HIV ရောဂါ ကူးစက်ခံရသူတွေအတွက် လူမှုရေး
လုပ်ငန်းတွေ လုပ်ဆောင်ပေးနေတဲ့ အဖွဲ့အစည်းတွေကို ကျန်းမာရေး ဝန်ကြီးဌာန လက်အောက်မှာရှိတဲ့
ခုခံအားကျ ရောဂါနဲ့ ကာလသား ရောဂါ တိုက်ဖျက်ရေး အဖွဲ့က ဖွဲ့စည်ထားတဲ့ အိတ်ခ်ျအိုင်ဗွီပိုးရှိသူများ
ကွန်ယက်အဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်ရမယ်လို့ သိရပါတယ်။
HIV/AIDS ရောဂါ ကူးစက်ခံရသူတွေအတွက်
ကူညီ ဆောင်ရွက်ပေးနေတဲ့ လူမှုရေး အဖွဲ့အစည်းတွေကို အိတ်ခ်ျအိုင်ဗွီ ပိုးရှိသူများ ကွန်ယက်အဖွဲ့နဲ့
ပူးပေါင်း ဆောင်ရွက်ရမယ်လို့ ကူးစက်ရောဂါ တိုက်ဖျက်ရေး ဒုညွှန်ကြားရေးမှူး ဒေါက်တာ စိုးလွင်ကိုယ်တိုင်
လက်မှတ်ထိုးပြီး ဒီလဆန်းပိုင်းကထုတ်ပြန် ကြေညာ ခဲ့ပါတယ်။
ဒီကြေညာချက်ထဲမှာ လူမှုရေး အဖွဲ့အစည်းတွေဟာ
သီခြားရပ်တည်ဖို့ မလိုအပ်တော့တဲ့ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ကြီးဌာန ခုခံအားကျဆင်းမှုရောဂါနှင့်
ကာလသားရောဂါ တိုက်ဖျက်ရေး အဖွဲ့အောက်မှာရှိတဲ့ အိတ်ခ်ျအိုင်ဗွီ ပိုးရှိသူများ ကွန်ယက်အဖွဲ့ရဲ့
လက်အောက်မှာရှိတဲ့ အိတ်ခ်ျအိုင်ဗွီ ပိုးရှိသူများ ကွန်ယက်ရဲ့ လက်အောက်မှာသာ လှုပ်ရှားကြရမှာ
ဖြစ်ပါတယ်။
သီခြား အဖွဲ့အစည်း နာမည်တပ်ပြီး လှုပ်ရှားချင်တယ်ဆိုရင်
အာဏာပိုင် အဖွဲ့အစည်းတွေ ဖြစ်တဲ့ မယက၊ ခယက၊ တယက နဲ့ ပြည်ထဲရေး ဝန်ကြီးဌာန အဆင့်ဆင့်ဆီက
ခွင့်ပြုချက် ရယူပြီးမှ ဖွဲ့စည်းခွင့် ရှိမယ်လို့ အဲဒီ ကြေညာချက်က ဆိုပါတယ်။
ဒီ ကျန်းမာရေးဌာနက လူမှုရေး အဖွဲ့အစည်းတွေကို
မှတ်ပုံတင်ခိုင်းပြီး အိတ်ခ်ျအိုင်ဗွီ ပိုးရှိသူများ ကွန်ယက်အဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်ရမယ့်
အစီအစဉ်တွေနဲ့ ပတ်သက်ပြီး အိတ်အိုင်ဗွီနှင့် နေထိုင်သူများ လူမှုရေး လုပ်ငန်းတွေကို
လုပ်ကိုင်နေတဲ့ အန်ဂျီအို ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
“အဖွဲ့အစည်း ပုံစံမျိုးနဲ့တင်ခိုင်းတယ်။
တင်တော့လည်း တစ်ကယ်တမ်းကျတော့ သေချာ ပြန်ချပေးတာ မဟုတ်ဘူး။ မှတ်ပုံတင်ဖို့ ပြောပေမဲ့
ပြန်မကျတာတွေ ရှိတယ်”
မြန်မာနိုင်ငံရဲ့ လက်ရှိ အနေအထားမှာ
အေအိုင်ဒီအက်စ်နဲ့ ပတ်သက်တဲ့ ပညာပေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး လုပ်ကိုင်နေရတဲ့ အခြေအနေတွေကိုလည်း
အဲဒီဝန်ထမ်းက ပြောပြပါတယ်။
“လူသိရှင်ကြား လုပ်နေတဲ့ အဖွဲ့တွေ ရှိသလို
လူမသိပဲ ရပ်ကွက်ထဲမှာ လုပ်နေတဲ့ လူတွေလည်းရှိပါတယ်။ နယ်မှာ ကာလသား အသင်းတို့၊ ကာလသမီး
အသင်းတို့ ရှိပါတယ်။ ဝင်ငွေ ရတာမဟုတ်ပဲ ကိုယ့်အသိစိတ်နဲ့ ကိုယ်လုပ်နေတဲ့သူတွေ အိတ်ခ်ျအိုင်ဗွီ
နဲ့ပတ်သက်ပြီး လုပ်ရမယ့် အလုပ်တွေ လူတွေက မြင်လာကြတော့ ကိုယ့်အား ကိုယ်ကိုး အဖွဲ့လေးတွေ
ဖွဲ့ကြတာများတယ်။ အဖွဲ့ထဲမှာလည်း အခွင့်အရေးယူတတ်တဲ့ လူတစ်ချို့ ရှိကောင်းရှိမှာပေါ့။
အဲဒါကြောင့် သတင်းထွက်တာနေမှာပေါ့။”
မြန်မာနိုင်ငံ အစိုးရဘက်က လူမှုရေး အဖွဲ့အစည်းတွေကို
ကျန်းမာရေးဝန်ကြီး ဌာနလက်အောက် လုပ်ကိုင်ကြဖို့ ညွှန်ကြားတာနဲ့ ပတ်သက်ပြီး မြန်မာ အစိုးရဘက်က
ထောက်ပံ့မှုတွေ ရလာဖို့ထက် လုပ်ကိုင်ရတာ အဆင်မပြေမှာတော့ စိုးရိမ်ရတယ်လို့ လူမှုရေး လုပ်ငန်းလုပ်ကိုင်သူ
အချို့က ပြောကြပါတယ်။




