသားရောဂါ တစ်ခုဖြစ်ပါတယ်။ ဒါက
သွေးမှာ စစ်လို့ မပေါ်တတ်ပါဘူး။ ဒီအတွက် အရေပြား ဆရာဝန်က ဆေးညွှန်းပေးပါလိမ့်မယ်။
လိင်တံနားက အဖြူရောင် အဖုလေးတွေကိုလည်း အရေပြား ဆရာဝန်ကို ပြကြည့်ပါ။ လိင်အင်္ဂါ ကြွက်နို့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ဘက်က မမြင်ရတော့ အတိအကျ မပြောနိုင်ပါဘူး ခင်ဗျာ။ ဆရာဝန်နဲ့ ပြသရင် အသည်းရောင် အသားဝါ B ပိုး၊ C ပိုးတွေပါ စစ်စေချင်ပါတယ်။
၂ ကြိမ်တိုင်တိုင် HIV ပိုး စစ်ပြီးသွားပြီဆိုတော့ HIV အတွက် သိပ်မစိုးရိမ်ပါနဲ့။ စိတ်ချချင်ရင်တော့ နောက်တစ်ကြိမ် ထပ်စစ်ကြည့်ပါ။ HIV မဖြစ်နိုင်ဖို့ များပါတယ်။ ကျနော်တို့က အင်တာနက်ကပဲ အမေး/အဖြေ လုပ်ပေးပါတယ် ခင်ဗျာ။ ဆေးခန်း မဖွင့်ထားပါဘူး။ ရန်ကုန်က အန်ဂျီအိုအဖွဲ့တွေရဲ့ ဆေးခန်း လိပ်စာတွေကိုတော့ HIM ရဲ့ အင်တာနက် စာမျက်နှာမှာ ရယူနိုင်ပါတယ် ခင်ဗျာ။ မေးခွန်းတွေ ရှိသေးရင် ဖြေကြားပေးဖို့ အဆင်သင့်ပါ။
နောက်ဆက်တွဲ အမေး။ ။ ဆရာ ပြန်ဖြေပေးတဲ့ အတွက် ကျေးဖူးတင်ပါတယ်။ အဲဒီတုန်းက ကွန်ဒုံးတော့ သုံးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီတုန်းက ကျွန်တော် အရမ်းမူးနေတော့ အဲဒီ အခြေအနေမှာ အမှားအယွင်း တစ်ခုခု ဖြစ်ကောင်းဖြစ်နိင် ပါတယ်။ အရက်မူးတာကို လွှဲချတာ မဟုတ်ပါခင်ဗျာ။ ကျွန်တော့် အမှားပါ။ ကျွန်တော် မသေချာလို့ပါ။ ပထမဆုံး သွေးစစ်တာကတော့ လှည်းတန်းက သုခကမ္ဘာ ဆေးခန်းမှာပါ။ အဲဒီမှာ A,B,C သုံးမျိုး စစ်ခဲ့ပါတယ်။ အခြား ကာလသားရောဂါများ မစစ်ခဲ့ပါ။ ရန်ကုန်ဆေးရုံကြီးမှာ စစ်တော့မှ HIV နဲ့ ကာလသားရောဂါ စစ်တာပါ။ သူတို့ ဘယ်လိုနည်းနဲ့ စစ်မှန်းတော့ ကျွန်တော်လည်း မသိပါခင်ဗျာ။ ကျွန်တော့်ကိုပေးတဲ့ အဖြေစာရွက်မှာက သူတို့ ဘယ်လိုနည်း စနစ်နဲ့ စစ်တယ်ဆိုတာမျိုး ရေးထားတာ မတွေ့ပါ။ နှစ်နေရာစလုံးကတော့ ကျွန်တော့ လက်က သွေးဖောက်ယူသွားကြတာပဲ။ သုခကမ္ဘာ ဆေးခန်းမှာ တုန်းကတော့ ၁ နာရီပဲ စောင့်ရပြီး အဖြေ သိရပါတယ်။
ရန်ကုန် ဆေးရုံကြီးမှာတော့ ၁ ရက် စောင့်ရပြီးမှ အေ ဖြသိရပါတယ်။ ကျွန်တော် ရန်ကုန်ဆေးရုံကြီးက အရေပြား ဌာနမှာ သွားပြကြည့်လိုက်ပါ့မယ်။ ဖြေကြားပေးတဲ့ အတွက် ကျေးဇူး တင်ပါတယ်ခင်ဗျာ။ ဆရာပြောတဲ့ အတိုင်း နောက်တစ်ကြိမ်လည်း ဆေးစစ် ကြည့်ပါ့မယ်။ ၁ ခုလောက် သိချင်လို့ပါခင်ဗျာ။ ရေယုံ ဖြစ်တာ ဗိုင်းရပ်စ်ကြောင့်လို့ ပြောကြပါတယ်။ ကာလသားရောဂါ ဖြစ်စေတဲ့ ဗိုင်းရပ်စ်ကြောင့်ပဲ ဖြစ်ဖြစ်၊ တခြား ဗိုင်းရပ်စ် တစ်ခုခုရှိလို့ပဲ ဖြစ်ဖြစ်၊ ရေယုံပေါက်တာပါလား။ ဒါမှမဟုတ် ရေယုံ ကိုယ်တိုင်က ဗိုင်းရပ်စ် တစ်မျိုးလားဆရာ။ အခုလိုမျိုး တကူးတက ကူညီဖြေကြားပေးတဲ့ အတွက် ကျေးဇူးအထူးတင်ပါသည်ခင်ဗျာ။
ဖြေ။ ။ ဟုတ်ကဲ့၊ မေးခွန်းတွေကို ပြန်ပြောပေးလို့ ကျေးဇူးတင်ပါတယ်။ အရေပြား ဌာနကိုတော့ ပြသင့်ပါတယ်။
ရေယုံဖြစ်ရခြင်း အကြောင်းက ရေယုံ ဗိုင်းရပ်စ်ပိုး Herpes ကြောင့် ဖြစ်ရတာပါ။ ရေယုံမှာ အမျိုးအစားနှစ်မျိုး ရှိပါတယ်။ တစ်မျိုးက ပါးစပ်နဲ့ ကိုယ်ခန္ဓာ အပေါ်ပိုင်းမှာ ပေါက်တဲ့ ရေယုံ Herpes Type1 နဲ့ လိင်အင်္ဂါမှာ ပေါက်တဲ့ ရေယုံ Herpes Type 2 ပါ။
Herpes Type 1 က လူတိုင်းမှာ ပေါက်တတ်ပါတယ်။ အထူးသဖြင့် စိတ်ဖိစီးမှု များတဲ့အခါ (ဥပမာ- စာမေးပွဲ၊ အလုပ်အင်တာဗျူး၊ မိသားစု ပြဿနာ) ပေါက်တတ်ပါတယ်။ လိင်အင်္ဂါရေယုံကတော့ လိင်ဆက်ဆံတာကနေ ကူးတာများပါတယ်။ ယောက်ျားလေးတွေမှာ သူငယ်ချင်းဆီက အတွင်းခံ ဘောင်းဘီမှားဝတ်ရင် သို့မဟုတ် ငှားဝတ်မိရင်လည်း ကူးတတ်ပါတယ်။
ရေယုံက (Type 1, Type 2 နှစ်ခုစလုံး) ဗိုင်းရပ်စ်ပိုး ဖြစ်လို့ သူ့ကို သေအောင် အမြတ်ပြတ်ကုလို့ မရပါဘူး။ အနာပေါက်တုန်း အချိန်မှာ သက်သာအောင်သာ ဆေးလိမ်း၊ ဆေးသောက်လို့ ရပါတယ်။ ပျောက် သွားပြီးရင် ပြန်ထတတ် ပါတယ်။
အခု ကာလသားရောဂါ ဆိုတာ ဘာလဲ ပြောပြပါ့မယ်။ ကာလသားရောဂါဆိုတာ လိင်ဆက်ဆံရာကနေ ကူးတဲ့ ရောဂါတိုင်းကို ခေါ်ပါတယ်။ အဖြစ်များတဲ့ ရောဂါတွေကတော့ ဆီးပူညောင်းကျ (ဂနိုရီးယား)၊ ဆစ်ဖလစ်၊ လိင်အင်္ဂါ ရေယုံ၊ လိင်အင်္ဂါ ကြွက်နို့ ပေါင်အကြိတ် (ဘင်) နဲ့ ရှမ်ကာ (ဖာကြိုးအနာ) စတာတွေ ဖြစ်ပါတယ်။ ဒီတော့ လိင်ဆက်ဆံရာကနေ ကူးတဲ့ ဒီရောဂါတွေကို ခြုံငုံပြီး ကာလသားရောဂါလို့ ခေါ်ပါတယ်။ ဒီရောဂါတွေ ထဲမှာ တစ်ချို့က ဘက်တီးရီးယား ပိုးကြောင့် ဖြစ်တယ်။ ဥပမာ - ဆစ်ဖလစ်၊ ဘက်တီးရီးယားပိုးက ဆေးနဲ့ အမြတ်ပြတ်အောင် ကုလို့ရတယ်။
တစ်ချို့က ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တယ်။ ဥပမာ - ရေယုံ၊ ကြွက်နို့၊ အသည်းရောင် အသားဝါ - ဘီ၊ စီပိုး၊ HIV ပိုး။ ဒါတွေက ဆေးနဲ့ အမြစ်ပြတ်အောင် ကုလို့မရဘူး။ ပြန်ထတတ် ပါတယ်။ ဒီရောဂါတွေကို ကာကွယ်တာ ကတော့ ကွန်ဒုံး ပါပဲ။
ဒီလောက်ဆို ကျေနပ်မယ်ထင်ပါတယ်။
လမင်းကို




