HIV/
AIDS ဝေဒနာ ကူးစက်ခံရသည့် ကလေးများအတွက် လှူဒါန်းရန် “အလင်းပျိုးမယ့်လက်များ” အမည်ရှိ
ကဗျာရွတ်ပွဲကို ရန်ကုန် အင်ယားကန်စောင်းရှိ စိမ်းလန်းစိုပြေ ဥယျာဉ်တွင် ကျင်းပခဲ့ကြောင်း
သိရသည်။
“သူငယ်ချင်း တယောက်က HIV ကူးစက်ခံ ကလေးငယ်တွေကို ခရစ္စမတ်နေ့မှာ လက်ဆောင်
ပေးချင်တယ်လို့ ပြောတာကနေ စပြီး ဒီအစီအစဉ်လေး လုပ်ဖြစ်တာ။ အရင်ကလည်း ကျနော်တို့ ၂ လကို
၁ ကြိမ်လောက် ကဗျာရွတ်ပွဲတွေ လုပ်ဖြစ်ပါတယ်” ဟု ပွဲစီစဉ်သူ ကဗျာဆရာ တဦးက ပြောသည်။
ယင်းကဗျာ
ရွတ်ဆိုပွဲကို ဘလော့ကဗျာ ဆရာများနှင့် ပုံနှိပ်မီဒီယာမှ ကဗျာဆရာများ ပါဝင်သည့် DOI
(Dream Of Inferior Poetry Club) က စီစဉ်ခြင်း ဖြစ်ကာ ဒီဇင်ဘာ ၂၀ ရက်နေ့ နံနက်ပိုင်းတွင်
ကျင်းပခဲ့သည်။
“အနုပညာနဲ့
စာနာမှုလက်ကို ကမ်းလင့်တာပါ။ ပြီးတော့ HIV ကူးစက်ခံ ကလေးငယ်တွေအပေါ် အုပ်မိုးနေတဲ့ ဘဝ
အမှောင်ထု ကြီးကို ကျနော်တို့ ပခုံးနဲ့၊ ကျနော်တို့ တာဝန်ယူလိုစိတ်နဲ့ ကူညီဖယ်ရှား
ပေးချင်တာပါ။ စာနာမှုကို ထုတ်ဖော် ပြောပြရင်းက တခြားသူတွေပါ စာနာနားလည် ခံစားမိဖို့
ယဉ်ကျေးမှုကို နှလုံးသားချင်း တင်ပို့ပေးတာပါ” ဟု အဆိုပါ ကဗျာဆရာက ဆက်ပြောသည်။
ထိုပွဲတွင်
HIV ဝေဒနာ ကူးစက်ခံ ကလေးငယ်များ ရန်ပုံငွေအတွက် အမှတ်တရ တီရှပ်များရောင်းချခြင်း အလှူငွေ
ကောက်ခံ စုဆောင်းခြင်းတို့ လုပ်ဆောင်ခဲ့ကြရာ စုစုပေါင်း အလှူငွေ ကျပ် ၁၃၅၀၀၀ ရရှိသည်ဟု
သိရသည်။
ယင်းကဗျာရွတ်ပွဲသို့
ကဗျာမြတ်နိုးသူ လူငယ်များ၊ ဘလော့ဂါများ၊ လူမှုရေးလုပ်ငန်းများကို စိတ်ဝင်စားသည့် လူငယ်များနှင့်
သတင်းထောက်များ အပါအ၀င် လူ ၁၀၀ နီးပါး တက်ရောက်ခဲ့ကြပြီး တက်ရောက်သူ များထဲတွင် အဆိုတော်၊
တေးရေးဆရာ သားစိုးလည်း ပါဝင်ကြောင်း သိရသည်။
“ကျနော့်ညီ
သူငယ်ချင်းတွေ လုပ်တဲ့ပွဲပါ။ ကိုယ်ကိုယ်တိုင်လည်း စိတ်ဝင်စားတာကြောင့် သွားကြည့်ဖြစ်ပါတယ်။
လူမှုရေးလုပ်ဖို့ သူတို့ဘာသာ စုထားတာနဲ့ တခြားသူတွေလှူတာကို စုပေါင်းလိုက်တာလို့ သိရပါတယ်။
ဒီလိုပွဲလေး လုပ်ပြီး ပေါင်းပြီးလှူတော့ ပိုပြီး အကျယ်တ၀န်းဖြစ်တာပေါ့” ဟု သားစိုးက
ပြောသည်။
DOI
ကဗျာကလပ်ကို ကဗျာဝါသနာ အရင်းခံနှင့် ကဗျာချစ်ခင်မြတ်နိုးကြသူ လူငယ်များက စုစည်း တည်ထောင်
ထားခြင်းဖြစ်ပြီး အိပ်မက်သစ်တို့မာတိကာ၊ မိုးရာသီဆက်တင် (နာဂစ်တနှစ်ပြည့် အထိမ်းအမှတ်)၊
မုတ်သုန်မြို့ရဲ့သတို့သမီး စသည့် ကဗျာရွတ်ပွဲများ အပါအ၀င် ယခုပြုလုပ်သည့် ကဗျာရွတ်ပွဲမှာ
၅ ကြိမ်မြောက် ဖြစ်သည်ဟု ပွဲစီစဉ်သူတဦးက ပြောသည်။
အဆိုပါ
ကဗျာရွတ်ပွဲတွင် “အလင်းပျိုးမယ့်လက်များ” ကဗျာ စုစုပေါင်း ၁၃ ပုဒ်ကိုရွတ်ဆို ခဲ့ကြသည့်အပြင်
ကဗျာချစ်သူများ ပါဝင်သည့် HIV သရုပ်ဖော် Performance ပြကွက် တင်ဆက်ခြင်း၊ ကဗျာစုစည်းရေးစပ်ခြင်းများ
ပြုလုပ်ခဲ့ကြသည်။
ရွတ်ဆိုသည့်
ကဗျာများကို မအိန္ဒြာ၊ မင်းယွန်းသစ်၊ သူရဿဝါ၊ မောင်ဖုန်းမြင့်၊ သွယ်လင်းဆက်၊ မိုးလှိုင်ည၊
Mirror၊ အမည်မဲ့ HOE၊ သိုးထိန်း၊ ကေး တို့ က ပါဝင်ရေးဖွဲ့သည်။
ကဗျာရွတ်ပွဲ
အဖွင့်တွင် “တို့ချစ်တဲ့ကမ္ဘာ၊ တို့ချစ်တဲ့ကလေးတွေ” သီချင်းကို စုပေါင်းသီဆိုကြပြီး
Sleeping Child သီချင်းဖြင့် အဆုံးသတ်ခဲ့ကြောင်း၊
လူငယ် အဆိုတော် လင်းနစ်က ကဗျာရွတ်ဆိုခြင်းများအတွက် နောက်ခံ တေးသီချင်း တီးခတ်ပေးခြင်းဖြင့်
ပါဝင်ကူညီခဲ့ကြောင်း သိရသည်။
ဧရာဝတီ
- HIV ကလေးများ ရန်ပုံငွေ ကဗျာရွတ်ပွဲ အင်းလျားကန်စောင်းတွင် ကျင်းပ




