12
Mar

HIV နဲ့ဘဝရဲ့အရည်အသွေး

ဘဝရဲ့အရည်အသွေး Quality of life ကိုကျွန်တော်တို့ ဘယ်လိုပုံဖော်ကြသလဲ။အဘက်ဘက်ကကောင်းမွန်အောင် ကြိုးစားနေထိုင်နိုင်ရင်တော့ ဒါဟာ HIV ကိုပြန်လည်တုံ့ပြန်လက်စားချေနိုင်ခြင်းပါပဲ။ ဒါပေမယ့် နေ့ စဉ်ရက်ဆက်ဆိုသလို ဆေးလက်တစ်စုပ်စာ ပုံမှန်သောက်နေရသူတွေနဲ့ တခြားရောဂါကို ခံစားနေရသူတွေအတွက် ဒီလိုနေထိုင်ဖို့ဟာ ခဲယဉ်းပါလိမ့်မယ်။ ဆေးမသောက်ရသေးရင်တောင် တခြားရင်ဆိုင်ဖြေရှင်း စရာတွေ ရှိနေပါသေးတယ်။ ဥပမာ-ရေရှည်မှာ ဝင်ရောက်လာမည့် ရောဂါတွေတွန်းလှန်ဖို့၊ ဝမ်းသာစရာကောင်းတာက AIDS ဟာခုချိန်မှာ ဆီးချို သွေးချိုလို၊ ကင်ဆာတို့လို ရေရှည်ထိန်းချုပ် ကုသနိုင်တဲ့ ရောဂါ တစ်ခု ဖြစ်လာပြီဆိုတာပါပဲ။

စာရေးသူ Chatty CATIE က ကနေဒါမှာရှိတဲ့ HIV ပိုးရှိသူတချို့နဲ့ ဘဝရဲ့အရည်အသွေး အကြောင်းဆွေးနွေးခဲ့ကြတာကို လက်ဆင့်ကမ်းဖော်ပြလိုက်ရပါတယ်။

ကင်မ်ဂျွန်ဆင်၊ ၃၁ နှစ်
ခရိုင်အဆင့် သက်ရွယ်တူ ကွန်ရက်အဖွဲ့ ညှိနှိုင်းရေးမှူး
Voices of Positive Women
HIV စစ်ဆေးသိရှိကာလ၊ ၁၉၉၆
သွေးဖြူဥ(သို့)ကိုယ်ခံအားပမာဏ (CD4 count) - ၂၂ဝ
မူးယစ်ဆေးစွဲသူတစ်ယောက်ဘဝနဲ့ ရုန်းကန်ရင်း အရာရာဆုံးရှူံးခဲ့ရပါတယ်။ နောက်ဆုံး သားလေးမွေးဖွားမယ်လုပ်တော့ HIV ကိုပိုင်ဆိုင်ထားမှန်းသိခဲ့ရတယ်။ ဘဝရဲ့အရည်အသွေး ကိုတိုင်းတာဖို့ဆိုတာ ကျွန်မ အနေနဲ့အလှမ်းဝေးလွန်းလှပါတယ်။ ကျွန်မပြောလေ့ရှိတဲ့ အလိုအပ်ဆုံးအရာက လွတ်မြောက်ဖို့ပါပဲ။ (အဲဒီချိန်က ကျွန်မထောင်ထဲမှာလေ)။ အခန်းထဲမှာက သံတိုင်တွေပဲရှိပြီး လုပ်စရာထွေထွေ ထူးထူးမရှိ လှဘူး။ တွေးနေငေးနေတာနဲ့ပဲ အချိန်ကုန်ခဲ့တယ်။ ကျွန်မထင်ထားတာ ဘဝရဲ့အရည်အသွေးဆိုတာ အကန့်အသတ်နဲ့တည်ရှိနေတယ်ပေါ့။ နောက်မှကျွန်မနားလည်လာတာ ဒါဟာကန့်သတ်မှု မရှိဘူးဆိုတာပါပဲ။ ကျွန်မအပြင်လောက ပြန်ရောက်လာတယ်လေ။

ကျွန်မဘဝနဲ့ရင်းပြီးသိခဲ့တာကိုပြောရမယ်ဆိုရင်တော့ ကိုယ့်ဘဝထဲကို ကိုယ်တိုင်သွတ်သွင်းခဲ့တဲ့ အရာတွေအားလုံး နောက်ဆုံးမှာကိုယ်တိုင်ပြန်လည်ရရှိတယ်။ ဘဝရဲ့အရည်အသွေး ဆိုတာအချိန်ကာလ အကွား အဝေးတစ်ခုအတွင်းမှ မဟုတ်ဘူး။ တစ်ခဏတာလေးတွေနဲ့ပဲ သက်ဆိုင်တယ်။ အဲဒီတစ်ခဏတာအချိန်လေးတွေ ဆက်စပ်လိုက်တဲ့အခါ ကျွန်မဘဝဖြစ်လာတယ်။ အဲဒီထဲကမှ တချို့ကကောင်းတယ်၊ တချို့ကလုံးဝ မကောင်းဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်မကိုယ်တိုင် လွတ်လပ်စွာရွေးချယ်လုပ်ကိုင်ခဲ့တဲ့အတွက် ကျွန်မပဲပိုင်ဆိုင်ရမှာပါ။ တစ်ချိန်မှာ ရှင်နဲ့ကျွန်မ ဆုံခဲ့ရင်တောင် ကျွန်မရဲ့တစ်ခဏတာအတွက် စောဒကတက် ရှင်းပြ စရာတွေ ရှိနေပါမယ်။ သေချာတာကတော့ ကျွန်မရှင်သန်ရပ်တည်မှုကို ဂုဏ်ယူမိတယ်။ ကျေနပ်မိတယ်။ ကျွန်မလက်လှမ်းမမီတာတွေအတွက် ရုန်းကန်ရတဲ့အခါ မြန်မြန်ဆန်ဆန်ပဲ အားအင်ကုန်ခန်း ပင်ပန်းလွယ် ပါတယ်။ ကျွန်မရဲ့နာကျင်မှု၊ ဒေါသပေါက်ကွဲမှုတွေဖြစ်စေတဲ့ အကြောင်းရင်းတစ်ခုခုကို လက်ညှိုးထောက်လိုက်ရင်ပဲ ကျွန်မပေးဆပ်ရတဲ့စိတ်ပင်ပန်းမှု အရင်းအနှီးက ကြီးမားလှပါတယ်။

တချို့အချိန်ကာလတွေနဲ့ ကျွန်မလွဲချော်နိုင်ပါတယ်။ ကျွန်မသားလေး ပထမဦးဆုံး ကျောင်းစတက်ရက်မှာ ကျွန်မရှိနေပါ့မလား။ ကျွန်မရှိချင်မှလည်းရှိမယ်။ မရှိချင်လည်းမရှိနိုင်ဘူး။ HIV နဲ့အတူတကွရှင်သန်နေ ထိုင်ရတာ ယုံကြည်မှုတွေ ရဲရင့်မှုတွေ ဆုံးရှုံးစေပါတယ်။ ကျွန်မလက်တွေလေထဲကိုဆန့်ထုတ်လိုက်ပြီး အော်ဟစ်လိုက်တယ်။ ငါဘယ်လောက်အထိ နေနိုင်ဦးမလဲ။ ငါ့မှာလုပ်စရာတွေအများကြီးကျန်သေးတယ်။ ဒီကနေ့ ဒီနေရာမှာ မိခင်တစ်ယောက်ဘဝနဲ့ အရာခပ်သိမ်းပြည့်စုံဖို့ လျှောက်ခဲ့ရတဲ့ လမ်းကြောင်းက ရှည်လျားလှပါတယ်။ တချို့တလေကိုတော့လည်း လက်လွတ်ဆုံးရှုံးခဲ့ရတာပေါ့။

အစားအသောက်ကိုတော့ အမြဲတမ်း ကောင်းကောင်းမွန်မွန် စားဖြစ်ပါတယ်။ အဟာရဖြည့်စွက်အစာတွေကိုလည်း ကျွန်မစားသုံးခဲ့ပါတယ်။ ဗိုက်တာမင် B12 ထိုးဆေးကိုလည်း ကျွန်မဘာသာ ပြုလုပ်ထားပါတယ်။ အချိန်ရတိုင်းကျွန်မသီချင်းဆိုပါတယ်။ ကစားနည်းမျိုးစုံကစားပြီး အားရပါးရ ရယ်မောပါတယ်။ မကြာခဏဆိုသလို မိမိဘဝကို အပြုံးလေးနဲ့ ရှင်သန်နိုင်အောင်ကြိုးစားပါတယ်။ ကျွန်မ တရားလည်း ထိုင်ဖြစ်ပါတယ်။ ကမ္ဘာပေါ်က ထူးချွန်ထက်မြက်တဲ့ အမျိုးသမီးတွေနဲ့ အလုပ်တွဲလုပ်ခွင့်ဟာလည်း အထူးကျေနပ်ဖွယ်ပါပဲ။ ကျွန်မဘယ်ရောက်နေသလဲ၊ ပြီးတော့ ဘယ်ကိုဦးတည်နေသလဲဆိုတာ အမြဲတမ်း ဆန်းစစ်ပါတယ်။ ဒါမှ မဆိုင်တဲ့နေရာတွေ ရောက်မသွားဘဲ လက်ရှိ အခွင့်အလမ်းတွေကို မဆုံးရှူံးမှာဖြစ်ပါတယ်။

မိုက်ကယ်လင်းဟတ်၊ ၄၄ နှစ်
ရှေးဦးအကျဉ်းထောင်တွင်း ညှိနှိုင်းရေးမှူး (BCPWA)
HIV စစ်ဆေးသိရှိကလ၊ ၁၉၉၁`
သွေးဖြူဥ(သို့)ကိုယ်ခံအားပမာဏ (CD4 count)- ၈ဝ
ဗင်ကူးဘား၊ ဗြိတိသျှကိုလံဘီယာ

ကျွန်တော့်ရဲ့အယူအဆကတော့ရိုးရှင်းပါတယ်။ ဘဝရဲ့အရည်အသွေးဆိုတာ အဆင်မပြေမှုတွေ နည်းနိုင်သမျှနည်းအောင် လျှော့ချရင်း  သာမန်ဘဝကို ဆက်လက်မောင်းနှင်သွားနိုင်တဲ့ အရည်အချင်းပါပဲ။ အဆင်မပြေမှုဆိုတာတွေထဲမှာ ဆေးဝါးကုသမှုတွေရဲ့ရလဒ်တွေပါဝင်ပြီး သူများအကူအညီမပါဘဲ ကိုယ့်ဘာသာကိုယ် တတ်စွမ်းသရွေ့ရပ်တည်နိုင်တဲ့ဘဝဖြစ်ချင်ပါတယ်။ ကျွန်တော့အသက်အရွယ်နဲ့ ကျွန်တော် တတ်နိုင်တဲ့ အလုပ်တွေလုပ်နိုင်ဖို့ လိုအပ်တဲ့ ဆေးဝါးတွေကိုယ်တိုင် ကြပ်မတ်သောက်နိုင်ဖို့ပါပဲ။

ကျွန်တော်ကောင်းကောင်းမွန်မွန်နေထိုင်နေလေ ကျွန်တော့်အချစ်တော်ခွေးလေး Shasta နဲ့ပျော်ပျော်ရွင်ရွင် ဆော့ကစားနိုင်ပြီး သူ့ကိုလည်း ကောင်းကောင်းဂရုစိုက်နိုင်မယ်။ ဒီခွေးမလေးဟာ အမေရိကန်မျိုးကောင်း မျိုးသန့်လေးဖြစ်ပြီး ၅၅ ပေါင်ရှိတယ်။ သွက်လက်ထက်မြက်တဲ့ ခွေးကလေးပါ။

ကျွန်တောစိတင်ဝင်စားတဲ့အရာတွေနဲ့ သူငယ်ချင်းအပေါင်းအသင်းတွေဟာ ကျွန်တော့်ကိုပျော်ရွင်စေပြီး ဆေးသောက်နေရတဲ့ စိတ်ဒုက္ခတွေကို လျော့နည်းစေပါတယ်။ ဝမ်းသွားတဲ့အခါဆိုရင် အားအင်တွေ နုံးချိစေ ပါတယ်။ ကျွန်တော့ဘဝရဲ့ အရည်အသွေးဆိုရာမှာ စိတ်ဓာတ်မကျဆင်းရေးဟာ အဓိကကျတဲ့အရာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်မှာ HIV အပြင် အသည်းရောင် အသားဝါစီပါ ကူးစက်ခံနေရတယ်။ မနှစ်ကပဲ Ribaviron နဲ့ Interferon ကုသမှုတွေကို စခံယူခဲ့တယ်။ ၃ လအကြာမှာ နမိုးနီးယားဝင်ပြီး သေလုမျောပါး ဖြစ်ခဲ့သေးတယ်။ တစ်ချိန်တည်းမှာပဲ HIV ကုထုံးဆေး ငါးမျိုးပေါင်းကိုလည်း အသည်းစီ ကုသ မှုနဲ့ ပေါင်းစပ်သောက်နေရတယ်။ Quality of life ဆိုတာကို ကျွန်တော်ရှာမတွေ့တော့ဘူး။

အကျဉ်းထောင်ထဲမှာ ပြင်ပအခွင့်ရေးတချို့နဲ့တန်းတူရနိုင်ဖို့ ကျွန်တော်အစွမ်းကုန်ကြိုးစားခဲ့တယ်။ အကျဉ်းထောင်ထဲမှာ ဘဝရဲ့စံနှုန်းကို ရှာဖွေဖို့စိန်ခေါ်မှုတွေအများကြီးရှိနေပါတယ်။ ကောင်းမွန်တဲ့ ပြုစုစောင့်ရှောက် မှုကိုလည်း မရနိုင်ပါဘူး။ အဆိုးဆုံးကတော့ ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေကို ရင်ဆိုင်နိုင်ဖို့ ကောင်းမွန်တဲ့ အစာအဟာရ မရရှိမှုပါပဲ။ တချို့ဆေးတွေအဆင်ပြေပြေသောက်နိုင်ဖို့ လိုအပ်တဲ့ဖြည့်စွက်အစာလည်း မရနိုင်ပါဘူး။  ဗိုက်တာမင်နဲ့ တခြားဟာတွေဆိုပိုဝေးရော။ HIV ပေါ့စတစ်ဘဝကို ကျွန်တော်အဆိုးမြင်ချင်မြင်မယ်။ ဒါပေမယ့် ဆေးဝါးတွေသောက်နေတယ်ဆိုတာ ကျွန်တော့်ဘဝကိုမြှင့်တင်ပြီး တောင်းဆိုမှု အရည်အသွေးတွေ တိုးတက်လာဖို့ပဲ။ ကျွန်တော်မျှော်လင့်တာက နောက်လူတွေ  ကျွန်တော်တို့လို အခက်ခဲမရှိစေဖို့ပဲ။ ကျွန်တော့်အလုပ်ကိုလည်း BCPWA မှာပြဌာန်းလိုက်တာလည်း ဒီစိတ်ကူးတွေကြောင့်ပါပဲ။ ဒီတော့အကျဉ်းထောင်ထဲမှာရှိတဲ့ HIV ရှိသူတွေကို ကျွန်တော်ပြောချင်တာကတော့ ဘဝရဲ့အရည်အသွေးဆိုတာ သင်ထင်မြင်လက်ခံထားတဲ့အတိုင်း အဲဒီနောက်ကို အကောင်းမြင်စိတ်နဲ့လိုက်သွားဖို့ပဲ။ ဒါဟာ သင်ကိုယ်တိုင်စိတ်တက်ကြွစွာ လျှော်ကလှမ်းမယ့် လမ်းကြောင်းပဲဖြစ်တယ်။ ခုချိန်မှာ လိုအပ်ချိန်တွေတောင်းဆိုဖို့ စနစ်ကျတဲ့နည်းလမ်းတွေရှိနေပါပြီ။ ပြီးတော့ ပြင်ပလူထုအခြေပြုအဖွဲ့အစည်းတွေ ကလည်း ထောက်ခံပြောဆိုခြင်းတွေလုပ်ပြီး အကူညီတွေ ပေးပါလိမ့်မယ်။

ကျွန်တောတို့လက်ထဲမှာ ဘယ်နှစ်ရက် ကျန်သေးတယ်ဆိုတာထက် နေ့စဉ်နှင့်အမျှ ကိုသိုလ်၊ပညာ၊ဥစ္စာ ဘာတွေကိုထုတ်ယူနိုင်ခဲ့သလဲ။ ဘာတွေကို ရင်းနှီးမြှပ်နှံခဲ့သလဲဆိုတာက ပိုအရေးကြီးပါတယ်။ လက်တင် စကားတစ်ခွန်းရှိတယ်။ တစ်နေ့တာကို မြဲမြံစွာ ဆုပ်ကိုင်ပါ။ ကိုယ်တတ်နိုင်သလောက် တန်ဖိုးကြီးတာတွေ ထုတ်ယူပါ။

မဂ္ဂီမက်ဂင်း၊ ၄၅ နှစ်
အမှုဆောင်ဒါရိုက်တာ၊ Living positive
HIV စစ်ဆေးသိရှိကာလ၊ ၁၉၉၂
သွေးဖြူဥ(သို့)ကိုယ်ခံအားပမာဏ (CD4 count) - ၅၈ဝ
အက်ဒ်မွန်တန်၊ အဲလ်ဗာတာ

ဘဝရဲ့အရည်အသွေး ကျွန်မဘယ်လိုများ အဓိပ္ပါယ်ဖွင့်ရပါ့။ ကျွန်မစိတ်ရော ကိုယ်ရောကျန်းမာနေခဲ့ရင်တော့…။ ဟုတ်ပြီ ဘယ်အရာတွေက ကျွန်မကိုလန်းဆန်းစေသလဲ။ ကျွန်မရဲ့ ခြေ ၁၂ လှမ်း တွေ့ဆုံပွဲများကို တက်ပါတယ်။ ကျွန်မစိတ်ထဲမှာခံစားရတဲ့အတိုင်း အော်ဟစ်တယ်။ နာကျင်မှုတွေအတွက် သည်းထန်စွာငိုကြွေးတယ်။ ပြီးတော့သူတပါးရဲ့ ဟစ်ကြွေးမှုတွေကိုလည်းနားထောင်ပေးတယ်။ မူးယစ်ဆေးနဲ့အရက်သေစာ လုံးဝ မသောက်စားဖို့ ဆုံးဖြတ်ခဲ့တယ်။ ရှောင်ကြဉ်ခဲ့တာဆိုရင် ၁ဝ နှစ်တောင်ရှိသွားပြီ။ ကျွန်မရဲ့စိတ်ခံစားမှုနဲ့ကျန်းမာရေးကို ကောင်းကောင်းဂရိုစိုက်ခဲ့တယ်။ မူးယစ်ဆေးနဲ့ အရက်ရဲ့အနိုင်ယူမှုတွေကို မခံခဲ့ဘူး။

ကျွန်မဘဝရဲ့အရည်အသွေးတောင်ပြောင်မှုမှာ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုကတော့ ကျွန်မဟာ ကိုယ့်ကိုယ်ကို ပြစ်တင်ဝေဖန်ရှူတ်ချမှုတွေ မလုပ်သလို၊ အဲလိုလုပ်သူတွေနဲ့လည်း ဝေးဝေးမှာနေပါတယ်။ ကျွန်မကိုနားလည်လက်ခံသူတွေနဲ့ပဲ ပေါင်းသင်းပါတယ်။ ကျွန်မအနှစ်သက်ဆုံးဆိုရိုးစကားတစ်ခုကတော့ ကျွန်မအပေါ် ရှင်ဘယ်လိုမြင်သလဲဆိုတာ ကျွန်မ အကျိုးစီးပွား တစ်ပြားသားမှ မပါဘူး (သို့) ကျွန်မ အပေါ်သင်ဘယ်လိုမြင်မြင် ဂရုမစိုက်ဘူး

Your opinion of me is none of my business
ကျွန်မရဲ့ကလေးတွေသာမရှိရင် ကျွန်မဒီကနေ့ ဒီနေရာမှာ ရပ်တည်ချင်မှ ရပ်တည်နိုင်မှာပါ။ သူတို့က စတက်ဖနီနဲ့ ဂျက်စီကာ ပါ။ သူတို့လေးတွေက တာဝန်ယူမှုဆိုတာကို သင်ပေးတဲ့အတွက် ကျွန်မကျန်းမာရေးကို ကျွန်မပိုပြီး ဂရုစိုက်ရတော့တာပေါ့။ စတက်ဖနီက ကျွန်မမှာ HIV ရှိတယ်ဆိုတာသိတဲ့အခါ ကျွန်မဒူးကိုလာဖက်ပြီး မေမေ့ကို မသေစေချင်သေးဘူး လို့ပြောပါတယ်။ သမီးရဲ့ မေမေကို မသေစေချင်ပါဘူး လို့ ကျွန်မပြန်ပြောမိတယ်။ ဟုတ်တယ်လေ ကျွန်မကို ကျွန်မ မသေစေချင်တာမဟုတ်ဘူး။ စတက်ဖနီ၊ ဂျက်စီကာတို့ရဲ့အမေကို မသေစေချင်တာလေ။ ကျွန်မကိုယ်တိုင်မှာလည်း အမေရှိနေပါသေးတယ်။ အသက် ကတော့ ၇၇ နှစ်ရှိပါပြီ။ သူမဟာ ယခုထက်ထိကျွန်မအမေပါပဲ။ ဒါကို အမေ လက်ခံလား၊ လက်မခံလားတော့ မသိပါဘူး။

မြင့်မြတ်နိုင်
Ref: The Positive Side(Volume 6, Issue 1)
Chatty CATIE; Living well
၂ဝဝ၇၊ သြဂုတ်၊ ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်း

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top