19
Jul

HIV ဆိုင်ရာ လူမှုကွန်ရက် အဖွဲ့များ မှတ်ပုံတင်သည့် မူဝါဒများလျှော့ချရန် ကူညီပေးမည်ဟု ဦးရွှေမန်းဆို

ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ပြည်တွင်းရှိ HIV ဆိုင်ရာ လူမှုကွန်ယက် ခုနစ်ခု၏ ခေါင်းဆောင်များ ဇူလိုင် ၁၇ ရက်တွင် တွေ့ဆုံခဲ့ရာ HIV ကွန်ယက်အဖွဲ့များ မှတ်ပုံတင်သည့် မူဝါဒများလျော့ချရန် ကူညီပေးမည်ဟု ၄င်းက ပြောကြားလိုက်သည်ကို ယင်းပွဲသို့ တက်ရောက်ခဲ့သည့် HIV ကွန်ယက် တစ်ခုဖြစ်သော Phoenix အဖွဲ့မှ ခေါင်းဆောင် ကိုသီဟကြိုင်က မဇ္ဈိမသို့ပြောသည်။

ယင်းတွေ့ဆုံပွဲမှာ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်တွင်ဖြစ်ပြီး တိုင်းနှင့် ပြည်နယ်များတွင် လက်ရှိ ဖွဲ့စည်းထားသည့် HIV အဖွဲ့များ မှတ်ပုံတင်ရန်မှာ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများကြောင့် အခက်အခဲ ရှိနေသည်များကို တင်ပြခဲ့ရာ သူရဦးရွှေမန်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

ကိုသီဟကြိုင်က “ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ကျွန်တော်တို့ HIV ကွန်ယက်အဖွဲ့တွေရဲ့ တင်ပြချက်တွေကို လက်ခံဆွေးနွေးပေးခဲ့ပါတယ်။ ထုတ်ပြန်ထားတဲ့ မူဝါဒတွေ လျော့ချပြင်ဆင်ပေးမယ်လို့ ပြန်လည် ပြောကြားခဲ့ တယ်” ဟု ပြောသည်။

ယင်းအပြင် လွှတ်တော်တွင်း  AIDS/HIV ဆိုင်ရာ စိတ်ဝင်စားသည့် လွှတ်တော် အမတ်များပါဝင်သည့် ပါတီတစ်ရပ် ပေါ်ပေါက်လာစေရန် လည်းဆွေးနွေးပြီး ယင်း ကွန်ယက် ခုနစ်ခုနှင့် လွှတ်တော် အမတ်များသည် ဇူလိုင် ၁၆ ရက်တွင် တွေ့ဆုံခဲ့သည်။

လွှတ်တော်အမတ်များနှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံအတွင်း HIV ကူးစက်ခံထားရသူများအတွက် အလုပ်အကိုင်များ ဖန်တီးပေးရန်ကိုလည်း တောင်းဆိုခဲ့သည်ဟု ကိုသီဟကြိုင်က ဆိုသည်။

၎င်းက “HIV ကူးစက် ခံထားရသူတွေ အလုပ်အကိုင်ရဖို့ ခက်ခဲနေပါတယ်၊ အလုပ်ရှိပြီးသားသူတွေတောင် ရောဂါရှိတယ် ဆိုတာနဲ့ အလုပ်ထုတ် ခံနေရ တယ်၊ မြန်မာနိုင်ငံတွင်း HIV ကူးစက်ခံထားသူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲ တွေကို လွှတ်တော် ကိုယ်စားလှယ်တွေက တစ်ဆင့် လွှတ်တော်တွင်းကို ရောက်အောင် တင်ပြလိုပါတယ်” ဟုလည်း ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင် HIV ဆိုင်ရာ လူမှုအဖွဲ့ပေါင်း ၂၀ဝ ခန့်ရှိပြီး အဖွဲ့များ မှတ်ပုံတင်ရသည့် အခြေအနေနှင့် ပတ်သက်၍လည်း ကိုသီဟကြိုင်က “အချို့နယ်တွေ၊ ရပ်ကွက်တွေမှာ HIV ဖြစ်နေသူ သုံးလေးဦးလောက်နဲ့ ဖွဲ့ထားတဲ့ အဖွဲ့ငယ်လေးတွေက တရားဝင် မှတ်ပုံတင်ဖို့ ငွေကြေးပိုင်းနဲ့ နေပြည်တော်ကိုလာပြီး အဆင့်ဆင့် မှတ်ပုံတင်ဖို့ အခက်အခဲရှိတယ်။ ရပ်ကွက်ရုံးတွေမှာပဲ မှတ်ပုံတင်နိုင်ရင် HIV အဖွဲ့လေးတွေ အတွက် အဆင်ပြေနိုင်ပါတယ်” ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် HIV ကူးစက်ခံထားသည်ကို ရှက်ကြောက်စိတ်ဖြင့် ပုန်းကွယ်နေသူများသည် အချိန်မတိုင်မီ အသက် ဆုံးရှုံးမှုများ ရှိနေရာ မြန်မာနိုင်ငံတွင်းရှိ HIV ဆိုင်ရာ လူမှုကွန်ယက်အဖွဲ့များနှင့် ဆက်သွယ်ကာ အဖွဲ့ဝင်စေ လိုသည်ဟုလည်း ယင်း ကွန်ယက်တစ်ခုဖြစ်သည့် အမျိုးသမီးများ ကွန်ယက် ဥက္ကဋ္ဌ နော်ရဲဝါးက ပြောသည်။

အေးမြင့်စန်း

မဇ္ဈိမ - HIV ဆိုင်ရာ လူမှုကွန်ရက်အဖွဲ့များ မှတ်ပုံတင်သည့် မူဝါဒများလျှော့ချရန် ကူညီပေးမည်ဟု ဦးရွှေမန်း ဆို 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top